Tuesday 10 February 2015

တရုတ်ကြိုက်လား၊ တရုတ်ဖိုက်(fight)လား


ဖုန်ကြားရှင်ရဲ့ ပြည်တော်ပြန်တိုက်ပွဲက ဦးသိန်းစိန်အစိုးရသည် တရုတ်ကြိုက်လား၊ တရုတ်ဖိုက်(fight)လားဆိုတာ ကွဲပြားလိမ့်မယ်။ကိုးကန့်လို့ ပြောလိုက်လို့ ကိုးကန့်လူမျိုးတွေလို့ ပြောရင် တက်တက်စင်အောင် လွဲပြီ။ 'ဝ' ကမှ လူမျိုးစုအနေဖြင့် ရပ်တည်လာတာရှိသေးတယ်။ ကိုးကန့်မရှိတော့တာ ကြာလှပြီ။ ကိုးကန့်ဒေသမှာ နဂိုရ်ကနဦး ကိုးကန့် ၁ သောင်းခန့် အရှိမှာ တရုတ်တွေဝင်လာပြီး
ကိုးကန့်လုပ်လိုက်တာပဲ။ ဦးခင်ညွန့်နှင့် နားလည်မှုယူအပြီးမှာ မြန်မာပြည်မှာ ဘယ်ရှမ်း နှင့် ဘယ်တရုတ် ပေါင်းပြီး မွေးလာမှန်းမသိတဲ့ ရှမ်းတရုတ်ဆိုတဲ့လူမျိုးတစ်မျိုး ပေါ်လာပြီး အစိုးရအသိအမှတ်ပြု ဘိန်းအခြေပြု မာဖီယားတွေ ပေါ်ပေါက်လာတယ်။ ဆိုရလျှင် ဒီအထဲမှာ ဖုန်ကြားရှင်လည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။
မာဖီးယားဂိုဏ်းတွေ ကြီးထွားလာမှုဟာ ထိုစဉ်က စစ်အစိုးရနှင့်လည်း ပတ်သက်တယ်လို့ အတိတ်က နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခဲ့ဖူးတယ်။ ကမ္ဘာမှာ ဘိန်းကီလိုအများဆုံးမိလိုက်တဲ့ သင်္ဘောသည် မြန်မာပြည်ကလာတာဖြစ်ပြီး နောက်ဆုံး မန္တလေးမြို့က ပြည်မကြီးဖွားတရုတ်သူဌေးတစ်ယောက်၊ ခွန်ဆာရဲ့ မိန်းမငယ်တစ်ယောက်အပါအဝင် လူအတော်များများ အမေရိကန်အစိုးရရဲ့ ကွပ်မျက်ခံခဲ့ဖူးပါတယ်။ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ မြန်မာစစ်အစိုးရက ထိပ်တန်းခေါင်းဆောင်ကြီးတွေ ပါဝင်ပတ်သက်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် လက်ဆုပ်လက်ကိုင်ပြနိုင်တာတော့ မရှိခဲ့ပါဘူး။ အထူးသဖြင့် နယ်မြေခံတွေက ဘိန်းစိုက်ပြီး စစ်အစိုးရအရာရှိများက ဘိန်းချက်စက်ရုံထောင်တယ်ဆိုတဲ့ အရပ်သဘော စွပ်စွဲချက်များတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် သက်သေတော့ မရှိခဲ့ပါဘူး။
သေချာတာတော့ ထိုစဉ်က ဗိုလ်ချုပ်ကြီးဦးခင်ညွန့်မှ ကိုးကန့် ဝါ ရှမ်းတရုတ်တွေနှင့် ငြိမ်းချမ်းရေးလိုလို၊ တရားဝင်ဘိန်းချက်ခွင်ပါမစ်ပေးတာလိုလို လုပ်အပြီးမှာ မြန်မာစကားတစ်လုံးမတတ်ပဲ ဖုန်ကြားရှင်က ကိုးကန့် တိုင်းရင်းသားခေါင်းဆောင်လို့ ဖြစ်လာ၊ မန္တလေးမြို့မှာ နေ့လည်ကြောင်တောင်မှာတောင် ပစ်စတိုထုတ်ပြတဲ့ မြန်မာစကားမတတ်တဲ့ မြန်မာတိုင်းရင်းသား၊ တရုတ်လူမျိုးဆိုတာတွေ ပေါ်လာတယ်။
ဒီကြားထဲ ကိစ္စအထွေထွေရှိခဲ့ပြီး ဖုန်ကြားရှင်တို့ တရုတ်ပြည်ရောက်၊ တရုတ်ရောက် ရွှေတြိဂံ မာဖီးယားအဖြစ် တရုတ်လိုလို၊ မြန်မာလိုလို၊ လာအိုလိုလို အနေအထားနှင့် ရှိနေခဲ့တယ်။
အခု ဖုန်ကြားရှင် ပြန်လာတယ်။ ကိုးကန့်နယ်မှာ တိုက်တယ်။ မေးခွန်းက ဘာအခြေခံအကြောင်းကြောင့် တရုတ်က ထွက်လာပြီး အရင်ကိုယ်နေခဲ့တဲ့နေရာကို တိုက်ရသလဲ။
အခု တရုတ်သမ္မတ စီးကျင်းဖျင်က အလုပ်လုပ်ရာမှာ ပြတ်သားတယ်။ တရုတ်လာဘ်စားမှုနှိမ်နင်းရေးစီမံကိန်းကို တိတိကျကျ အကောင်အထည်ဖော်နေတယ်။ တစ်ဆက်စပ်ထဲ ဆက်နွှယ်နေတဲ့ တရုတ်မာဖီးယားဂိုဏ်းတွေကိုလည်း မောင်းထုတ်နေတယ်။
ဒီနေရာမှာ ဖုန်ကြားရှင်တို့ပါ ပါတ်သက်လာတယ်။ သူတို့လည်း တရုတ်ရဲကိုကြောက်လို့ ပြေးရတော့မယ်။ လာအို နှင့် မြန်မာ ဘယ်ကိုပြေးမလဲ။ မြန်မာကို ရွေးတယ်လို့ပဲ နားလည်လိုက်တယ်။ ကိုယ်ကျက်စားခဲ့ဖူးတဲ့ နေရာမို့လို့။ နောက်တစ်ခုက ဖုန်ကြားရှင်က ခုလက်ရှိအစိုးရကိုလည်း ဦးခင်ညွန့်တုန်းကလို မျှော်လင့်တယ်။ သူတို့က ပထမ အကြမ်းပတမ်း ဝင်အကြမ်းဖက်မယ်။ မြန်မာစစ်တပ်ဝင်လာမယ်။ နောက်ဆုံး "လက်နက် နှင့် ငြိမ်းချမ်းရေးလဲလှယ်ရေး" ကို လုပ်ဆောင်ခဲ့သည်လို့ ဖြစ်လာ (သို့မဟုတ်) တိုင်းရင်းသားသူပုန်အဖြစ် သတ်မှတ်ခံရပြီး ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာ လို့ တွေ ဖြစ်လာမယ်။
ဒါတွေက ဦးသိန်းစိန်အစိုးရရဲ့ ပြတ်သားမှုအပေါ် မူတည်တယ်။
အခုဖြစ်နေတဲ့တိုက်ပွဲကိုလည်း ကိုယ်အချင်းချင်းချတဲ့ပွဲ ဝါ တစ်ဖွဲ့တည်းသားတည်းတွေ ချကြတဲ့ ပွဲ infighting လို့ သမုတ်ကြတာတွေ ရှိတယ်။ အချိန်တန်ရင် ဖုန်ကြားရှင်က နယ်ခြားစောင့်တပ်ဖြစ်လာမှာပဲလို့ ကြိုတင်မှန်းဆကြတာတွေ ရှိတယ်။ ဖြစ်နိုင်လောက်တဲ့ အနေအထားတွေလည်း ရှိတယ်။ မန္တလေးမှာ ဝိုင်းဈေးစ,လှုပ်နေပြီ။ ကိုးကန့် အမည်ခံ ဆီနိုမာဖီးယားတွေက နည်းနည်းနောနော ပိုက်ဆံရှိတာ မဟုတ်ဘူး။
သူတို့အဖို့ ငွေက အကြောင်းမဟုတ်ဘူး။ နေရာတစ်နေရာ ရပ်တည်ခွင့်ရဖို့က အဓိက။ဖုန်ကြားရှင်သာ အရင်လို ကိုးကန့်တိုင်းရင်းသားခေါင်ဆောင်လို့ ပြန်ဖြစ်သွားလို့ကတော့ မန္တလေးမှာ မြေဈေးတွေ မိုးထောင်ထိအောင် ပေးဝယ်ပြီး အခြေစိုက်ကြတော့မယ်။ တရုတ်ဘဏ်တွေက ငွေတွေမြန်မာဘဏ်တွေထဲရောက်ပြီး ငွေကြေးခဝါချကြတော့မယ်။
ဒါတွေက ဖြစ်လာနိုင်တဲ့ လမ်းကြောင်းကို ပြောပြတာပါ။ ဖြစ်နေတယ်လို့တော့ မဟုတ်သေးပါဘူး။ ဒါက ဦးသိန်းစိန်အစိုးရရဲ့ မှန်ကန်ပြတ်သားတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ လုံးဝမူတည်နေပါတယ်။
ဦးသိန်းစိန်အစိုးရအနေနှင့်
ကိုးကန့်အမည်ခံ တရုတ်မာဖီးယား ဖုန်ကြားရှင်ရဲ့ အကြိုက် ဝါ တရုတ်ကြိုက်အစိုးရအဖြစ် ရပ်တည်မလား?
OR
တရုတ်မာဖီးယားဂိုဏ်းကို အပြီးအပိုင်ချေမှုန်းလိုက်တဲ့ တရုတ်ကို ဖိုက်(fight)တဲ့အစိုးရ ဝါ တရုတ်ဖိုက်အစိုးရအဖြစ် ရပ်တည်မလား?
‪‎Phoe‬ Nyan

No comments:

Post a Comment