Thursday 24 July 2014

NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး လိုင်ဇာ၌ ယနေ့စတင်မည်

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ယနေ့ (ဇူ လိုင် ၂၄ ရက်)တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ၌ စတင်ပြုလုပ်မည် ဖြစ်သည်။
အဆိုပါ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်များ အပါအဝင် ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ရန် ရောက်ရှိနေပြီး အစည်းအဝေး ပထမနေ့တွင် နိုင်ငံရေးဆွေးနွေးပွဲများ အတွက်ပါရည်ရွယ်ကာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များပါဝင်သည့် ဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရေး စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းNCCT အဖွဲ့ထံမှ သိရသည်။
ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီးNCCT မှ ဒေါက်တာဆလိုင်းလျန်းမှုန်းက “အဓိက,ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အတည်ပြုနိုင်ဖို့ပေါ့။ အစိုးရနဲ့ကျွန်တော်တို့ ဆွေးနွေးတုန်းက ပိတ်ဆို့နေတဲ့ အခက်အခဲတွေ အားလုံးကျော်လွှားနိုင်ဖို့။ ဖြစ်နိုင်ရင် ညီလာခံဦးဆောင် ကော်မတီကိုလည်း ဖွဲ့စည်းမှာဖြစ်တယ်။ ဆုံးဖြတ်ချက်တော့ မကျသေးပါဘူး။ ဖြစ်နိုင်လို့ရှိရင် အဲဒီလိုကော်မတီမျိုးက နောက်နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘက်ကနေပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို ဦးဆောင်နိုင်မယ့် ကော်မတီမျိုးဖြစ်နိုင်ရင် ဖန်တီးချင်တယ်။ ကျွန်တော်တို့လည်း ကြိုးစားသွားမယ်” ဟု ပြောကြားသည်။

“အဆုံးအဖြတ်ပေးနိုင်မယ့် ဦးဆောင်ကော်မတီ ဖွဲ့စည်းဖို့က အင်မတန်မှ အရေးကြီးတယ်။ အဲဒါကြောင့်မနက်ပိုင်းမှာ တစ်ဖွဲ့နှစ်ဦးစီနဲ့ ထိပ်သီးတွေနဲ့ NCCT တွေ့ပြီးတော့မှ ထိပ်သီးအစည်းအဝေးတစ်ခုလုံး ဘယ်လို ကျင်းပမလဲ၊ မဲခွဲဆုံးဖြတ်ဖို့ လိုလာတဲ့အခါ ဘယ်လိုပုံစံနဲ့ဆုံးဖြတ်မလဲ၊ နည်းလမ်းတွေ ရွေးချယ်ရမှာဖြစ်တယ်။ အဲဒါကြောင့်မနက် ဖြန်အစည်းအဝေးက နည်းနည်းအရေးကြီး တယ်လို့ ကျွန်တော်ပြောချင်ပါတယ်”ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဇူလိုင် ၂၃ က ဆိုသည်။
ယခုထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့သည် အပစ်ရပ်စဲရေး မူကြမ်းတစ်စောင်ရေးဆွဲလျက်ရှိရာ မူကြမ်းအချောသပ် နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းမရသော ကျန်ရှိနေသည့် အချက်အလက်များကို အဓိကထားဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံကို ဇူလိုင် ၂၄၊ ၂၅ နှင့် ၂၆ ရက်များ တွင်ကျင်းပသွားမည်ဖြစ်ပြီး NCCT အဖွဲ့ ဝင်မဟုတ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်သည့် ဆွေးနွေးမှုကို ဇူလိုင်၂၈ နှင့် ၂၉ ရက်တွင် လိုင်ဇာ၌ပင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်မည့် ဇူလိုင် ၂၈ နှင့် ၂၉ ရက် ဆွေးနွေးပွဲများသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
“ကျွန်တော်တို့ ယူအင်န်နဲ့ တရုတ်သံအမတ်ကိုလည်း ဖိတ်ထားတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ယူအင်န်နဲ့ တရုတ်တို့ပါလာရင် ဖြစ်စဉ်တွေက အားကောင်းမယ်။ နောက်အခက်အခဲတွေ ရှိခဲ့ရင်လည်း နားလည်ပေးနိုင်မယ်” ဟု ဒေါက်တာဆလိုင်း လျန်မှုန်းက ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာများနှင့်ပတ်သက်ပြီး ပြုလုပ်သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အစည်းအဝေးများ ပြီးဆုံးပါက NCCT အဖွဲ့နှင့်အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီ၌တွေ့ဆုံ၍ အလွတ်သဘောညှိနှိုင်းမှု ပြုလုပ်ကာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (ဒုတိယအဆင့်) ကို အချောသပ်နိုင်ရေးအတွက်UPWC နှင့် NCCT တို့ ရန်ကုန်၌ ထပ်မံတွေ့ဆုံညှိနှိုင်း သွားမည်ဖြစ်သည်။
Photo: NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး လိုင်ဇာ၌ ယနေ့စတင်မည်
Thursday, July 24, 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကျင်းပရန် ပြင်ဆင်ထားသည်ကို ဇူလိုင် ၂၃ ရက်က တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment