Wednesday 29 October 2014

အမြန်လမ်းအသုံးပြုသော ကားများကို ကားအမျိုးအစားခွဲ၍ အမြန်နှုန်း သတ်မှတ်ရန် စီစဉ်


ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မောင်းနှင်မည့် ယာဉ်များကို အုပ်စုလိုက်ခွဲခြားပြီး  မောင်းနှင့်သင့်သည့် မိုင်နှုန်းများသတ်မှတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါအုပ်စုခွဲခြားခြင်းကို လမ်းအသုံးပြုသူများထံမှ သဘောထားမှတ်ချက်တောင်းခံသွားမည် ဖြစ်ပြီး အများစု၏ ဆန္ဒနှင့်ကိုက်ညီပါက အတည်ပြုသတ်မှတ် သွားရန်စီစဉ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။

အဆိုပါအရှိန်နှုန်းသတ်မှတ် ချက်တွင် လိုက်ထရပ်၊ ကန်တာ၊ ဒိုင်နာယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၆၀ နှုန်း၊ ခရီးသည်တင် အိတ်စပတ်ကားကြီးများကိုတစ်နာရီလျှင် ကီလိုမီတာ ၈၀ နှုန်း ကိုယ်ပိုင်လူစီး ယာဉ်ငယ်များနှင့် အခြားယာဉ်များကို တစ်နာရီလျှင်  ကီလိုမီတာ ၁၀၀ နှုန်း အထိမောင်း နှင်ရန် သတ်မှတ် သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ကနဦးလျာထားသည်။

‘‘မိုးတွင်းကာလမျိုးမှာ ဆို ဘယ်ကားမဆို ၁၀၀ အောက် တော့ မောင်းသင့်တာချည်းပဲ’’ဟု အဆိုပါ အရှိန် နှုန်း သတ်မှတ်ချက် အပေါ် ရွှေစင်စင်္ကြာယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကသုံးသပ် သည်။အထူးသဖြင့် အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရသည့် ဖြစ်စဉ်များကို ကြည့်ပါက အိမ်စီး ကိုယ်ပိုင် ကားငယ်လေး များတွင် အတွေ့အကြုံနည်းပါး သည့် ယာဉ်မောင်းများက လမ်း ကောင်းသည်ဟုထင်၍ သတ်မှတ်အရှိန်ကီလိုမီတာ ၁၀၀ ထက်ပိုမိုမောင်းနှင်ကြခြင်း ကြောင့်ဖြစ်ကြောင်း အထက်ပါယာဉ်မောင်း ကသုံးသပ်သည်။

အဆိုပါလမ်းအသုံးပြုသူ အများစုက ယာဉ်၏အရှိန်နှုန်းများ ပြားခြင်းအပြင် ယာဉ်မောင်း၏ ပေါ့လျော့မှု၊ အိပ်ငိုက်မှု၊ ကား၏ ကြံ့ခိုင်မှုမရှိခြင်းနှင့် လမ်းအရည် အသွေးညံ့ခြင်းကြောင့် ယာဉ်မတော်တဆမှု များဖြစ်လေ့ရှိ ကြောင်း ပြောသည်။ သို့သော် ဆောက်လုပ်ရေးဝန်ကြီးဌာန ဘက်က လမ်းအရည်အသွေး ကြောင့် မဟုတ်ဘဲ မောင်းနှင်သူ များ၏ ပေါ့လျော့မှုကြောင့်ဟု ပြောလေ့ရှိသည်။

ယခုနှစ်အတွင်း ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ် တွင် ယာဉ်တိမ်းမှောက်မှု၊ ယာဉ် တိုက်မှုဖြစ်စဉ် များကြောင့် သေ ဆုံးသူ ၁၂၀ ကျော်ရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၅၀၀ ကျော်အထိ ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ စာရင်းများမှ သိရသည်။

၂၀၁၄ ဇန်န၀ါရီ ၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ စာရင်းများအရ အမြန်လမ်းပေါ် တွင် လူကြောင့် ဖြစ်ရသော ယာဉ်မတော်တဆမှု ၂၇၈ မှု၊ ယာဉ် ကြောင့်ဖြစ်ရသော ယာဉ်မတော် တဆမှု ၆၁ မှု၊ ရာသီဥတု ကြောင့် ဖြစ်ရသော ယာဉ်မတော်တဆမှု  လေးမှု၊ လမ်းကြောင့်ဖြစ်ရသော ယာဉ်မတော်တဆမှု တစ်မှုဖြစ် ထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့စာရင်းများတွင် ဖော်ပြ ထား သည်။အဆိုပါလမ်းပိုင်းကို အမြန် လမ်း အဖြစ် ပီပြင်လာစေရန်၊ယာဉ်မတော်တဆမှုများ လျော့ပါးစေရန် နိုင်ငံတကာအဖွဲ့အစည်း များဖြစ်သည့် USAID၊ JICA၊ Koica အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများက နည်းပညာ နှင့် ငွေကြေးအထောက် အပံ့ အချို့ကိုရယူပြီး ဆောင်ရွက် လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment