Thursday 18 December 2014

လားရှိုးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီး ပြန်ပေးဆွဲ အသတ်ခံရမှု နောက်ကွယ် မှ စေခိုင်းသူကို ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သော လားရှိုးမြို့ မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်ကြီး ပြန်ပေးဆွဲ အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်ခဲ့သူများနှင့် နောက်ကွယ်မှ စေခိုင်း သူကို ဖမ်းမိခဲ့ကြောင်း လာရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသားများ ဖြစ်ခြင်း၊ တရုတ်နိုင်ငံအတွင်း ဖမ်းဆီးရမိခြင်းတို့ကြောင့် ယင်းနိုင်ငံတွင် စစ်ဆေးစီရင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနှင့် ပြန်ပေးဆွဲ လူသတ်မှုနှင့် ပတ်သတ်ပြီး စုံစမ်းထောက်လှမ်း၍ သက်သေအထောက်အထားများဖြင့် အမှုကို ခိုင်မာစွာ တည်ဆောက်၍ တရုတ်ရဲတပ်ဖွဲ့ထံ အမှုတွဲလွှဲအပ်မည်ဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဖေဝင်းက အတည်ပြု ပြောကြားသည်။

ပြန်ပေးဆွဲ အသတ်ခံခဲ့ရသော လားရှိုးမြို့နယ် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်မှာ ဒီဇင်ဘာလ ၁၂ ရက် နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် Happy Time ကလေးကစားကွင်းမှ နေအိမ်သို့ အပြန်တွင် လွန်ခဲ့သော ၃ ရက်က ၎င်းထံ လာရောက်တွေ့ဆုံသော တရုတ်လူမျိုး ၂ ဦးက လမ်းဘေးမှ ကားကို တားသည့်အတွက် ကားရပ်ပြီး နှုတ်ဆက်စကားပြောစဉ် တစ်ဦးက ကားနောက်ခန်းသို့ ရုတ်တရက် ဝင်ရောက်ပြီး ဦးမျိုးမြင့်ကို လည်ပင်းမှ သိုင်း၍ ကားနောက်ခန်းသို့ ဆွဲယူပြီး တစ်ဦးက ကားရှေ့တံခါးကိုဖွင့်ပြီး ဦးမျိုးမြင့်ကို ခြေထောက်မှမ၍ နောက်ခန်းသို့ တွန်းပို့ပြီး ကားကို ဝင်ရောက်မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း၊ လားရှိုးမြို့နယ် မန်းနားကျေးရွာတွင် ဦးမျိုးမြင့်ကို ကားပြောင်းတင်စဉ်တွင် လည်ပင်းကို သိုင်းဖက်၍ နောက်ခန်းသို့ ဆွဲယူ ခဲ့သည့်ဒဏ်ကြောင့် သတိမရတော့ကြောင်း၊ ဦးမျိုးမြင့်ကို ကားပြောင်း တင်ဆောင်လာသော ကားနံပါတ်မှာ (7D/5327 (SHN) ပါရာဒို အစိမ်းရောင်ဖြင့် လားရှိုးမှ ကြူကုတ်-ပန်ဆိုင်းအထိ ပြည်ထောင်စုလမ်းမကြီး အတိုင်း မောင်းနှင်လာခြင်းဖြစ်ပြီး သိန်းနီ၊ ကွက်ခိုင် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းပြီး တစ် ဖက်ကမ်း တရုတ်နိုင်ငံ ဝမ်တိန်မြို့ နယ်ခြားစောင့်ဂိတ်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ၁၂ နာရီ အချိန်၌ တရုတ်နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ရွှေလီရဲဌာနက စစ်ဆေးစဉ် ချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူများ ဖြစ်သော ဖော်ရီရှင်း ၅၈ နှစ်၊ ရပ်ကွက် (၂) ရင်ဖန်ဆာရွာ ချိုင့်ကွမ်းအုပ်စု၊ စူနန့်ပြည်နယ် ကျွမ်ကျင်ဖျင့် ၁၈ နှစ်၊ အမှတ် ၁၂၆ ကျူံးရင့်စန်းရွာ စန်တူမြို့ ဇေရှင်ပြည်နယ် ရန်စင်ရှန် ၄၀ နှစ် အမှတ် ၁၇၃ မန်းကန်လမ်း ဖျင်တိုအုပ်စု ဟူအမ်းမြို့ ကျန်ရှီးပြည်နယ် လျှိုတာချန်း ၃၅ ရပ်ကွက် ၁၀ စုန်ရင့်စန်း ချန်တိုအုပ်စု စီရှင်းမြို့နယ် ယူနန်ပြည်နယ် ကျင်ကို့ဟိုင်း အသက် ၃၆ နှစ် အမှတ် ၂၉၁ ဆမ်မားရွာ လုံချန်းလမ်း ဝူဝုချီ ခွေမျင်မြို့နယ် ယူနန်ပြည်နယ်တို့အား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ဆေးချက်များအရ (ပ) ၁၅၈/၁၄ ပုဒ်မ ၃၀၂ လူကိုသတ်ရန် အသက်အန္တရာယ်ကို ဘေးဖြစ်စေရန် ခေါ်ယူမှု ပုဒ်မ ၃၆၄ တို့ ဖြင့်ပါ ထပ်မံ အမှုဖွင့်လှစ်ထားကြောင်း လားရှိုးအမှတ် ၂ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

ပြစ်မှုကျူးလွန်သူ ငါးဦးတွင် ပါဝင်သော မော်ရီရှင်းသည် ဦးမျိုးမြင့်၏ ညီဖြစ်သူ ဦးဖုန်းမြင့်နှင့် အကျိုးတူ လုပ်ကိုင်ခဲ့သော သတ္တုတွင်းလုပ်ငန်းနင့် ပတ်သတ်ပြီး ငွေရရန် ရှိသဖြင့် အကြိမ်ကြိမ် ငွေတောင်းခံခဲ့ရာ မရရှိခြင်းကြောင့် အစ်ကိုဖြစ်သူ ဦးမျိုးမြင့်ကို ဖမ်းဆီးပြီး ငွေဖြင့် လာရောက်လဲယူရန် အကျပ်ကိုင် ခေါ်ဆောင် ရာမှ လက်လွန်သေဆုံးသွားခြင်း ဖြစ်ကြောင်း မော်ရီရှင်းသည် ဖမ်းဆီးခေါ်ဆောင်လာရန် စေခိုင်း သူဖြစ်ပြီး ကျန်လူလေးဦးမှာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများ ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့၏ စစ်ဆေးချက်တွင် တရားခံများက ထွက်ဆိုထားကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးတင်ဖေဝင်းက ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment