Wednesday 17 September 2014

တာဝါတိုင်များ အပြည့်အ၀ မစိုက်ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေဟု တယ်လီနော ပြောကြား


မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းများ တိုးတက်လာခဲ့သော်လည်း ခက်ခဲသည့်အပိုင်းများလည်း ရှိနေကြောင်း၊ ယင်းအနက် တာဝါတိုင်များ အပြည့်အ၀ မစိုက်ထူနိုင်ခြင်းမှာ အတားအဆီးတစ်ခုဖြစ်နေကြောင်း Telenor Myanmar ၏ CEO Peter Furberg က စက်တင်ဘာ ၁၆ ရက် နေပြည်တော်၌ ကျင်းပသည့် Myanmar Connect 2014 တွင် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ Myanmar Connect ဆွေးနွေးပွဲတွင် မိုဘိုင်းဆက်သွယ်ရေး လိုင်စင်အသစ် ပေးအပ်ခြင်းခံရသည့်
ကုမ္ပဏီလေးခုတို့မှ အော်ပရေတာတစ်ခုချင်းစီ၏ အခက်အခဲများအကြောင်း ဆွေးနွေးပြောကြားကြသည်။ ပင်တိုင်ဆွေးနွေးသည့် panelist များအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်း၊ Ooredoo Myanmar မှ CEO Ross Cormack၊ Telenor Myanmar မှ CEO Peter Furberg နှင့် ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီမှဌာန အကြီးအကဲ ဒေါ်နီလာအေးတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခင်က မိုဘိုင်းဖုန်းအသုံးပြုမှု ၁၀ ရာခိုင်နှုန်းသာရှိခဲ့သည့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု အသစ်များအား ပေးလာခြင်းဖြစ်ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ အနက် သန်း ၂၀ အထိ သုံးစွဲနိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် လာမည့်ငါးနှစ်အတွင်း နိုင်ငံ့လူဦးရေ၏ ၉၇ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းထားကြောင်း၊ Myanmar Connect 2014 ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့်မူ ဂျပန်နိုင်ငံရှိ KDDI၊ ဆူမီတိုမိုတို့ဖြင့် partner အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ နှစ်ဘီလျံဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ နှစ်ဘီလျံအထိ ရင်းနှီးမြှုပ်နှံဖို့ မျှော်မှန်းထားတယ်။ စစချင်းတော့ နှစ်ဘီလျံ မရှိသေးဘူး။ နောက်ပိုင်းမှ တဖြည်းဖြည်းတိုးသွားပါမယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။

Telenor Myanmar မှ CEO Peter Furberg ကမူ တယ်လီနောအနေဖြင့် မကြာမီ ဈေးကွက်အတွင်းသို့ ၀င်လာတော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် လည်ပတ်နေသည့် အနေအထားတွင် အခက်အခဲအချို့ ရှိနေပြီး တာဝါတိုင်များ အပြည့်အ၀ မစိုက်ထူနိုင်ခြင်းမှာလည်း အခက်အခဲတစ်ရပ်ဖြစ်ကြောင်း ၊ ပြည်ပအော်ပရေတာနှစ်ခုမှ တာဝါတိုင်စိုက်ထူရေးအတွက် Sub-Contract 200 ပေးထားကြောင်း ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းကမူ ပြည်တွင်းတွင် တာဝါတိုင်များစိုက်ထူရန် လိုအပ်ချက်များ ရှိနေသေးသည်မှာ မှန်ကန်ကြောင်း၊ လောလောဆယ်တွင် MPT ၏ တာဝါတိုင်များဖြင့် အသုံးချနေမှုများရှိကြောင်း၊ တာဝါတိုင်များကို ပူးတွဲအသုံးချခြင်း (Tower Share) ဖြင့် ကွန်နက်ရှင်အတက်အကျ မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့အနေနဲ့လည်း အခက်အခဲအချို့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရတနာပုံတယ်လီပို့က အရင်တုန်းက Semi government ကနေ public company အဖြစ် ပြောင်းလဲလိုက်တဲ့အခါမှာ အခက်အခဲတချို့ ရှိပါတယ်။ နောက်ပြီး ကျေးလက်ဒေသကို ပျံ့နှံ့ဖို့ ရည်ရွယ်ထားတဲ့အတွက် အဲဒီနေရာမှာလည်း ပြည်ပအော်ပရေတာတွေနဲ့ ညှိနှိုင်းရတာတွေ ရှိပါတယ်။ အဓိက Key Challenges ကို ပြောပါဆိုရင်တော့ supply နဲ့ demand ဆိုတဲ့အပေါ်မှာ ရှိနေတာပါ” ဟု ဒေါ်နီလာအေးက ပြောကြားခဲ့သည်။

အဆိုပါ Pannel Discussion တွင် အော်ပရေတာလေးခု၏ ဆွေးနွေးချက်များအရ တယ်လီ ကွန်းဆက်သွယ်ရေးကဏ္ဍတွင် အခွင့်အလမ်းများ ရှိနေသေးသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Ooredoo နှင့် Telenor အော်ပရေတာနှစ်ခုကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် လုပ်ကိုင်ခွင့် ချပေးခဲ့ပြီး သက်တမ်းအားဖြင့် ၁၅ နှစ်ကြာမြင့်မည်ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည့် KDDI နှင့် ဆူမီတိုမိုကော်ပိုရေးရှင်းတို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားပြီး အဆိုပါသဘောတူညီချက်အရ ကနဦးလုပ်ကိုင်ခွင့် ၁၀ နှစ်ရရှိမည်ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလျံရှိကြောင်း၊ Telenor ၏ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံရှိကြောင်း သိရသည်။

Eleven

No comments:

Post a Comment