Tuesday 10 February 2015

ကြောက်စိတ်ကိုအခြေခံသောအမုန်း သမိုင်းနိဂုံးချုပ်ရန်အချိန်တန်ပြီ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်များ နိုင်ငံရေး အကြမ်းဖက်ခံရသဖြင့်ကျဆုံးသွားခဲ့ရချိန်လတ်တလော၌သာ မြန်မာနိုင်ငံရေးအဖွဲ့အစည်း များ ကိုယ်ရှိန်သတ်ပြီး အခိုက်အတန့် ပြေပြစ်ညီညွတ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ နယ်ချဲ့တို့ကလည်း မူလညှိနှိုင်းစီစဉ်ထားသည့်အတိုင်း လွတ်လပ်ရေးပေးခဲ့သည်။ သို့ရာတွင် နယ်ချဲ့တို့ရိုက်သွင်းလိုက်သော ဆူးတစ်ချောင်းမှာ အဖွဲ့အစည်းအသီးသီးသို့ ဝင်သွားခဲ့ပြီဖြစ်သည်။ ယင်းဆူးမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ လုံးဝဥဿုံ ယုံကြည်စိတ်ချခြင်း ကင်းမဲ့သွားခြင်းပင်ဖြစ်သည်။
တစ်ယောက်ပေါ်တစ်ယောက် သစ္စာဖောက်ပြီး နောက်ကျောကိုဓားနှင့်ထိုးနိုင်သည့်လာမည့်ဘေးကိုတွေးပြီး အကြောက် တရားကိုအခြေခံသော အမုန်းတရားများပွားများလာတော့သည်။နိုင်ငံရေးအကြမ်းဖက်ခံရမှုကိုအကြောင်းပြုပြီး ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို ရှေးရှုကြိုးပမ်းခဲ့သော အားထုတ်လုပ်ဆောင်မှုများတွေ့ရသော်လည်း တစ်ပြည်လုံးအတိုင်း အတာနှင့် ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်မှုမရရှိခဲ့ပေ။ နိုင်ငံရေးအကြမ်းဖက်ခံရမှုကို အကြောင်းပြပြီး နိုင်ငံရေးလက်ဦးမှုရအောင် လုပ်လိုစိတ်သာ အဆိပ်တက်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးကြေညာသည့်အခမ်းအနားသို့ ဗမာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်းကိုယ်တိုင်တက်ရောက်ပြီး သဘောတူညီ သည့်လက္ခဏာပြခဲ့သည်။ သို့ရာတွင်နိုင်ငံရေးအာဏာသည် ဦးနု(မြန်မာကွန်မြူနစ်များ ကျဆုံးပါစေဟု ဖဆပလအဖွဲ့ချုပ်မှ ကွန်မြူနစ်တို့ကို ထုတ်ပယ်ခဲ့စဉ် ကြွေးကြော်ခဲ့)နှင့် ဆိုရှယ်လစ်များ၏လက်ဝယ်သို့ရောက်ရှိနေပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကိုပင် ဗိုလ်မထားလိုသောသခင်စိုး၊ သခင်သန်းထွန်းစသည့်လက်ဝဲခေါင်းဆောင်များက ဦးနုနှင့် ဆိုရှယ်လစ်များကို ၄င်းတို့နှင့်တစ်တန်းတည်းထား မစဉ်းစားခဲ့ကြောင်း လုပ်ရပ်နှင့် ပြောကြားချက်များက သက်သေပြနေသည်ကိုတွေ့ရသည်။ အိန္ဒိယကွန်မြူနစ်ပါတီက ချမှတ်သည့်အစွန်းရောက်မူဝါဒကို ပြည်တွင်းသို့သွတ်သွင်းပြီး ပေါ်လစီအကိုးအကားပြကာ မြန်မာ့လွတ်လပ်ရေးကို အတုအယောင်လွတ်လပ်ရေးဟုစွပ်စွဲပြီးကျောခိုင်းခဲ့သည်။နယ်ချဲ့သမားနှင့်ပြန်လမ်းမရှိ ပူးပေါင်းသွားသော ဖဆပလကို နယ်ချဲ့သမားအား တိုက်သကဲ့သို့ဆန့်ကျင်တိုက်ခိုက်ရမည်ဟု မြန်မာကွန်မြူနစ်တို့က ဂျာနယ်ဆောင်းပါးများ ရေးသား လှုံ့ဆော်ခဲ့သည်။ လူအုပ်စုဖွဲ့ဆန့်ကျင်လှုပ်ရှားမှုများ ဆက်တိုက်လှုပ်ရှားခဲ့သည်။
ပျဉ်းမနား လယ်သမားညီလာခံခေါ်ယူပြီး အစိုးရနှင့်လူထုကို လှည့်တိုက်ပေးခဲ့သည်။ နိုင်ငံရေးအကြမ်းဖက်မှု အမြစ်မတွယ်အောင် ဆန့်ကျင်ရှုတ်ချဖယ်ရှားပစ်ရမည့်အစား နိုင်ငံရေးအကြမ်းဖက်မှုကို လိုလားအားပေးသည့်စကားများ ပြောထွက်လာသည်အထိ မာနတံခွန်ထူရန်မူခဲ့ကြသည်။ ဟောပြောပွဲတစ်ခုတွင် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းက ''အေးအေးနေချင်တဲ့ သခင်နုကို ကြံတောပို့ရမယ်။ ဖဆပလ ထဲမှာတွင်ကျယ်နေတဲ့ ဆိုရှယ်လစ်တွေရဲ့အရိုးနဲ့ ဗားကရာချောက်ကိုဖို့ပစ်ရမယ်'' ဆိုသည်အထိ ပါးစပ်သေနတ်ပစ်ခတ်ပြီး ကြောက်ကန်ကန်ခဲ့သည်။ထိုကာလမှာပင် အင်္ဂလန်မှ ဘုရင်ခံဟောင်းဒေါ်မန်စမစ်ဦးဆောင်သည့် မြန်မာပြည် နယ်ခြားဒေသတောင်ပေါ်သားများအားကူညီရေးအသင်း ဖွဲ့ပြီးတိုင်းရင်းသားဒေသများ၌ သာသနာပြု လှုပ်ရှားမှုများ ဝင်ရောက်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ထိုအဖွဲ့များသည် နောက်ကွယ်၌ တချို့သောတိုင်းရင်းသားများအား လက်နက်များထုတ်ပေးပြီး အိမ်ကြက် ချင်း အိုးမဲသုတ်ခွပ်ခိုင်းရန် ကြံစည်နေသည်ဟူသောသတင်းများ ပြန့်ကားလာခဲ့သည်။ ဖဆပလအစိုးရသည် ရန်သူပတ်လည်အဝိုင်းခံရသည့်အနေအထားသို့ ရောက်ရှိခဲ့ကြောင်း တွေ့ရသည်။ ဤသို့ဖြင့် အချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန်ကြိုးပမ်း၍ မရတော့သည့်အဆုံးတွင် လက်ဦးသူက ချေမှုန်းအနိုင်ယူရေးလမ်းစဉ်ဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်ကြတော့သည်။ မဖမ်းလျှင်မရ၊ တောခိုသူပုန်ထတော့မည်ဟု အကြောင်းပြပြီး ကွန်မြူနစ်များကို အစိုးရက လိုက်လံဖမ်းဆီးခဲ့သည်။ ကွန်မြူနစ်တို့ကလည်း ဖဆပလအစိုးရကို လက်နက်စွဲကိုင် ဆန့်ကျင်တိုက်ခိုက်ခြင်းဖြင့် ပြည်တွင်းစစ်ခင်းခဲ့ သည်။ ယနေ့ခေတ်ပြောင်းခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်၌ သမိုင်းနိဂုံးချုပ်ပြီဟူသောအယူအဆ ခေတ်စား လာသည်။ နယ်ချဲ့လက်သစ်လက်ဟောင်းတို့သည်လည်း ကမ္ဘာကြီးနှင့်အတူ လိုက်ပါပြောင်းလဲခဲ့ပြီဟု မျှော်လင့်တွက်ဆ၍ရနိုင်ခြေရှိသည်။ မြန်မာနိုင်ငံအပေါ် စိတ်ကောင်းစေတနာကောင်းများဖြင့် ပြေရာပြေကြောင်း ကြွေးဟောင်းများပြန်ဆပ်နေ သည်ဟုရှုမြင်ယူဆဖွယ်ဖြစ်သည်။ ဤအချိန် ဤကာလတွင် မိမိတို့အားလုံး နိုင်ငံရေး အကြမ်းဖက်မှုမှိုင်းအရိုက်ခံရသော ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခသမိုင်းနိဂုံးကို အဆုံးသတ်ရန် အချိန်တန်ပြီဖြစ်သည်။ မသိ၍ဖြစ်စေ၊ သိသိကြီးနှင့်ဖြစ်စေ မိမိတို့၌ စွဲကပ်နေသော နောက်ကျောမလုံ ကျောချမ်းနေသည့်ကြောက်စိတ်နှင့် အမုန်းတရားကို ဖယ်ရှားသင့်ပြီဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
uniondaily.net

No comments:

Post a Comment