Thursday 24 July 2014

လားရှိုးယာဉ်ထိန်း ရဲတပ်ဖွဲ့ က ကားခိုးအဖွဲ့ ကို နာရီ အနည်းငယ်အတွင်း ဖမ်းဆီးရမိ

မန္တလေးမြို့ ၌ ကားခိုးမှု ကျူးလွန်ပြီး လားရှိုးမြို့ သို့  တိမ်းရှောင်ရောက်ရှိ နေသူ တစ်ဦးကို လားရှိုး ယာဉ်ထိန်း ရဲတပ်ဖွဲ့ က ဇူလိုင်လ (၂၂) ရက်နေ့ က နာရီ အနည်းငယ်အတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁) ရက်နေ့ ၊ မွန်းလွဲပိုင်း (၁)နာရီခန့် တွင် မန္တလေးမြို့ တွင် နေထိုင်သူ ဦးမျိုးမြင့်သည် ၃၁ လမ်း၊ ၇၂၊၇၃ ကြားတွင် ၄င်း၏ Surf အမျိုးအစား နက်ပြာရောင်ကားအား တံခါးမှန်များပိတ်ကာ ကားကိုလော့ချပြီး မင်္ဂလာဈေး အတွင်းသို့  သွားရောက်ခဲ့သည်။ ညနေ (၅)နာရီခန့် တွင် ကားရပ်ထားရာသို့ ပြန်လာခဲ့ရာ မိမိရပ်တန့် ထားခဲ့သည့် ကားကို မတွေ့ ရတော့သောကြောင့် မန္တလေးမြို့ ပေါ်အနှံ့ ရှာဖွေခဲ့သော်လည်း မတွေ့ ရှိသဖြင့် အမှတ် (၃) နယ်မြေ ရဲစခန်း၊ ချမ်းအေးသာစံမြို့ နယ်သို့  ကားပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၃၂၅/၁၃ ပြစ်မှုပုဒ်မ-၃၇၉(ကား)ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးသွားသော Surf နက်ပြာရောင်အား ခိုးယူသွားသည်ဟုသံသယရှိသူ တရားခံပြည့်ဖြိုးလင်း (ခ) အားလုံ၊ ၂၁ နှစ်သည် ကချင်နှင့်တရုတ်စပ်ဖြစ်ပြီး ၂၉-၃၀ ကြား၊ ၆၆ လမ်း၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့  နယ်၊ မန္တလေးမြို့ တွင် နေထိုင်သူဖြစ်ပြီး Mark-X အမျိုးအစား အနက်ရောင် ကားတစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင် နေကြောင်း အမှတ် (၃) နယ်မြေရဲစခန်းမှ စုံစမ်းဖော် ထုတ်နိုင်ခဲ့ပြီး တရားခံဖမ်းဆီးရမိနိုင်ရေးအတွက် ဇူလိုင်လ (၅) ရက်နေ့  က မန္တလေးမြို့ ပေါ်ရှိ ရဲစခန်းများ၊ ၁၆ မိုင်ယာဉ် စစ်ဆေးရေးဂိတ်၊ မြစ်ငယ်ယာဉ်စစ်ဆေးရေးဂိတ်တို့ ထံ ပြည့်ဖြိုး လင်းအား ကူညီစုံစမ်းဖမ်းဆီးပေးရန် တရားခံ ပြေး၏ မှတ်တမ်းဓါတ်ပုံနှင့်အတူ အသိပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂၂) ရက်နေ့ က ပြည့်ဖြိုးလင်းကိုယ်တိုင်တင်ခဲ့သော Facebook ဓါတ်ပုံအရ တရားခံမှာ လားရှိုးမြို့ သို့  ရောက်ရှိနေသည်ကို သိရှိခဲ့ရာ အမှတ် (၃) နယ်မြေရဲစခန်းက လားရှိုးမြို့ ၊ အမှတ် (၆၅) ယာဉ်ထိန်း ရဲတပ်ဖွဲ့ စုမှူးရုံး သို့  ယင်းနေ့ လည် ၂ နာရီခန့် တွင် အကြောင်းကြားအကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

