Thursday 18 December 2014

နိုင်ငံရေး Golf ကွင်းမှာလည်း ရိုးသားစွာကစားနိုင်ပါစေ KIA

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ်ရှိ KIA နယ်မြေဖြစ်သော မိုင်ဂျာယန်ဒေသ၌ ဂေါက်ကွင်းသစ် တစ်ခုအား KIA ခေါင်းဆောင်များက ဖွင့်လှစ်ပေးခဲ့သည်ဟူသော သတင်းတစ်ခုကြားလိုက်ရသည်။ မြန်မာနိုင်ငံရှိ Golf လောကသားများအတွက် ၀မ်းသာစရာသတင်းတစ်ခုဖြစ်ပေသည်။ ယခုလို တိုင်းရင်းသားဒေသများတွင် Golf ကွင်းများ ဖွင့်လှစ်လာသည်မှာ မြန်မာ့ Golf လောက တိုးတက်လာသည့်အရိပ်အယောင်ပင်ဖြစ်ပေသည်။

ကမ္ဘာပေါ်တွင်လူတို့သတ်မှတ်ထားသောအားကစားနည်းအမျိုးမျိုးရှိကြပေသည်။ အားကစားနည်းအမျိုးပေါင်းမြောက်များ စွာတို့တွင် ကာယစိုက်ထုတ်ရသောကစားနည်း၊ ညာဏစိုက်ထုတ်ရသောကစားနည်းတို့အပြင် ကာယနှင့် ဥာဏပါ ပေါင်းစပ်၍ ကစားရသောကစားနည်းများလည်းရှိကြသည်။ ထိုကစားနည်းပေါင်းမြောက်များစွာထဲတွင်မှ ထူးခြားသော ကစားနည်းတစ်ခုမှာ Golf ကစားနည်းပင်ဖြစ်ပေသည်။ 



Golf ကစားနည်းသည် ကာယအားထုတ်မှု (Physically)၊ ဥာဏအားထုတ်မှု (Mentally) တို့ကိုပေါင်းစပ် ကစားရသည့် အပြင် သူ၏ထူးခြားချက်မှာ မိမိ၏စိတ်ကိုထိန်းချုပ်နိုင်မှု(Mind Control)ကိုပါ အဓိကလေ့ကျင့်ကစားရသည့် ကစားနည်း ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ mental နှင့် ရှုမြင်ပေါင်းစပ်နိုင်မှုအလေ့အကျင့် visual training များကိုပေါင်းစပ်သည့် စိတ်လှုပ်ရှားမှုဖြစ်စဉ် mind trip အား အထူးအလေးထားလေ့ကျင့်နိုင်မှသာ အကောင်းဆုံး swing ကိုလွှဲနိုင်မည်ဖြစ် သည်။

Golf ကစားနည်းသည် ကစားတတ်ရုံနှင့်လဲမပြီးသေးပါ၊ ကစားနိုင်သည့် အခြေအနေလဲရှိရမည်ဖြစ်ပါသည်။ ထို့အတူ ကစားနိုင်သည့်အခြေအနေရှိသော်လည်း ကစားတတ်ရဦးမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် Golf ကစားနည်း တွင်ပါဝင်သည့် အားကစားအထောက်အကူပြုပစ္စည်းများမှာ ၀ယ်ယူရသည့်စားရိတ် ကြီးမားလှပြီး Golf ကစားရာတွင် လည်း အချိန်များစွာပေး၍ ကစားရသောကြောင့်ဖြစ်ပေသည်။ 

ထို့အပြင် Golf အားကစားသည်အခြားသော အားကစား များကဲ့သို့ Player များအား ပရိတ်သတ်စောင့်ကြည့်မှု အားနည်းပေသည်။ Golfer များအနေဖြင့် မိမိတို့၏ Honour ဖြင့်သာကစားရသည်။ ပြိုင်ဘက်အချင်းချင်းကိုလဲမလိမ်ရ၊ ပရိတ်သတ်ကိုလဲမလိမ်ရ၊ မိမိကိုယ်ကိုယ်လဲမလိမ်ရပေ။ Green ပေါ်တွင်ကောက်ကျစ်သည့် Golfer တစ်ယောက်သည် Golf လောကတွင် တစ်သက်လုံးရှုံးနိမ့်တော့မည်သာဖြစ် သည်။ ထို့ကြောင့် Golf ကစားနည်းကို အများက Gentleman ကစားနည်းဟုခေါ်ဆိုကြပေသည်။ 

ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဆင့်တန်းလွန်စွာမြင့်မားသောဂေါက်ကွင်းများကိုပြုလုပ်လာကြပြီဖြစ်ပေသည်။ PGA Championship ပြိုင်ပွဲများအား ပင်လယ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများပေါ်တွင်ဖောက်လုပ်ထားသော ဂေါက်ကွင်း များ၌ Ocean Course ပြိုင်ပွဲများအဖြစ်ကျင်းပပြုလုပ်နေပြီဖြစ်သည်။ ထို့အတူ Golfer များမှာလည်း အမျိုးသားများ သာမက အမျိုးသမီးများကပါ ကမ္ဘာ့အဆင့် PGA ပြိုင်ပွဲများသို့ဝင်ရောက်ယှဉ်ပြိုင်နေပြီဖြစ်သည်။ 

