Wednesday 10 December 2014

မြစ်သားမြို့နယ် ဒုလဝကမှူး မူးယစ်သယ်ဆောင်မှုဖြင့် တာဝန်ယာယီရပ်ဆိုင်း

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ ပြောင်းရွှေ့လာသည့် ဒုတိယလဝကမှူးကို မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်း ဝယ် မှုဖြင့် သံသယရှိ၍ တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်း တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းဇော်က ပြောကြားသည်။

အဆိုပါ ဒုတိယ မြို့နယ်ဦးစီးမှူးသည် တန့်ယန်းမြို့နယ်ရုံးမှ မြစ်သားမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးသို့ တာဝန် ထမ်းဆောင်ရန် ပြောင်းရွှေ့လာချိန်တွင် တန့်ယန်းမှ မူးယစ်ဆေးဝါး သယ်ဆောင်လာမှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“သူ့ကိုတော့ တာဝန်ကနေ ယာယီရပ်ဆိုင်းထားပါတယ်။ တန့်ယန်းကနေ အပြောင်းအရွှေ့ လုပ်နေချိန်မှာ အခုလို ဖြစ်တာပါ။ အမှုက သေချာခိုင်လုံတယ်ဆိုရင် ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ချမ်းမြသာစည်မြို့နယ် ၇၈ လမ်း ILBC ကျောင်းရှေ့ ဆိုင်ကယ်သွားလမ်းတွင် နိုဝင်ဘာလ ၂၂ ရက်နေ့က ဆိုင်ကယ်တစ်စီးဖြင့် စောင့်ဆိုင်းနေသော ဒုလဝကမှူးနှင့် ဇနီးကို မြောက်ပိုင်းမူးယစ် တပ်ဖွဲ့စု ၁၇က သတင်းအရ စစ်ဆေးရှာဖွေရာမှ ဇနီးဖြစ်သူ၏ ချိုင်းကြားတွင် ညှပ်ထားသည့် ပိုက်ဆံအိတ် အတွင်းမှ စိတ်ကြွဆေးပြား ၂၂၄ ပြားကို သိမ်းဆည်းရမိခဲ့ပြီး ဒုလဝကမှူး နေထိုင်သည့် မြင်းခြံမြို့နယ် မင်းကုန်း ရပ်ကွက်ရှိ နေအိမ်သို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက မူးယစ်ဆေးဝါး ဖမ်းဝရမ်းအမှတ် ၄/၂၀၁၄ ဖြင့် သွားရောက် ရှာဖွေရာ နေအိမ်ရှိ သစ်သားစားပွဲ အံဆွဲအတွင်းမှ စိတ်ကြွ မူးယစ်ဆေးပြား ၁၃၈၄ ပြားကိုပါ ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ဆေးပြားများကို တန့်ယန်းမြို့နယ် နောင်ဖာအုပ်စု နမ့်ဖလင်ကျေးရွာရှိ အမည်မသိ (ဝ) အမျိုးသမီး တစ်ဦးထံမှ ဆေးပြား တစ်ပြားလျှင် ခြောက်ရာကျပ်ဖြင့် ဝယ်ယူခဲ့ပြီး မန္တလေးမြို့ပေါ်တွင် တစ်ပြားလျှင် လေးထောင်ကျပ် (သို့မဟုတ်) ငါးထောင်ကျပ်ဖြင့် ပြန်လည် ရောင်းချခဲ့သည်ဟု စစ်ဆေးချက်အရ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း အဆိုပါရုံး မှတ်တမ်းများအရ သိရသည်။

“သူ့ပြစ်မှု အလျောက်ကတော့ ခံရမှာပါပဲ။ နိုင်ငံတော်က ဝန်ထမ်းတွေ ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ရပ်တွေ မဖြစ်အောင် လစာတိုးပေးဖို့လည်း လုပ်နေတယ်” ဟု မန္တလေးမြို့ခံ တရားလွှတ်တော် ရှေ့နေကြီး ဦးလှကို က ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မြင်းခြံသို့ ပြောင်းရွှေ့လာသည့် ဒုတိယလဝက ဦးစီးမှူးနှင့် ဇနီးကို ချမ်းမြ သာစည်မြို့နယ် အမှတ် ၁၁ နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် မူးယစ် (၁)၃၁/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး အက်ဥပဒေပုဒ်မ-၁၅/၁၉(က)/၂၀၉(က)/၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေး အရေးယူလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment