Tuesday 10 February 2015

အမေရိကန် ဦးဆောင်သော အာရပ်မဟာမိတ်တို့၏ IS နှိမ်နင်းရေး စစ်ဆင်ရေး လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီဟု ဂျွန်ကယ်ရီ ပြော



ယခုအခါ အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် ကမ္ဘာ့နိုင်ငံ အတော်များများ၏ ရန်သူသဖွယ် ဖြစ်နေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အကြမ်းဖက်အုပ်စုကို ထိရောက်စွာ နှိမ်နင်းနိုင်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီ ဂျွန်ကယ်ရီက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
လတ်တလော ရက်ပိုင်းအတွင်း IS အုပ်စုကို လက်စားချေမည်ဟု ကြုံးဝါး ထားသည့် ဂျော်ဒန်နိုင်ငံမှ တိုက်လေယာဉ်များ အပါအဝင် ညွန့်ပေါင်းအဖွဲ့၏ စစ်လေယာဉ်များ အီရတ်နှင့် ဆီးရီးယားရှိ IS ပစ်မှတ်များအား ပြင်းပြင်း ထန်ထန် ဗုံးကြဲတိုက်ခိုက်နေစဉ် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အထက် ပါ အတိုင်း သုံးသပ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အာရပ်ကမ္ဘာက မဟာမိတ်နိုင်ငံတွေရဲ့ ပေါင်းစည်းမှု၊ မဟာမိတ် ဖွဲ့တည်မှုနဲ့ ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်မှုတွေဟာ ယခုဆိုလျှင် အင်အားအတော်ကို တောင့်တင်းလာပါပြီ။ ပြောရမယ်ဆိုရင် IS အုပ်စုတွေက သိမ်းပိုက်ထားတဲ့ နေရာဒေသတွေ အားလုံးရဲ့ ၂၂ ရာခိုင်နှုန်းလောက်ကို ညွန့်ပေါင်းအဖွဲ့တွေက ပြန်လည်သိမ်းပိုက်လိုက်နိုင်ပါပြီ” ဟု ဂျွန်ကယ်ရီက ပြောကြားသည်။
“အီရတ်စစ်တပ်ဟာလည်း လေ့ကျင့်သင်ကြားမှုတွေ ရယူပြီးပြီ ဖြစ်သလို အင်အားလည်း ပြန်လည်တောင့်တင်းလာပြီ ဖြစ်ပါတယ်။ မဟာမိတ်တွေဟာ အဲဒီအကြမ်းဖက်အုပ်စု အင်အားချည့်နဲ့သွားအောင် နှိမ်နင်းတိုက်ခိုက်နိုင်တဲ့ လမ်းကြောင်းပေါ် ရောက်နေပါပြီ” ဟု ဂျွန်ကယ်ရီက ပြောဆိုသည်။
သို့သော် IS အုပ်စုကို အမြစ်ဖြုတ် နှိမ်နင်းရာတွင် ညွန့်ပေါင်းတပ်ဖွဲ့များ အနေနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စိန်ခေါ်မှုများစွာ ကျန်ရှိနေ သေးကြောင်း ဂျွန်ကယ်ရီက သုံးသပ်ပြောဆိုသည်။
အဆိုပါ ညွန့်ပေါင်းအဖွဲ့အတွက် သမ္မတအိုဘားမား၏ အထူးသံတမန် ဖြစ်သူ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်အယ်လန်က အီရတ်တပ်ဖွဲ့များ ဦးဆောင်သော IS နှိမ်နင်းရေး ဧရာမထိုးစစ်ကြီးကို မကြာမီ သတင်း ပတ် များအတွင်း စတင်နိုင်တော့မည် ဖြစ်သည်ဟု ပြောကြားသည်။
အဆိုပါ ညွန့်ပေါင်းတပ်ဖွဲ့သည် ဂျော်ဒန်နိုင်ငံသား လေသူရဲအား ယင်းအကြမ်း ဖက်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် လေကြောင်း ထိုးစစ်များ အစွမ်းကုန် အရှိန်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။
ဂျော်ဒန်သတင်းစာတစ်စောင်၏ ရေးသားဖော်ပြချက်အရ ဂျော်ဒန် တိုက်လေ ယာဉ်များသည် ဆီးရီးယားရှိ IS အုပ်စု ပစ်မှတ်များကို ၅၆ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment