Thursday 24 July 2014

အမှောင်ကြိုက်သောရဲတပ်ဖွဲ့



ဒီခေါင်းစဉ်နဲ့ ဆောင်းပါးလေးဖတ်ကြည့်မိပါတယ် ။ ဒီမှာ နည်းနည်းလေးပြောစရာရှိလာတယ် 7 DAY ကဆောင်းပါးရှင်ကို ဖတ်မိစေချင်ပါတယ် ။ ဂျာနယ်တိုက်က တာဝန်ရှိသူတွေလဲ သိစေချင်ပါတယ် ။ ဒီခေါင်းစဉ်ကိုတပ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာ ထိခိုက်သွားစေနိုင်တယ် ဆိုတာလဲသိတတ်နားလည်စေချင်ပါတယ် ။ ဒါဘာလဲ လွတ်လပ်စွာရေးသားခွင့်ဆိုတာကို အသုံးချလိုက်တာလား ? ဒီဆောင်းပါမှာ ဖြေကြားပေးတဲ့ရဲအရာရှိဆိုသူကလည်း မီဒီယာက ဒီလိုစွပ်စွဲလိုက်ပြီ ဒါနဲ့ပက်သက်ပြီး မီဒီယာကိုသော်လည်းကောင်း အများပြည်သူကိုသော်လည်းကောင်း ရှင်းလင်းအောင် နားလည်အောင် သူမပြောတတ်ဘူး မပြည့်စုံဘူးပေါ့ဗျာ ။ သူ့အဖြေမှန်ပါတယ် ဒါပေမယ့်မပြည့်စုံဘူး ။အခုကျွန်တော်ပြောပါ့မယ် ရှင်းပါ့မယ် ဒီအထဲမှာ မီဒီယာကိုစိတ်ဆိုးပြီး တုန့်ပြန်တယ်လို့မထင်စေ့ချင်ပါဘူး အမှောင်ကိုဘာလို့ကြိုက်သလဲ? ဆိုတာကို ရဲလုပ်ငန်းအတွေ့အကြုံအရရော မြန်မာပြည်ကလူတွေရဲ့စိတ်နေသဘောထားကိုပါ ထည့်ပြောမှပြည့်စုံမှာပါ ။ ကျွန်တော့်ရဲလုပ်ငန်းတလျောက်မှာ ဖမ်းရဆီးရတဲ့တာဝန်တွေထမ်းဆောင်ခဲ့ရတာများပါတယ် ကိုယ်တိုင်ကလဲဝါသနာပါလွန်းလို့ အဲဒိအလုပ်ကို လုပ်ရမဲ့နေရာကိုပဲ ရွေးချယ်ခဲ့ပါတယ် ။ ကျွန်တော်တို့အမှုတစ်ခုနောက်လိုက်ရင် အရင်ဆုံးသတင်းစုဆောင်းပါတယ် ။ သတင်းမရရင် တရားခံဖော်လို့မရပါဘူး ။ သတင်းကိုနေ့ခင်းဘက်လိုက်ပါတယ် မိမိTARGETထားတဲ့တရားခံရဲ့
လှုပ်ရှားမှုကို အသွင်ယူစောင့်ကြည့်ပါတယ် သတင်းပေးမွေးပါတယ် ။ ခိုးဆိုးလုနှိုက် တရားခံအများစုက နေ့ခင်းဘက်လှုပ်ရှားတယ် ညဘက်မှအိပ်တန်းတက်တယ် သူ့လိပ်စာအတိအကျရနေပေမယ့်လူမတွေ့ရတာ နေ့ခင်းဘက်ပါ နောက်တစ်ချက် နေ့ခင်းဘက်မှာ တွေ့လို့ဖမ်း
ဆီးမယ်ဆိုရင်တောင် ကျွန်တော်တို့ကယူနီဖောင်းနဲ့သွားလို့မရဘူး ယူနီဖောင်းဆိုတာကလဲ လူကြားထဲမှာထင်းခနဲမြင်သာတယ် လောကသားတွေက သာမာန်လူတွေထက်ပိုပြီးပါးရည်နပ်ရည်ရှိတယ် သူတို့ကယူနီဖောင်းနဲ့ရဲတစ်ယောက် သူ့ဖာသာဖြတ်လျှောက်သွားရင်တောင်မှ သူ့အတွက်လွတ်မြောက်နိုင်
မဲ့နည်းလမ်းကို ဖျက်ခနဲတွေးထားပြီးပြီ ။ ရဲကသူ့ဆီလာတာမဟုတ်ဖူးဆိုမှ ဟန်မပျက်ပြန်ထိမ်းတယ် ။ ဒါသူတို့စွမ်းရည်ပါ ။ နောက်တစ်ခုက နေ့ခင်းဘက်ဝင်ဖမ်းရင် အများသူငှာသွားလာလှုပ်ရှားနေကြတဲ့
အတွက် လူအများအထိတ်တလန့်ဖြစ်တယ် ဘာများဖြစ်သလဲဆိုပြီးဝိုင်းအုံ့ကြည့်တတ်ကြတယ် အဲဒါကကျွန်တော်တို့လုပ်ငန်းအတွက် အကြီးမားဆုံးအနှောက်အယှက်ပါပဲ ။ သူများတိုင်းပြည်မှာက POLICE LINE လေးတားထားရင် ဘယ်သူမှအဲဒိ LINEကိုကျော်ခွမလာဘူး တိုးဝှေ့မကြည့်ဘူး အဲဒါလေးလဲကွာခြားပါတယ် ။ နောက်တစ်ခုက လောကသားတွေဟာ သူတို့လွတ်မြောက်ဖို့အတွက် နည်းအရိယာယ်မျိုးစုံသုံးတတ်တယ် အသာတကြည်နဲ့အဖမ်းခံတဲ့ ဒုစရိုက်သမားဆိုတာ ခပ်ရှားရှားပါ ။

   အဲလိုအသာတကြည်အဖမ်းမခံရင် လိုအပ်သည့်နည်းဖြင့်ဖမ်းဆီးပါဆိုတဲ့ ကျင့်ထုံးဥပဒေဖော်ပြချက်အရ လိုအပ်သည့်နည်းမျိုးစုံနဲ့ဖမ်းဆီးရပါတယ် လုံးထွေးသတ်ပုတ်ရပါတယ် အဲဒိနေရာမှာ အရပ်ဝတ်နဲ့ရဲကိုလူတိုင်းမသိနိုင်ဘူး သူတို့အမြင်မှာတော့ လူအများနဲ့တစ်ယောက်ရန်ဖြစ်တယ်လို့ ပထမဆုံးကောက်ချက်ချတယ် အားနည်းသူဘက်ကကူညီမယ်ဆိုတဲ့ သနားတတ်တဲ့ကြင်နာတတ်တဲ့ ဓာတ်ခံလေးကရှိတော့ ဒီပွဲထဲဝင်ပါလာကြတယ် အဲဒိမှာမလိုလားအပ်တဲ့ရှုပ်ထွေးမှုတွေဖြစ်လာတယ် ။ သူများနိုင်ငံမှာက အရပ်ဝတ်နဲ့ရဲတွေလှုပ်ရှားကြပါတယ် အဲဒိမှာသူတို့မှာ ရဲဖြစ်ပါတယ်လို့ အသိအမှတ်ပြုစရာ တံဆိပ်ပြားလေးတွေရှိတယ် ထုတ်ပြတယ် I'm police ပြီးပြီ ဘယ်သူမှဝင်မရှုပ်တော့ဘူး လမ်းပေါ်ကကားကိုတောင်မှ I'm police ဆိုပြီးကားယူမောင်းသွားလို့ရတယ် ပြည်သူ့ဝန်ထမ်းရဲ့လုပ်ငန်းတာဝန်ဆောင်ရွက်ရာမှာ လိုအပ်သည့်အကူအညီကို ပြည်သူများမှပေးရန်တာဝန်ရှိသည် ဆိုတဲ့ပြဌာန်းချက် နိုင်ငံ့သားတာဝန်ကို သူတို့ဆီမှာနားလည်လက်ခံကြတယ် ကျွန်တော်တို့မှာအဲလို I'm police လို့ပြစရာဘာတစ်ခုမှမရှိဘူး ရဲတစ်ယောက်ယူနီဖောင်းချွတ်ထားရင် သူကရဲပါလို့သက်သေပြစရာဘာမှမရှိဘူး ကျွန်တော့်လုပ်သက် ၁၃ နှစ်မှာဌာနချုပ်ကရဲအဖြစ်အသိအမှတ်ပြုတဲ့ဝန်ထမ်းကဒ်ဆိုတာတောင်မရခဲ့ဖူးပါဘူးတစ်ခါမှထုတ်ပေးတယ်
လို့လဲအသံမကြားဘူး ထားပါတော့ အဲဒိတော့ ရဲလုပ်ငန်းမှာတရားခံဖမ်းဆီးရတဲ့အလုပ်က ပိုပြီးအန္တရာယ်များပါတယ် တရားခံဖမ်းရင်းနဲ့လုံးထွေးရင်း မုန့်ဘန်းကြီးတိုက်မိလို့ လသာမြို့နယ်ထဲမှာ ကျွန်တော်တစ်ခါလျော်ပေးခဲ့ရဖူးပါတယ် ဒီတော့နေ့ခင်းဘက်ဖမ်းဆီးရတာ ပတ်ဝန်းကျင်နှောင့်ယှက်မှု နဲ့ပတ်ဝန်းကျင်မှာရှိတဲ့မဆိုင်တဲ့လူတွေကိုညှာနေရတာနဲ့ သိပ်အဆင်မပြေလှပါဘူး ။

      ညဘက်မှာဖမ်းဆီးတယ်ဆိုတာက အဲဒိပြဿနာတွေမကြုံချင်လို့ပဲ နောက်တစ်ခုက ညအိပ်ချိန်ဖြစ်တဲ့အတွက် ည၀၉၀၀နာရီကျော်မှ အိပ်တန်းပြန်တတ်တဲ့ ဒုစရိုက်လောကသားများကြောင့်ဖြစ်ပါတယ် ။ သူတို့အိပ်နေတဲ့အချိန်မှာ ထွက်ပြေးနိုင်မှုအားနည်းနေချိန် တုန့်ပြန်မှုအားနည်းနေချိန်ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အားစိုက်ဖမ်းဆီးရမှုနည်းပါတယ် ။ သူမအော်ရင်ပတ်ဝန်းကျင်ပြည်သူတွေ လုံးဝမသိလိုက်ပါဘူး ။ ကျွန်တော်တို့လုပ်ငန်းလဲအောင်မြင်ပါတယ် ။
ဒီဆောင်းပါးမှာဝေဖန်ထားတဲ့အချက်တစ်ချက်ရှိပါတယ် ရပ်ကွက်ထဲလာဖမ်းရင် ရပ်ကွက်ကတာဝန်ရှိ
သူတွေနဲ့ အရင်ညှိုနှိုင်းပြီးမှ ဖမ်းသင့်ပါတယ်တဲ့ ဟုတ်ကဲ့အဲဒိအတိုင်းညှိုနှိုင်းပြီး ဖမ်းပါ့မယ် တရားခံမမိရင် မဖော်ထုတ်နိုင်ရင် အပြစ်မပြောပါနဲ့ လက်ခံလား ? ကျွန်တော့်လုပ်သက်တလျှောက်လုံးမှာ ရယက ကိုပြောလိုက်ရင်လွတ်သွားတာချည်းပါပဲ တစ်ခါကလဲရွာတစ်ရွာကိုသွားတယ် ဥက္ကဌနဲ့အရင်တွေ့တယ် ဦးဘယ်သူကဒီရွာမှာနေတယ်လို့သိထားပါတယ် သူ့ကိုဒီအမှုနဲ့ဖမ်းဆီးရပါ့မယ် ဒီမှာဖမ်းဝရမ်းပါ ဆိုပြီးအသိပေးအကြောင်းကြားလိုက်တယ် သူကအဲဒိလူရွာမှာရှိပါတယ် သူကအေးပါတယ် ဒီရွာချက်မြှုပ်ပဲ ကျွန်တော်တို့လက်ပေါ်ကြီးလာတာပါ အေးဆေးပါအခုနားပါဦးပြီးရင် ကျွန်တော်ကိုယ်တိုင်သူ့အိမ်ထိလိုက်
ခေါ်ပေးပါ့မယ် အေးဆေးပါဆရာ ဆိုပြီးနာရီဝက်လောက်အချိန်ဖြုန်းခိုင်းပါတယ် သူ့တပည့်တစ်ယောက်ကို
ဆေးလိပ်ဝယ်ခိုင်းသလိုလိုနဲ့လွှတ်လိုက်ပါတယ် ပြီးတော့ကျွန်တော်တို့တရားခံအိမ်ကိုသွားကြတယ် တရားခံမရှိတော့ဘူး ခရီးထွက်သွားတာသုံးရက်လောက်ရှိပြီလို့ သူ့မိန်းမကပြောတယ် ကျွန်တော်စိတ်တိုတိုနဲ့ပြောလိုက်တယ်ဥက္ကဌကြီးရယ်နောက်တစ်ခါကျရင်သူ့မိန်းမကိုပါဘယ်လိုလိမ်ပြောရမယ်
လို့ ကြိုသင်ထားပါဦးဗျ လို့ ။ ဆိုတော့မျက်နှာပျက်သွားတယ် အဲဒိတရားခံကို ဘာရယက ဘာသက်သေမှမပါပဲ ကျွန်တော်တစ်ယောက်တည်းညနက်ချိန်လာဖမ်းတော့မိတယ် ဒါတောင်သူ့မိန်းမက ဓားပြဓားပြလို့အော်သေးတယ် ။ ထားပါ ကျွန်တော်ပြောချင်တာက ရပ်ကွက်လူကြီးတွေများအဲလောက် သမာသမတ်ကျရင် ရဲတောင်ဝင်ဖမ်းစရာမလိုဘူး သူတို့ဖာသာခေါ်လာခဲ့ပေါ့ ။
 
  သူတို့ညှိုနှိုင်းနေလို့ နှောင့်နှေးသွားရတဲ့ မအောင်မြင်တဲ့အလုပ်တွေအများကြီးပါပဲ သူတို့ကိုဘယ်အတိုင်းအတာထိယုံကြည်လို့ရသလဲ? ယုံကြည်ရပါတယ်ဆိုရင် ပြီးပြီအဲဒိရပ်ကွက်မှာ နယ်ထိန်းမထားနဲ့ ဟုတ်ပြီလား ? ဥက္ကဌတစ်ယောက်က ပြောသေးတယ် ဒီမှာနယ်ထိန်း ငါ့ရပ်ကွက်ထဲမှာတရားခံဖမ်းရင် ငါမသိပဲမဖမ်းနဲ့တဲ့ ကောင်းပါပြီဥက္ကဌ ကျွန်တော်ကပိုကြိုက်ပါတယ် လို့ပြောလိုက်တယ် နောက်မကြာပါဘူး သူ့ရပ်ကွက်ထဲမှာခိုးမှုဖြစ်တယ် ကျွန်တော်သွားတယ် ဥက္ကဌနဲ့တွေ့တယ် ခင်ဗျားအဲဒိသူခိုးကိုသိလားလို့ဆိုတော့ ဘယ်သိမလဲကွတဲ့အဲဒါဆိုကျွန်တော်တရား
