Wednesday 10 December 2014

ကမ္ဘာမြေချစ်သူဆု ဆရာတော်နှစ်ပါးနှင့် အဖွဲ့အစည်းနှစ်ခု ရရှိ

ကမ္ဘာကြီးကို ချစ်မြတ်နိုးကာ သစ်ပင်များကို အမြတ်တနိုး စိုက်ပျိုးသူများကို ဂုဏ်ပြုသည့်အနေနှင့် ယခုနှစ် အတွက် ပေးအပ်သော ကမ္ဘာမြေ ချစ်သူဆုကို ဆရာတော်နှစ်ပါးနှင့် အဖွဲ့အစည်း နှစ်ခုတို့ ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် တော်ဝင်နှင်းဆီ ခန်းမတွင် ဒီဇင်ဘာလ ၉ နေ့က ကျင်းပသော ယင်းပွဲထံမှ သိရှိရသည်။

ကမ္ဘာမြေချစ်သူ ဆုပေးပွဲကို သုံးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပန်းပျိုးလက် ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ၊ ပုပ္ပါးချစ်သူများအသင်း နာယက ဆရာတော် ဘဒ္ဒန္တ၊ ယုဇနနှင့် ပခုက္ကူမြို့နယ်မှ ဝနရောပက (Green Echo)၊ ပြင်ဦးလွင် မြို့နယ်မှ အနီးစခန်း သဘာဝ ပတ်ဝန်းကျင် ချစ်သူများအသင်းတို့ ကမ္ဘာမြေချစ်သူဆု ရရှိကြောင်း ကမ္ဘာမြေချစ်သူဆု ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဒေါ်ဒေဝီသန့်ဇင်က ပြောကြားသည်။

“ဆုလိုချင်လို့ စိုက်တာမဟုတ်ဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ စိုက်တဲ့ ရွက်ပုန်းသီးတွေကို သစ်ပင်ရဲ့အေးမြတဲ့ အရိပ်များ ရစေမယ့် စိတ်ဓာတ်ကို ချီးမြှင့်တာ” ဟု ၎င်းကဆိုသည်။

ပခုက္ကူမြို့နယ်မှ ဝနရောပက (Green Echo) အသင်းသည် သစ်ပင် စိုက်ပျိုးရာတွင် အဓိကအားဖြင့် လမ်းဘေးဝဲယာများတွင် စိုက်ပျိုးခြင်း ဖြစ်ပြီး ပုဂံ၊ ညောင်ဦး၊ ပခုက္ကူအထိ လမ်းဘေးများ၊ ရွာလမ်းဘေး များတွင် အညာပင်များဖြစ်သော မန်ကျည်း၊ ကုက္ကို၊ တမာစသော အရိပ်ရပင်များကို ၂၀၀၉ ခုနှစ် ကတည်းက စတင်စိုက်ပျိုးခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် ကိုဇော်လင်းထွဋ်က ပြောကြားသည်။

ပန်းပျိုးလက် ဆရာတော်သည် ပဲခူးမြို့နယ် အင်းတကော်အလွန် ၁၀ မိုင်ကုန်းအနီး ကျောက်တန်းရွာတွင် ရှိသော ဝေဠုဝန် စာသင်တိုက်ဝင်းအတွင်း မြေ ၁၆ ဧကပေါ်တွင် အပင်မျိုးပေါင်းစုံကို စိုက်ပျိုးထားသည်။

ကမ္ဘာမြေချစ်သူဆုကို သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဥက္ကဋ္ဌ ဦးအုန်းက မတည်ပြီး ၂၀၁၂ ခုနှစ်က စတင်ပေးအပ်ခြင်းဖြစ်ကာ ယခုအကြိမ်သည် သုံးကြိမ် မြောက် ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment