Tuesday 10 February 2015

KIA၊ TNLA၊ MNDAA တို့ ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့အား ၀င်ရောက်တိုက်ခိုက်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၌ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှစ၍ပူးပေါင်းတပ်ဖွဲ့များမှ လောက်ကိုင် မြို့ ၏ အနောက်မြောက်ဘက်၊ အရှေ့မြောက်ဘက် နှင့် အနောက်တောင်ဘက်တို့အား ၀င်ရောက်တိုက်ခိုက်သောကြောင့် အစိုးရ တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပူးပေါင်းတပ်ဖွဲ့များတွင် ဖုန်ကြားရှင်၏ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)၊ တအောင်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) တို့ပါဝင်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက် ကျော်က ပြောသည်။
“မနေ့က မနက်ပိုင်းလောက်မှာ စဖြစ်တာ။ သူတို့အဖွဲ့က မြို့ကို ၀င်တိုက် တာဖြစ်မယ်။ အစိုးရတပ်ရှိတဲ့နေရာကနေ စဖြစ်တာ။ နေရာတိုင်း မှာဖြစ် နေတာ။ သေနတ်သံတွေ တစ်နေကုန် ကြားနေရတယ်။ မြို့ကလူတွေလည်း အိမ်တွေ ပစ္စည်းတွေ ဒီအတိုင်းထားခဲ့ပြီး နယ်စပ်ထဲကို ခဏရှောင်နေကြ ရ တယ်။ ဒီအဖွဲ့တွေက ဘယ်က ပြန်ပေါ်လာတာလဲမသိဘူး” ဟု လောက်ကိုင်မြို့ခံတစ်ဦးမှ ပြောသည်။
အဆိုပါ ဖုန်ကြားရှင်၏ ကိုးကန့်တပ်များသည် နယ်မြေမရှိသဖြင့် နယ်မြေ ရရှိရန် KIA နှင့် TNLA တပ်များနှင့် ပူးပေါင်းပြီး လောက်ကိုင်ဒေသရှိ အုပ်ချုပ်ရေးအဖွဲ့နှင့် အစိုးရတပ် အခြေစိုက်စခန်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် ရုတ်တရက် နေရာအနှံ့အပြားမှ စတင်ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးမှ ဆိုသည်။
“တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ထွေအုပ် အရာရှိတစ်ဦးနဲ့ ကျောင်းဆရာမ ၂ ဦးကို ဖမ်းသွားတယ်” ဟု လောက်ကိုင် ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။
မကြာသေးခင်ကာလတွင် တရုတ်ကွန်မြူနစ်ပါတီ၏ Global Times သတင်းစာ တွင် ပါရှိသော ဖုန်ကြားရှင်နှင့် အင်တာဗျူးတွင် ဖုန်ကြားရှင် အနေဖြင့် KIA အဖွဲ့နှင့် ပူးပေါင်းကာ ကိုးကန့်နယ်မြေ ကို ပြန်တိုက် မည်ဖြစ် ကြောင်း ပြောကြားထားသည်။
နိုင်ငံတော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆောင်ရွက်နေ ချိန်တွင် ကိုးကန့်တိမ်းရှောင်အဖွဲ့၏ ရည်ရွယ်ချက်ရှိရှိဖြင့် လောက် ကိုင်မြို့ နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များနှင့် တပ်မတော် နေရာများအား ပစ်ခတ်ခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ် ပွားနေမည်ကို စိုးရိမ်ကြောင်း လောက်ကိုင်မြို့ခံ တစ်ဦးမှ ပြောကြား သွားသည်။
ယန်ဝေလျှံ(လောက်ကိုင်)

No comments:

Post a Comment