Wednesday 17 September 2014

တာဝန်ခံရဲသည့် စိတ်ဓာတ်ရှိမှ တာဝန်ယူသင့်သည်

စက်တင်ဘာလ ၁၂ ရက်ညက သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက် သုမင်္ဂလာလမ်းထဲတွင် ကလေးတစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦးတို့ လျှပ်စစ် ဓာတ်စီးဝင်နေသော လမ်းဘေး ဓာတ်မီးတိုင်ကြောင့် ဓာတ်လိုက်သေဆုံးသွားခဲ့ရသည်။ ဇွန်လ ၂၃ ရက်က လှည်းတန်း ပေ ၅၀ လမ်းတွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ရသည်။ ဇွန်လ ၃၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ပတ္တမြားလမ်းတွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူတစ်ဦးသေဆုံးမှုပြီး ဇူလိုင် ၁၅ ရက်ကလည်း လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်၊ ၁၅ ဈေးအတွင်းရှိ ဓာတ်တိုင်မှ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီး သုံးဦး ဓာတ်လိုက်သေဆုံးခဲ့ကြရသည်။
ဆက်တိုက်ဆိုသလို ဓာတ်လိုက်သေဆုံးကြရသည့် ကြေကွဲဖွယ်အဖြစ်အပျက်များမှာ လမ်းဘေးဓာတ်မီးတိုင်များ ဆွေးမြေ့နေမှုနှင့် လျှပ်စ်ဆက်သွယမ်ရေး စနစ်မကျမှုကြောင့် ယခုလို မတော်တဆ ထိခိုက်သေဆုံးကြရသည်မှာ ထင်ရှားလှပါသည်။ ထိုအခါ လူထုက တိုက်ရိုက်တာဝန်အရှိဆုံး လျှပ်စစ်ဌာနကို ဝိုင်းဝန်းဝေဖန် ပြစ်တင်လာကြတော့သည်။ ဝေဖန်ဖြစ်တင်မှုများ ရှိလာသောအခါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြည်သူများသည် ကိုယ့်အန္တရာယ်ကို ကိုယ်ကိုယ်တိုင်ရှောင်ကြရန် ပြောဆိုခဲ့၏။
နိုင်ငံတကာတွင်လည်း ယခုလို မတော်တဆမှုများ မရှိမဟုတ် ရှိတတ်ပါသည်။ ဥပမာ - လက်လှမ်းမီသလောက်ပြောရရင် ၁၉၅၆ ခုနှစ် စက်တင်ဘာလအတွင်းက အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ခ်ျပြည်နယ်တွင် လူ ၁၀ဝ ကျော်သေဆုံးသည့် မီးရထား မတော်တဆမှုကြီး ဖြစ်ခဲ့ဖူးသည်။ တစ်ဖန် အီဂျစ်နိုင်ငံတွင် ၂၀၁၂ ခု၊ နိုဝင်ဘာလအတွင်းက ကျောင်းကားနှင့် မီးရထား မတော်တဆတိုက်မှုကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ကြရသည်။ ထို့ပြင် ၂၀၁၄ ခု၊ ဧပြီလ ၁၆ ရက်ကလည်း တောင်ကိုရီးယားနိုင်ငံတွင် ကူးတို့သင်္ဘောတစ်စင်း တိမ်းမှောက်ရာ ခရီးသည် ၂၀ဝ နီးပါး သေဆုံးခဲ့ကြရသည်။

