Thursday 18 December 2014

မလွှဲတောင် ဓါးပြ တရားခံ နိုင်အလွန်နှင့် နိုင်အဆောင်း တို့ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေ

Photo: မလွှဲတောင် ဓါးပြ တရားခံ နိုင်အလွန်နှင့် နိုင်အဆောင်း တို့ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေ
Thursday, December 18, 2014

တနင်္သာရီတိုင်း ရေဖြူ မြို့နယ် မလွှဲတောင် နယ်ခြား စစ်ဆေးရေး စခန်း အနီး၌ ရွှေဝယ် ရတနာ ခရီးသည် တင်ယာဉ်အား ဓါးပြ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဓါးပြ တိုက်ခဲ့သည့် နိုင်အလွန်နှင့် နိုင်အဆောင်း ဓါးပြ အဖွဲ့သည် ဒီဇင်ဘာလ (၁၂) ရက်နေ့ မှစ၍ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း ၎င်းဓါးပြ အဖွဲ့နှင့် ရင်းနှီးသည့် သူတဦးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၇) ရက်နေ့၌ အတည်ပြု ပြောသည်။

“အခု တပ်မတော် ကလည်း လိုက်နေတယ်၊ KNU ကလည်း လိုက်နေတယ် ဆိုတော့ သူတို့ ရေဖြူဂွင်မှာ နေလို့ မရ တော့ဘူး၊ အဲဒါကြောင့် နယ်စပ်ကို ရှောင်ပြေး သွားတယ်၊ နယ်စပ်ရဲ့ ဘယ်နေ ရာလဲ ဆိုတာတော့ ကျနော် မေးတော့ သူတို့ မပြောပြဘူး” ဟု ၎င်း အလွန် အဆောင်း ဓါးပြ ညီအစ်ကိုနှင့် ရင်းနှီးသည့် သူငယ်ချင်း တဦးမှ ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

၎င်း အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို နှစ်ဦး ဦးဆောင်သည့် အင်အား (၁၀) ဦးပါ အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ရေဖြူ မြို့နယ် မလွှဲတောင် ကားလမ်းမ ပေါ်၌ ကားအမှတ် ၄/စ ၇၄၉၆ ထားဝယ် ရန်ကုန် ခရီးသည် တင်ယာဉ်အား ဓါးပြ တိုက်ခဲ့သည်။

ထို့နောက် ကားပေါ် စီးနင်း လိုက်ပါ လာသည့် ခရီးသည် (၄၅) ဦး တို့ထံမှ လက်ဝတ် ရတနာ၊ ငွေကြေးနှင့် တယ်လီဖုန်းများ ယူနေစဉ် ခရီး သွားရင်း ရောက်လာသည့် စစ်ဝတ်စုံ ဝတ်ထားသည့် KNU တပ်မဟာ (၄) မှ ဗိုလ်စောခင်ဝင်းနှင့် တပ်သား စောမောင်လေး တို့အား အစိုးရ တပ်မတော်မှ ထင်မှတ်၍ ပစ်ခတ် ခဲ့ရာ တပ်သား စောမောင်လေးမှာ ထိုနေရာ၌ ပွဲချင်းပြီး သေဆုံး သွားခဲ့ရသည်။

ဗိုလ်စောခင်ဝင်းမှာ ဗိုက်၌ သေနတ် ဒဏ်ရာ နှစ်ချက် ထိမှန်၍ ရေးမြို့ ပြည်သူ့ ဆေးရုံသို့ သယ်ဆောင်လာစဉ် လမ်း၌ ထပ်မံ သေဆုံး ခဲ့ရသည်။

ဤ ဗိုလ်စောခင်ဝင်းနှင့် တပ်သား စောမောင်လေး တို့၏ လက်နက် အတို တစ်လက်နှင့် လက်နက် အရှည် တစ်လက် အားလည်း ၎င်းဓါးပြ အဖွဲ့မှ သိမ်းယူ သွားခဲ့သည်။

၎င်းဓါးပြ တိုက်မှုသည် ဒီဇင်ဘာလ (၁၀) ရက်နေ့ ညနေ (၆) နာရီ ခွဲခန့်တွင် ဖြစ်ပွါး ခဲ့ကာ အခင်း စတင် ဖြစ်ပွား သည်ဟု ကြားသိ ရခြင်းပင် ၎င်းဓါးပြ အဖွဲ့အား ပိတ်ဆို့ ဖမ်းဆီးရန် မွန်ပြည်သစ် ပါတီ စစ်ရုံးချုပ်မှ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်မဟာ (၂) ထားဝယ် ခရိုင် တပ်ရင်း များအား ညွှန်ကြား ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ ဗဟို စစ်ရုံးချုပ်မှ အမည် မဖော် လိုသည့် အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနအား အတည်ပြု ပြောသည်။