ခံဖမ်းစရာမလိုတော့ဘူးနော် ပြန်မယ်အိမ်ပြန်နှပ်တော့မယ်ဆိုတော့ ဟာဘာဖြစ်လို့လဲတဲ့ ခင်ဗျားမသိပဲတရားခံမဖမ်းနဲ့လို့ခင်ဗျားပြောခဲ့တာလေ အခုခင်ဗျားမသိဘူးဆိုတော့ ဖမ်းစရာမလိုတော့ဘူး
ပေါ့ဗျာ ခင်ဗျားသိပြီဆိုရင်ကျုပ်ကိုဖုန်းဆက်လိုက်ပါ ဆိုပြီးထားခဲ့တာ ကျွန်တော်တို့ကြုံခဲ့ရတာကိုပြောပြနေ
တာနော် ရှင်းရှင်းပဲပြောမယ် မြန်မာပြည်မှာအများစုသော ဒုစရိုက်သမားများဟာ အကြောက်တရားနဲ့ဖမ်းမှ အသာတကြည်အဖမ်းခံတယ် ။ ဒီတော့သူတို့ကြောက်အောင် ကျွန်တော်တို့ကခြောက်ပေးရတယ် ဒါပေမယ့်ဆောင်းပါးထဲမှာပါတဲ့အတိုင်းမဆီမဆိုင်ကြားထဲကဝင်ကြောက်ကြတော့  ကျွန်တော်တို့လဲမတတ်နိုင်ဘူးဗျာ ။

         အဲဒိမှာ တာမွေဘုန်းတော်ကြီးကျောင်းလုတဲ့ကိစ္စရဲနဲ့မဆိုင်ဘူးနော် အဲဒိရဲတွေကိုသံဃနာယက
က ခေါ်တယ်သူတို့ဘုန်းကြီးတွေကျောင်းလုတဲ့ကိစ္စရှင်းမယ် ရဲကလုံခြုံရေးယူပေးရတယ် ဒါကလဲကိုယ့်သဘောနဲ့ကိုမဟုတ်ဖူးနော် တိုင်းဒေသကြီးအစိုးရရဲ့စေခိုင်းချက်ကြောင့် လုံခြုံရေးလိုက်လုပ်ပေးတာ အဲဒိဘုန်းကြီးကျောင်းကို ရဲကဝင်သိမ်းတာမဟုတ်ဖူး ဒါရဲကိစ္စမဟုတ်ဖူး ။ ရဲလုပ်ငန်းမှာ အဓိကလုံခြုံရေးပဲ ကြိုက်တဲ့လူတွေကြိုက်သလိုစုဝေးပါစေ ဆန္ဒပြပါစေ ရဲလုပ်ငန်းကအဲဒိလူတွေနဲ့ ပတ်ဝန်းကျင်ကလူတွေထိတွေ့ပြီး ပြဿနာမဖြစ်အောင်ထိန်းပေးမယ် ဒါပဲ ။ ဒါပေမယ့်လို့ ငြိမ်းစုစီဥပဒေနဲ့ ရဲတပ်ဖွဲ့ကိုထိုးကြွေးလိုက်တယ် ခွင့်ပြုခြင်းမပြုခြင်းက ထွေအုပ်ကလုပ်တာ အဲဒါကို မြို့နယ်ရဲတပ်ဖွဲ့မှူးဆီတိုက်ရိုက်တင်ခိုင်းတယ် ထွေအုပ်ကနောက်ကွယ်ကနေ ပြုတယ် မပြုဘူးလုပ်နေတာ အများအမြင် အပြောမှာတော့ မြို့နယ်မှူးဆီ ခွင့်ပြုမိန့်သွားတင်တာ ပယ်ချခံရတယ် ဒါပဲ ။ ထားတော့အခု မြန်မာပြည်မှာ ကလဲဆန္ဒပြပွဲလုပ်လို့ရဲတွေက လုံခြုံရေးလာလုပ်ပေးရင် အဲဒိရဲကိုတန်းပြဿနာရှာတယ် ဆဲတယ် အလုပ်သမားပြဿနာလှိုင်သာယာမှာဖြစ်တော့ ရဲကလုံခြုံရေးလာယူပေးတယ် အလုပ်သမားတွေကထမင်းချိုင့်တွေနဲ့ရဲကိုပေါက်တယ် ကျွန်တော်ကစိတ်က
တိုတိုနဲ့ပြောလိုက်တယ် ငါနဲ့ဘာဆိုင်လဲ နင်တို့ကိုငါကလစာပေးထားတာမဟုတ်ဖူးအတင်းရိုက်နှက်ပြီး
အလုပ်ဝင်ခိုင်းတာလဲ မဟုတ်ဖူး နင်တို့ဖာသာဒီအလုပ်လစာဘယ်လောက်ရမယ် နည်းတယ်များတယ် ဆိုတာသိသိနဲ့ဝင်လုပ်ကြတာငါမသိဘူး နောက်ပီးငါကနင်တို့ကိုလစာတိုးပေးနိုင်တဲ့လုပ်ပိုင်ခွင့်ရှိသူလဲမဟုတ်ဖူး အလုပ်သမားဝန်ကြီးလဲမဟုတ်ဖူး နင်တို့ဖာသာကြိုက်တာတောင်း ငါနဲ့မဆိုင်ဘူး ဒီနေရာမှာငါ့အလုပ်က ဘေးပယောဂအနှောက်အယှက်မဝင်အောင် နင်တို့အတွက်လုံခြုံရေးလာ
လုပ်ပေးတာနားလည်လားလို့ အော်ငေါက်ပြောပေးရသေးတယ် ။အဲလို မြန်မာပြည်မှာကလဲ ရဲနဲ့ဘယ်သူနဲ့ပဲပြဿနာတတ်တတ် ရဲကိုဆဲမှာပဲဆိုတဲ့လူကခပ်များများ ။ ရဲကိုခွေးကိုက်ရင်တောင်မှ
ခွေးလေးသနားပါတယ် သွားတွေများနာသွားသေးလားလို့ ပြောမဲ့လူတွေ ။ ဒီတော့ အခုခေတ်မှ ဂျာနယ်တွေကလဲသူတို့စီးပွားရေးအတွက် ခေတ်အကြိုက် အစိုးရအဖွဲ့အစည်းတစ်ခုခုကိုမှ မဆော်ရရင်ဂျာနယ်မပီသဘူး ဆိုသလိုဖြစ်နေတယ် ။ အခုဒီဆောင်းပါးကိုရေးသူကိုတစ်ခု
လောက်မေးချင်ပါတယ် ရဲတပ်ဖွဲ့အကြောင်းဆောင်းပါးရေးတယ်ဆိုတော့ ရဲလုပ်ငန်းဆိုတာကို ဘယ်အတိုင်းအတာထိသိရှိနားလည်ထားသလဲ? မသိဘူးဆိုရင်တော့ ခင်ဗျားစာပေမှာ ရိုးသားမှုမရှိဘူး လို့ပြောချင်တယ် ဆေးပညာကိုဘာမှမသိပဲ ခင်ဗျားဆေးဖော်ရောင်းလို့မရဘူး မသိလဲရောင်းမှာပဲဆိုရင် ခင်ဗျားကလူနာတွေကိုအဆိပ်ခတ်နေတာနဲ့အတူတူပါပဲ ။

    ကျွန်တော်တို့က သူများနိုင်ငံကရဲတွေလို ရဲကားဥသြစွဲပြီးတရားခံကို ဝင်ဖမ်းလို့ကိုမရဘူး ဘာကြောင့်လဲဆိုတော့ လူနေမှုအဆင့်အတန်းတွေမတူဘူး ကိုးကွယ်မှုဘာသာတရားတွေမတူ ယုံကြည်ချက်ခံယူချက်တွေမတူဘူး ရေမြေသဘာဝမတူညီတဲ့အတွက် သူတို့လုပ်သလိုကျွန်တော်
တို့လုပ်လို့မရဘူး ။ သူ့အရပ်နဲ့သူ့ဇာတ်ဆိုတဲ့စကားပုံကလဲရှိတယ်မဟုတ်လား ချင်းပြည်နယ်မှာ တရားခံဖမ်းရတာနဲ့ မြေပြန့်ပြည်မမှာတရားခံဖမ်းရတာကိုပဲ လုပ်ဆောင်ချက်ချင်းမတူပါဘူး ချင်းမှာတရားခံဖမ်းရင် လူကြီးအိမ်ကနေခေါ်ခိုင်းလိုက်ရင်ရတယ် သူကဥပဒေကိုချိုးဖောက်ထားမှန်း