ထိုမတော်တဆမှုများ ဖြစ်လာသည့်အခါ ယင်း အိန္ဒိယ၊ အီဂျစ်နှင့် တောင်ကိုရီးယားနိုင်ငံများမှ တာဝန်ရှိသူများသည် ဖြစ်ပွားခဲ့သည့် မတော်တဆမှုများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ခံယူသဘောထားခဲ့ကြသနည်း။ ထိုစဉ်က တာဝန်ရှိသူဝန်ကြီးနှင့် ဝန်ကြီးချုပ်များအားလုံးသည် ရာထူးမှ နုတ်ထွက်ပေးသွားခဲ့ကြပါသည်။ မည်သူကမျှ လူထုအား ကိုယ့်ဘာသာ ကြည့်ရှု ရှောင်ရှားသွားလာကြဟူ၍ တာဝန်မဲ့စကား မပြောကြားခဲ့ကြချေ။ တစ်နည်းအားဖြင့်ပြောရလျှင် ရာထူးမှနုတ်ထွက်သွားကြသူများသည်
သက်ဆိုင်ရာဌာန အသီးသီးတွင် တာဝန်ယူထားကြသူများဖြစ်သည်နှင့်အညီ ယင်းမတော်တဆမှုများအတွက် မိမိတို့မှာ တာဝန်အရှိဆုံးဖြစ်သည်ဟူသည့် ပြည်သူ့ဝန်ထမ်းများ၊ ပြည်သူ့ကိုယ်စား လှယ်များ၏ မှန်ကန်လေးနက်သည့် သဘောထားကို ရာထူးများမှ နုတ်ထွက်ပေးခြင်းအားဖြင့် အထင်အရှား သက်သေပြသွားကြသည့်သဘောပင် ဖြစ်ပါသည်။
ယခုတလော ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည့် လျှပ်စစ် မတော်တဆထိခိုက်မှုများအပေါ် မူတည်ကာ မိမိတို့နိုင်ငံ လျှပ်စစ်ဌာန တာဝန်ရှိသူများသည် မိမိတို့တွင်လည်း တာဝန်ရှိနေသည်ဟူသော သာမန်ပြည်သူ့ဝန်ထမ်းတစ်ယောက်၏ အခြေခံစိတ်ဓာတ်သည်ပင် မရှိသလိုဖြစ်နေသည်။ မိမိတို့တာဝန်ယူထားသည့် အလုပ်တာဝန်၏ အတိုင်းအတာနှင့် တာဝန်ဆိုသည်မှာ အဘယ်နည်းဟူ၍လည်း စဉ်းစားမိဟန်မတူချေ။ အနိမ့်ဆုံးအားဖြင့် လူသားချင်းစာနာထောက်ထားရမည့် အခြေခံမေတ္တာတရားကိုပင်လျှင် လျစ်လျူရှုရာရောက်သည့် တာဝန်မဲ့စကားကို မည်သည့်အတွက်ကြောင့် ထွက်ခဲ့ကြပါသနည်း။

သည်လို တာဝန်ရှိသူများက တာဝန်မဲ့စကား ပြောထွက်ရဲသည့် အခြေအနေမျိုးသည် အဘယ့်ကြောင့် ပေါ်ပေါက်ဖြစ်ထွန်းလာရသနည်း။ တာဝန်ရှိသူများက လူထုအပေါ် မထီမဲ့မြင် ပြောဆိုဆက်ဆံသည့် အပြုအမူမျိုး အဘယ့်ကြောင့် ပြောဆိုဆက်ဆံလာကြရသနည်း။ အရင်းစစ်တော့ အမိမြေဆိုသလို မိမိတို့တိုင်းပြည် နှစ်ပေါင်းများစွာအတွင်း လုပ်ပိုင်ခွင့်အာဏာကို တရားလက်မဲ့ အြွကင်းမဲ့ သုံးစွဲကျင့်သုံးသည့် အာဏာရှင်စနစ် နှစ်ပေါင်းများစွာ ဖြစ်ထွန်းခဲ့သောကြောင့်ပင်ဖြစ်သ
ည်။ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု ကာလတွင် တာဝန်မဲ့သည့် ပြည်သူ့ဝန်ထမ်းနှင့် ကိုယ်စားလှယ်များ မရှိသင့်တော့ပါ။
mizzimaburmese

No comments:

Post a Comment