အလားတူပင် KNU ဘိတ်-ထားဝယ် ခရိုင် အခြေစိုက် တပ်မဟာ (၄) တပ်ရင်း (၁၀) မှ ဒုတပ်ရင်းမှူး စောဖိုးလေး ဦးစီးသည့် KNLA တပ်ဖွဲ့ဝင် များမှလည်း ပိတ်ဆို့ ဖမ်းဆီး နေခဲ့ကြောင်း KNU တပ်မဟာ (၄) မှ အမည် မဖော် လိုသည့် အရာရှိ တဦး ကလည်း ရွှေဟင်္သာ သတင်း ဌာနအား အတည်ပြု ပြောသည်။

သို့သော်လည်း ဖမ်းဆီး ရမိမှု မရှိပဲ နယ်စပ် ဘက်သို့ ထွက်ပြေး တိမ်းရှောင် နိုင်သွား ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပေါက်ပင်ကွင်း ကျေးရွာ တဝိုက်အား အခြေပြု လှုပ်ရှား နေသည့် ယင်း အလွန်နှင့် အဆောင်း ဓါးပြ ခေါင်းဆောင်တို့သည် ညီအစ်ကို အရင်းများ ဖြစ်ကြသည်။

၎င်းတို့သည် ယခင် ၁၉၉၆-၉၇ ခုနှစ်မှ စ၍ ထိုဒေသ၌ နာမည်ကြီး ဓါးပြ အဖွဲ့ အဖြစ် လှုပ်ရှား နေသည့် အဗင်နှင့် အလွိန်းတို့ ဦးဆောင်သည့် Mon National Watch အမည်ခံ ဓါးပြ အဖွဲ့နှင့် တစ်ဖွဲ့တည်း ဖြစ်ကြသည်။

ထိုဓါးပြ အဖွဲ့များအား ၂၀၀၃ ခုနှစ်တွင် ယခင် နအဖအစိုးရမှ အောင်မိုးကြိုး စစ်ဆင်ရေး အမှတ် (၃) ဖြင့် စစ်ဆင်ရေး ပြုလုပ် ခဲ့ဖူး သော်လည်း ပပျောက်အောင် လုပ်ဆောင် နိုင်ခဲ့ခြင်း မရှိ ခဲ့ပေ။

ထို့နောက် အဗင်နှင့် အလွိန်းတို့ ၂၀၁၂ ခုနှစ် မတ်လတွင် ရေးမြို့ အခြေစိုက် စကခ (၁၉) ဌာနချုပ်၌ လက်နက် ချရာ၌ လက်မခံပဲ အလွန်နှင့် အဆောင်း ညီအစ်ကို နှစ်ဦး တို့မှ ထပ်မံ ခွဲထွက် လာခြင်း ဖြစ်သည်။နိုင်အဗင်၏ ဇနီးမှာ နိုင်အလွန်နှင့် နိုင်အဆောင်း တို့၏ အစ်မ တော်သဖြင့် အဗင်၊ အလွိန်း ၊ အလွန်၊ အဆောင်း တို့သည် မယား ညီအစ်ကိုများ ဖြစ်ကြသည်။

ယခု ဓါးပြ တိုက်မှု ဖြစ်ပွား ခဲ့သည့် နေရာ အနီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစပ်၌ မြန်မာ့ တပ်မတော်နှင့် မြန်မာ ရဲတပ်ဖွဲ့ တို့၏ နယ်ခြား စစ်ဆေးရေးဂိတ် (ဒေသခံများမှ စုပေါင်း ဂိတ်ဟုခေါ်) တစ်ခု ရှိသည်။ ထို့ပြင် ထိုအခင်း ဖြစ်ပွားရာ မလှမ်းမကမ်း မလွှဲ တောင်ခြေ ၌လည်း မြန်မာ့ တပ်မတော်၏ ခလရ ၂၉၉ တပ်ရင်း တစ်ခုလည်း တည်ရှိပါသည်။

ဤသို့ နယ်မြေ လုံခြံရေး အတွက် ရဲနှင့် စစ်တပ်တို့ ရှိသည့် ကြားမှပင် ယခုကဲ့သို့ ဓါးပြ တိုက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

ရွှေဟင်္သာ သတင်းဌာနမှ ဒီဇင်ဘာလ (၁၇) ရက်နေ့၌ တနင်္သာရီတိုင်း နယ်စပ် ကာကွယ်ရေးနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်အား လည်းကောင်း ၊ ရေဖြူ မြို့နယ် မြို့နယ်မှူး ရုံးနှင့် မြို့နယ် ရဲစခန်း သို့ထံ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း လက်ခံ ဖြေဆို ပေးခဲ့ခြင်း မရှိ ခဲ့ပေ။

ရွှေဟင်္သာသတင်းဌာန 

ရေဖြူ မြို့နယ် တဝိုက်၌ အခြေပြု လှုပ်ရှား နေသည့် အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို ရေဖြူ မြို့နယ် တဝိုက်၌ အခြေပြု လှုပ်ရှား နေသည့် အလွန်နှင့် အဆောင်း ဓါးပြ ညီအစ်ကို ဓါတ်ပုံ - (ရွှေဟင်္သာ)

No comments:

Post a Comment