Wednesday 29 October 2014

အမျိုးသမီး သီးသန့်ပါတီ ဖွဲ့စည်းပုံရေးဆွဲရန်နှင့် စည်းရုံးရေးလုပ်ငန်းများတွင် အခက်တွေ့

အမျိုးသမီးများ နိုင်ငံ ရေးတွင် ပါဝင်လာစေရန် အမျိုးသမီးပါတီတစ်ခုကို တည် ထောင်လိုက်အပြီး ပါတီ၏ဖွဲ့ စည်းပုံဆိုင်ရာ လုပ်ငန်းစဉ်များ ရေးဆွဲခြင်းနှင့် စည်းရုံးရေး လုပ်ငန်းများအတွက် အခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။

‘‘အမျိုးသမီးတွေ သီးသန့်ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ ရေးဆွဲတာ၊ စည်းရုံးရေး ဆင်းတာတွေက အမျိုးသား ပါတီတွေလောက် တော့ အားမကောင်းဘူးပေါ့။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း လုပ်သွားဖို့ ရှိနေတဲ့အတွက် ဒီအတွက် အခက်အခဲမှန်သမျှကို ရင်ဆိုင်ပြီး အောင်မြင်အောင်လုပ်သွားမှာ ပါ’’ဟု အမျိုးသမီးပါတီ ဥက္ကဋ္ဌ မိလယိုင်မွန်က ပြောသည်။

မွန်အမျိုးသမီးများ စုစည်း ကာ အမျိုးသမီးနိုင်ငံရေးပါတီကို အောက်တိုဘာ ၈ ရက်က စတင်ဖွဲ့စည်း လိုက်ခြင်းဖြစ်ပြီး တရား ၀င်နိုင်ငံရေးပါတီဖြစ်ရန် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အောက် တိုဘာ ၁၄ ရက် ကတင်ပြထားသည်။ မွန်အမျိုးသမီးများဖြင့် သီးသန့်ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ် သည့် ရှင်စောပု အမျိုးသမီးလှုပ်ရှားမှု အဖွဲ့က ပါတီထူထောင်လိုက်ခြင်း ဖြစ်သည်။

လက်ရှိ မွန်ပြည်နယ်တွင် မွန်အမျိုးသားပါတီ (MNP) ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (NUP) စသည့် နိုင်ငံရေးပါတီများ ရှိသည်။

အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်လာရန်နှင့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဆင့်နှင့် တိုင်း၊ ပြည်နယ်အဆင့် လွှတ် တော်များတွင် အမျိုးသမီးများ ၅ ရာခိုင်နှုန်း အထက် ပါဝင်လာစေရန် စီမံချက်ချဆောင်ရွက်နေခြင်း ဖြစ်သည်။ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင် လာစေရန် အမျိုးသမီးအဖွဲ့အစည်းများက လေ့ ကျင့်သင်ကြားပေးထားသော အမျိုးသမီးဦးရေ တစ်ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အမျိုးသမီးတွေကို ပါတီထဲ မှာ နေရာပေးလာဖို့နဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရပ်ကျေးအဆင့် ကနေ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ အတွက် လေ့ကျင့်သင်ကြားပေး နေတာပါ။ မူဝါဒတွေ လွတ်လွတ် လပ်လပ် ရေးဆွဲတတ်အောင်၊ တွေးခေါ်နိုင်စွမ်းရှိအောင်၊ အမျိုး သမီးတွေရဲ့ ခေါင်းဆောင်မှု စွမ်း ရည်မြင့်မားဖို့ကို လုပ်ပေးနေတာ ပါ’’ ဟု ဖန်တီးအိမ် အမျိုးသမီး ခေါင်းဆောင်မှု အကယ်ဒမီသင် တန်းကျောင်းမှ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။

ပြည်သူ့လွှတ်တော်တွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး အမျိုးသမီးလွှတ်တော်ကိုယ်စား ၁၂ ဦးသာရှိပြီး ပါဝင်မှုမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး လွှတ်တော် သို့ ရောက်လာခဲ့ပြီး အရေအတွက် အားဖြင့် နှစ်ဆတိုးလာခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ၉၇ ဒသမ ၃ ရာခိုင်နှုန်း ကိုယ်စား လှယ်များမှာ အမျိုးသားများဖြစ် ပြီး ၂ ဒသမ ၆ ရာခိုင်နှုန်းသောကိုယ်စားလှယ် ခြောက်နေရာကိုသာ အမျိုးသမီးကိုယ်စားလှယ်များက ရယူ ထားနိုင်ခဲ့ သည်။

7Day DAILY

No comments:

Post a Comment