သူ့ကိုယ်သူတောင်မသိဘူး ဒီတော့လူကြီးခေါ်ရင်ရဲရဲတင်းတင်းလာရဲတယ် ကျွန်တော်တို့မြေပြန့်မှာက ဥပဒေကိုသိသိနဲ့ချိုးဖောက်ကြတာများတယ်ဒီတော့လွတ်မြောက်အောင်ဘယ်လိုရှောင်တိမ်းရမလဲဆိုတာကိုပါ
သိတယ် အဲလိုကွာခြားပါတယ် ။

   နောက်တစ်ခုက လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စမှာ ရဲတပ်ဖွဲ့ရဲ့ပုံရိပ်ကိုတော်တော်ပျက်ဆီးစေတယ် အဲဒိမှာ ပြောချင်တာက ကျွန်တော်တို့ရဲတပ်ဖွဲ့မှာ ကိုယ့်ဖာသာလုပ်ပြီးကိုင်တတ်တဲ့လက်နက်က လေးခွပဲရှိတယ် ။အမြင့်ဆုံးစစ်ကျန်ရိုင်ဖယ်
လောက်ပဲကိုင်ခွင့်ရတဲ့ တပ်ဖွဲ့ကဘယ်ဟာဘာလက်နက်မှန်းကို မသိကြပါဘူး ။ မင်းတို့ဒါတွေယူပြီး ဘယ်အချိန်မှာ ဘယ်အဖွဲ့ကိုဘယ်လိုတားဆီးနှိမ်နင်းပါဆိုတဲ့ plane ကလဲကိုယ့်သဘောနဲ့ကိုယ်
လုပ်ခဲ့တာမဟုတ်ဖူး ။ အခုချိန်မှာ ဒေါ်အောင်းဆန်းစုကြည် သမ္မတဖြစ်လာရင်လဲသူခိုင်းတာ ကျွန်တော်တို့လုပ်ရမှာပါပဲ ။ သမိုင်းမှာကျွန်တော်တို့ နာမည်ဆိုးကျန်အောင် ကျွန်တော်တို့ရေးခဲ့တာမဟုတ်ဖူး
ဆိုတာ ကျွန်တော်ပြောရဲပါတယ် ဘာကြောင့်လဲဆိုတော့ အာဏာရှင်လက်ထက်တလျောက်လုံးမှာ ကျွန်တော်တို့ရဲက ကိုယ့်သမိုင်းကိုယ်ရေးခွင့်မရှိသူတွေပါ ။

    အဓိကအရေးကြီးဆုံးပြောချင်တာက ဥပဒေကိုလေးစားတတ်တဲ့သူတွေများလာလေလေ ကျွန်တော်တို့ရဲလုပ်ငန်းနည်းလာလေလေပါပဲ ။ ရဲလုပ်ငန်းနည်းလာရင် အမှားနည်းလာပါလိမ့်မယ် ။ အမှားနည်းရင် အမုန်းနည်းလာပါလိမ့်မယ် ။ အမုန်းခံရတာနည်းလာရင် ရဲနဲ့ပြည်သူ ညီညွတ်လာပါလိမ့်မယ် ။ရဲနဲ့ပြည်သူညီညွတ်လာရင် တရားဥပဒေစိုးမိုးလေးလုပ်ငန်းကြီး အောင်မြင်တိုးတက်လာပါလိမ့်မယ် ။ ဒါပါပဲ ။အမှားပါရင်ထောက်ပြနိုင်ပါတယ် ။လွတ်လပ်စွာ share နိုင်ပါတယ် ။
oppositeyes

No comments:

Post a Comment