Wednesday 17 September 2014

MPT၏ ညပိုင်းဖုန်းခေါ်ဆိုမှု လျော့ချရာတွင် အခြားအော်ပရေတာသို့ ခေါ်ဆိုမှု မပါဝင်

ရန်ကုန် ၊ မဇ္ဈိမ။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ဖုန်းခေါ်ဆိုမှုတွင် ည ၁၁နာရီမှ နံနက် ၇နာရီအတွင်း ခေါ်ဆိုသည့် နှုန်းများကို ထက်ဝက် လျော့ချထားသော်လည်း ယင်းသို့ ကောက်ခံမှုမှာ MPT ဆင်းမ်ကတ် အချင်းချင်း ခေါ်ဆိုမှုသာ ဖြစ်ပြီး အခြားအော်ပရေတာများသို့ ခေါ်ဆိုမှု မပါဝင်ဟု MPT က တရားဝင် ထုတ်ပြန်ထားသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျော့ချသွားရန် စီစဉ်နေပြီး လျော့ချလိုက်သည့် အချိန်တွင်မူ အခြားအော်ပရေတာများသို့ ခေါ်ဆိုခမှာလည်း ယခုထက် လျော့ကျသွားဖွယ် ရှိနေသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက “ ဖုန်းခေါ်ဆိုခတွေ ပြောင်းလဲ သတ်မှတ်ဖို့လည်း လုပ်နေပါတယ်။ ဒါပေမယ့် MPT ကွန်ယက်အချင်းချင်းခေါ်ဆိုတဲ့ ဈေးနှုန်းက တစ်မျိုး ၊ MPT ကနေ အခြားအော်ပရေတာဆင်းမ်ကတ်ကိုခေါ်တဲ့ဈေးနှုန်းက တစ်မျိုး ဖြစ်မှာပါ ” ဟုပြောသည်။

အခြား အော်ပရေတာသို့ ဖုန်းခေါ်ဆိုခများ သတ်မှတ်နိုင်ရန်အတွက်လည်း ဖုန်းအသုံးပြုမှုများသည့် အချိန်၊ ဖုန်းခေါ်ဆိုမှု နည်းသည့်အချိန်ဟူ၍ နှုန်းထား နှစ်ခု ထွက်ပေါ်လာဖွယ်ရှိနေပြီး ယင်းအတွက် အခြားအော်ပရေတာများနှင့် ညှိနိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။

ကမာရွတ်မြို့နယ်ရှိ မိုဘိုင်းဖုန်းအသုံးပြုသူ ဒေါ်အယ်နီက “ညဥ့်နက်ပိုင်းမှာ ဖုန်းခေါ်ဆိုခ လျော့ချ ထားပေမယ့် အဲဒီအချိန်မှာ ဖုန်းမပြောဖြစ်ပါဘူး။ MPT အနေနဲ့လက်ရှိ ကောက်ခံနေတဲ့ တစ်မိနစ် ငါးဆယ်ကျပ် ဆိုတာက ဖုန်းခေါ်ဆိုခ ဈေးကြီးလွန်းတယ်။ အခြားအော်ပရေတာတွေလိုပဲ တစ်မိနစ်ကို ၂၅ကျပ်လောက်ပဲ ကောက်ခံသင့်ပါတယ် ” ဟုပြောသည်။

MPT အနေဖြင့် ဖုန်းခေါ်ဆိုခများကို လျော့ချရန် အကျိုးတူ ပူးပေါင်းသည့် ဂျပန်ကုမ္ပဏီ နှစ်ခုဖြစ်သည့် KDDI ၊ Sumitomo Corporation တို့နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး တယ်လီနော၏ ဝန်ဆောင်မှု စတင်သည့် နောက်ပိုင်းမှသာ လျော့ချသွားမည်ဟု ဆက်သွယ်ရေးလုပ်ငန်း၊ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Mizzima

No comments:

Post a Comment