Wednesday 17 September 2014

ဟုမ္မလင်းမြို့နယ် ၌ တရားသူကြီးတစ်ဦး လာဘ်စားမှု ပေါ်ပေါက်၍ အမှုဖွင့် အရေးယူခံရ

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီး တစ်ဦးသည် အမှုသည်များ ထံမှ ပိုက်ဆံ တောင်းခံ ရယူခြင်းနှင့် စားသောက်ဆိုင် များတွင် အစားအသောက် များဖြင့် ကျွေးမွေး ဧည့်ခံခိုင်းခြင်း များ စစ်ဆေး ပေါ်ပေါက်ခဲ့သည့် အတွက် စက်တင်ဘာ ၁၅ ရက်က အမှုဖွင့် အရေးယူ လိုက်ပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရသည်။

ဟုမ္မလင်း မြို့နယ်တရားရုံး ၌ မြို့နယ် တရားသူကြီး တာဝန်ထမ်း ဆောင်သူသည် ၄င်းရုံး၏ ပြစ်မှုကြီးအမှု အမှတ်- ၁၃၄၉/၂ဝ၁၃ မူး/ စိတ် ပုဒ်မ- ၁၅/၁၆(ဂ) အမှုမှ အမှုသည် စိန်လွင်၏ ဇနီး ဒေါ်သောင်းယဉ် နှင့် ညီဖြစ်သူ စိုင်းအောင် (ခ) အောင်အောင် တို့ထံမှ လာဘ်ငွေ ကျပ် ၁၅ သိန်းကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ဟုမ္မလင်း မြို့နယ် ဥပဒေရုံးမှ အကြီးတန်း စာရေး ဦးသိန်းလွင် ထံမှတစ်ဆင့် ရယူခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့က စစ်ဆေး ပေါ်ပေါက် ခဲ့သည်။

ထို့ပြင် အဆိုပါ မြို့နယ် တရားသူကြီးသည် ၄င်းရုံး၏ ပြစ်မှုကြီး အမှုအမှတ်- ၁၆၁/၂ဝ၁၄ ပြစ်မှု ပုဒ်မ-၃ဝ၄-က/၃၃၇ အမှုတွင် သေဆုံးသူ မောင်အဲ၏ ဇနီးဖြစ်သူ ဒေါ်စိုးစိုး နှင့် ဒဏ်ရာ ရရှိသူ မောင်စိုးဝင်း တို့က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ- ၄၉၄(က)အရ အမှုကို ကျေအေးပေးရန် လျှောက်ထား ခဲ့သည့် အတွက် အဆိုပါ အမှုမှ အမှုသည် ကိုတင်ဝိုင်း ဆိုသူကို ဥပဒေ နှင့် ညီသော အခွင့်အရေး ပေးရန် ဖြစ်သော်လည်း ၄င်းအမှုမှ ယာဉ်ပိုင်ရှင် ဖြစ်သူ ဦးတင်ပိုထံမှ ငွေကျပ် နှစ်သိန်းကို ၂ဝ၁၄ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် တောင်းခံရယူ ခဲ့သည်။

ထို့နောက် ၄င်း တရားသူကြီး သည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကောင်းထက် စားသောက် ဆိုင်၌ အမှုသည်များ ထံမှ စားသောက် ဖွယ်ရာ များကို ငွေကျပ် ၃၇ဝဝဝ ဖိုးခန့် စားသောက်ခဲ့ပြီး ဒုတိယ အကြိမ် အဖြစ် လာဘ်ငွေကျပ် ၁ဝ သိန်းကို ထပ်မံ၍ တောင်းယူ ခဲ့ပြန်သည်။

၎င်း တရားသူကြီး သည် အဆိုပါ စားသောက် ဆိုင်တွင် ၄င်းရုံး၏ ပြစ်မှုကြီးအမှု အမှတ်-၁၆၁/၂ဝ၁၄ ပြစ်မှုပုဒ်မ- ၃ဝ၄-က/ ၃၃၇ အမှုမှ ယာဉ်ပိုင်ရှင် ဖြစ်သူ ဦးတင်ပို ထံမှ စားသောက်ဖွယ်ရာ တန်ဖိုးငွေကျပ် ၅၂၉ဝဝ ဖိုးခန့် ဧည့်ခံကျွေးမွေး ခိုင်းခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့က စစ်ဆေးသည့် အခါ ပေါ်ပေါက် ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အမှုသည်များထံမှ လာဘ်ငွေများ ရယူပြီး စားသောက် ဖွယ်ရာများ ဧည့်ခံကျွေးမွေး ရာတွင် အမှုသည်များ နှင့်အတူ စားသောက် ခဲ့သည့် ဟုမ္မလင်း မြို့နယ် တရားသူကြီးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့မှ စစ်ဆေးရေးမှူး ဦးသိန်းဝင်း က ဥပဒေအရ အရေးယူ ပေးရန် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က တရားလိုပြုလုပ် တိုင်တန်းခဲ့ သဖြင့် ဟုမ္မလင်း မြို့မရဲစခန်းက (ပ)၁၃၇/ ၂ဝ၁၄ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၆အရ အမှုဖွင့် အရေးယူခဲ့ပြီး စွပ်စွဲခံရသူ မြို့နယ်တရား သူကြီးကို ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

PyiChitThar

No comments:

Post a Comment