ယခုအခါတွင် မြန်မာ့ Golfလောကမှ အားကစားသမားများသည်လည်း ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် ကြိုးပမ်းနေကြ ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ထိပ်တန်း Golfer တစ်ဦးဖြစ်သူ ဦးကြည်လှဟန်သည် ယခုဆိုလျှင် Asia Tour အဖွဲ့၏ ဥက္ကဌ တစ်ဦးပင်ဖြစ်နေသည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ Pro Golfer ဖြစ်သည့် ဦးဇော်ဇော်နိုင်လတ်သည်မကြာမီ အာရှအဆင့် Asian Tour သို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် Golfer ကောင်းများမွေးထုတ်ရန်အတွက်မှာ အဆင့်မီဂေါက်ကွင်းများရှိရန်လိုအပ်သည်။ မြန်မာ နိုင်ငံ၏ ပထမဆုံးသောဂေါက်ကွင်းမှာ မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင်ရှိသောသရက်ဂေါက်ကွင်းဖြစ်သည်။သရက် ဂေါက်ကွင်းအား ၁၈၈၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး သက်တမ်း ၁၂၇ နှစ်ရှိကာ အရှေ့တောင်အာရှ၏ ရှေးအကျ ဆုံးသော ဂေါက်ကွင်းများထဲမှ တစ်ခုအဖြစ်မှတ်တမ်းတင်ခံရသည်။ 

ထို့အပြင် ဗြိတိန်နိုင်ငံ၊ စကော့တလန်ပြည်နယ် မြောက်ပိုင်းရှိ St.Andrew Golf Course သည် THAYET Golf Course နှင့် မိတ်ဆွေ ညီအစ်ကိုတော်အဖြစ် အသိ အမှတ်ပြုခြင်းခံရသည်။ St.Andrew and THAYET Golf course တို့သည် တစ်သင်းနှင့်တစ်သင်း ဂုဏ်ပြုခြင်းဖြင့် အပြန်အလှန်သွားရောက်ကစားနိုင်ပြီး (Green Fees) ပေးရန်မလိုဟု လေ့လာသိရှိရသည်။ 

ကချင်ပြည်နယ်ရှိ မိုင်ဂျာယန်ဒေသတွင် KIA မှဦးဆောင်၍ ဂေါက်ကွင်းဖွင့်လှစ်သည်ဆိုသောသတင်းမှာ နိုင်ငံတစ်ဝှမ်းရှိ Golfer များအတွက် ၀မ်းသာစရာသတင်းပင်ဖြစ်သည်။ 

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ယခုလို ဂေါက်ကွင်းများဖောက်လုပ်၍ ဂေါက်ကစားမည့်အကြံအစည်မှာလည်း ကောင်းမွန်ပါသည်။ လိုင်ဇာမြို့တွင်လည်း ဂေါက် ကွင်းတည်ရှိသည်ကို ကြားသိရသည်။ KIA ခေါင်းဆောင်များအနေဖြင့် Golf အားကစားကို ကစားကြလိမ့်မည်ဟုလည်း ထင်မြင်မိသည်။ မြန်မာ့ Golf လောကမှ Golfer များကလည်း မိုင်ဂျာယန် ဂေါက်တွင်းတွင် KIA ခေါင်းဆောင်များနှင့် အတူယှဉ်တွဲ၍ ကစားလိုပါသည်။ ထို့အတူ မိုင်ဂျာယန်ဂေါက်ကွင်းကိုလည်း အဆင့်တန်းမြင့်မားသော ဂေါက်ကွင်းတစ်ခု အဖြစ် မြှင့်တင်ကာ အဆင့်မီပြိုင်ပွဲများ ယှဉ်ပြိုင်ကျင်းပလိုစိတ်လဲရှိကြပါသည်။ 
KIA ၏ လက်ရှိခေါင်းဆောင်များသည်လည်း Golf ကစားနည်းကို နှစ်သက်သူများဖြစ်ကြသည့်အတွက် Golf ကစားနည်း၏ ပင်မအသက်ဖြစ်သော Honour ကိုကောင်းစွာအသုံးချ၍ Gentleman ဆန်စွာဖြင့် အဆင့်မီစွာကစားနိုင် လိမ့်မည်ဟုလည်းမျှော်လင့်ပါသည်။ 

လက်ရှိနိုင်ငံရေးအခြေအနေအရ KIA နှင့် အစိုးရတို့သည် နိုင်ငံရေးတင်းမာမှုများရှိနေသည်။ KIA အနေဖြင့် Golf ကစား နည်းကိုနှစ်သက်သည်ဆိုပါက Golfer များကဲ့သို့ကျင့်ကြံသင့်သည်။ နိုင်ငံရေးစာမျက်နှာတွင် ရိုးသားမှုရှိရန်လိုအပ်သော KIA ခေါင်းဆောင်များအနေဖြင့် ပြည်သူကိုလဲမလိမ်စေချင်သလို၊ မိမိကိုယ်ကိုယ်လည်းမလိမ်စေချင်ပါ။ Golf ကစားနည်း ၏ပင်မအသက်ဖြစ်သော Honour (ရိုးသားမှု) ကိုနိုင်ငံရေးနယ်ပယ်တွင်အသုံးပြုစေချင်ပါသည်။ ထို့ကြောင့် KIA အနေ ဖြင့် Golf Course များတွင် Golf ကစားသကဲ့သို့နိုင်ငံရေးဟူသောဂေါက်ကွင်းတွင်လည်း ရိုးသားစွာ ကစားနိုင်ပါစေဟု Golfer တစ်ဦးအနေဖြင့် အကြံပြုအပ်ပါသည်။

ဇော်စိုး ( Myanmar PGA)

No comments:

Post a Comment