လားရှိုးယာဉ်ထိန်းမှ ရဲအုပ်စောဝင်းနှင့်အဖွဲ့ က တာဝန်သိပြည်သူများနှင့် ပေါင်းစပ်စုံစမ်းရှာဖွေခဲ့ရာ တရားခံပြေး ပြည့်ဖြိုးလင်း(ခ)အားလုံသည် လားရှိုးမြို့ ၊ ရပ်ကွက် (၇) ရန်ကင်းလမ်းဆုံ၊ ဂလက်ဆီဟိုတယ်၊ အခန်းအမှတ် (၁၁၀) တွင် တည်းခိုနေကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ရာ အချိန်နှင့်တပြေးညီ သွားရောက် ရှာဖွေ စစ်ဆေးမေးမြန်း ကာ ယာဉ်ထိန်းရုံးသို့  ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်အရ ပြည့်ဖြိုးလင်း (ခ) အားလုံသည် ဇူလိုင်လ (၁) ရက်နေ့ က မန္တလေးမြို့ ၊ မင်္ဂလာဈေး အနီး တွင် Surf နက်ပြာရောင်ယာဉ်အား ခိုးယူခဲ့ပြီး မန္တလေးရှိ သူငယ်ချင်းဖြစ်သူ ‘၂ပေ’ နှင့် တောင်ကြီးသို့  ရန်ကုန်-မန္တ လေး အဝေးပြေးလမ်းဟောင်းအတိုင်း ထွက်ခွာသွားပြီး တောင်ကြီးမြို့ မရောက်မှီ ၀ါးပြာလမ်းဆုံတွင် သူငယ်ချင်း ဖြစ်သူ ‘ဇောက်ထိုး’ဆိုသူမှ လာရောက်ခေါ်ဆောင်သွားပြီး ၄င်းအိမ်တွင်တည်းခိုနေစဉ် ‘ဇောက်ထိုး’ ဆိုသူမှ Mark-X အနက်ရောင်ဖြင့် အလိုက် (၁၅)သိန်းရ၍ ယာဉ်ချင်းလဲယူခဲ့ပြီး မန္တလေးသို့  ယင်း Mark X ကားဖြင့် ပြန်ခဲ့ကြသည်။

သို့ သော် ထိုစဉ်က မန္တလေးမြို့ တည်ငြိမ်ရေးအတွက် ပုဒ်မ ၁၄၄ ထုတန်ပြန်ထားပြီး ပြည့်ဖြိုးလင်းသည် အချိန် လင့်သွားသဖြင့် မန္တလေးမြို့ တွင်းသို့  မ၀င်နိုင်ဘဲ မြစ်ငယ်တံတားထိပ်တွင် ညအိပ်ခဲ့သည်။ နောက်နေ့ မနက်တွင် မန္တလေးမှတစ်ဆင့် ပြင်ဦးလွင်သို့ ထွက်ခွာခဲ့ပြီး ပြင်ဦးလွင်တွင်နေထိုင်ခဲ့ကာ ဇူလိုင်လ (၂၁) ရက်နေ့ ၊ ညအချိန်တွင် လားရှိုးမြို့ သို့ ရောက်ရှိကာ ဖော်ပြပါ ဂလက်ဆီဟိုတယ်တွင် တည်းခိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအခြေအနေတွင် ပြည့်ဖြိုးလင်းက ၄င်းမောင်းနှင်လာသော Mark X ကားဓါတ်ပုံကို Facebook ပေါ်တွင် တင် ခဲ့ရာမှ မန္တလေးမြို့ ၊ အမှတ် (၃) နယ်မြေရဲစခန်းက ခြေရာခံမိသွားပြီး လားရှိုးမြို့ ၊ အမှတ် ၆၅၊ ယာဉ်ထိန်းရဲတပ်ဖွဲ့  စုမှူးရုံးထံ ဇူလိုင်လ (၂၂) ရက်နေ့ ၊ မွန်းလွဲပိုင်း ၂ နာရီခန့် တွင် ဆက်သွယ်အကူညီတောင်းခံခဲ့ရာ ရဲအုပ်စောဝင်း ဦးဆောင်သောအဖွဲ့ က အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ပြီးနောက် ဇူလိုင်လ (၂၂)ရက်နေ့ တွင်ပင် ည ၁၀ နာရီ ခန့် တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးလင်းအား လားရှိုးမြို့ မရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး လိုအပ်သလိုဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ပြည့်ဖြိုးလင်းသည် တစ်ကိုယ်တော်ကားခိုးသူမဖြစ်နိုင်ကြောင်း၊ ၄င်းအား ကူညီပေးနေသော အဖွဲ့  ရှိနိုင်ကြောင်း၊ ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သမန်းကျား
Lashio News Diary

No comments:

Post a Comment