Wednesday 10 December 2014

တောင်ငူ မဘသ အထူးဓမ္မသဘင် ဦးဝီရသူ ဟောပြောမည်

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် တောင်ငူ မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)က ပထမဦးဆုံးအကြိမ် ကျင်းပမည့် အထူးဓမ္မသဘင်ကို ဦးဝီရသူ အပါအဝင် မဘသအဖွဲ့ဝင် ဆရာတော်ကြီးများ ဟောပြောမည်ဖြစ်ကြောင်း ဦးဆောင်ကျင်းပသူများ ထံမှ သိရသည်။

တောင်ငူမြို့ အမှတ် ၁၈ ရပ်ကွက် သာသနာ့ဗိမာန်တွင် ဒီဇင်ဘာ ၁၄ ရက် နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည့် ယင်းပွဲနှင့်ပတ်သက်၍ “ဘုန်းဘုန်းတို့ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့ တောင်ငူကို ဖွဲ့စည်းပြီး၂၄ ရက်အကြာမှာ ဗုဒ္ဓဓမ္မ စာပေပြိုင်ပွဲ ကျင်းပနိုင်ခဲ့တယ်။ ငါးလပြည့် အထိမ်းအမှတ်ဖြစ်တဲ့ ဒီပွဲကြီးက မြို့ခံတွေကို အမျိုးဘာသာ သာသနာနဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့ပွဲ” ဟု ယင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဆရာတော် ဦးစန္ဒရက မိန့်ကြားသည်။

တောင်ငူမြို့နယ် မဘသအဖွဲ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေး ပါတီများ၊ လူပုဂ္ဂိုလ် အဖွဲ့စည်းများနှင့် လူမှုရေး အသင်း အဖွဲ့များကို ပါဝင်ခွင့်ပြုမည် ဖြစ်သော်လည်း နိုင်ငံရေး အရောင်အသွေး အစွန်းထင်းအခံမည် မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။

မြတ်ဗုဒ္ဓ၏ တရားတော်အစစ်အမှန် သည် ငြိမ်းချမ်းသော တရားများသာဖြစ်ကြောင်း၊ ယင်းကြောင့် မြတ်ဗုဒ္ဓတရား တော်များကိုသာ ဟောပြောသင့်ပြီး အမုန်း တရားတိုးပွားစေမည့်စကားများကို ရှောင်ရှား ဟောပြော သင့်ကြောင်း တောင်ငူ မြို့ခံစာရေးဆရာ အေးရွှေ (ကေတုမတီ)က သုံးသပ်ပြောဆိုသည်။

အဆိုပါ ဓမ္မသဘင်ကို ဦးဝိစိတ္တာ ဘိဝံသ(ဦးဝီရသူ)၊ တောင်ငူမြို့ခံ မဘသဗဟို အတွင်းရေးမှူး ဆရာတော် ဦးသောပါက (သိမ်ဥုးကျောင်းတိုက်)နှင့် ဦးနန္ဒဝံသ (နယ်လှည့်ဓမ္မကထိက) တို့က နေ့စဉ် ည ၇ နာရီတွင် စတင်ဟောပြောမည် ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment