Thursday 7 August 2014

ညွှန်ကြားချက်အချို့ ပြောင်းလဲရန် ပြည်တွင်းဘဏ်များနှင့် ဗဟိုဘဏ် တွေ့ဆုံဆွေးနွေး

ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းဘဏ်များ လိုက်နာရန် သတ်မှတ်ထားသော ညွှန်ကြား ချက် အချို့ကို ပြုပြင်ရန် ပြည်တွင်းဘဏ်များနှင့် ဗဟိုဘဏ် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံ ဘဏ် များ အသင်းထံမှ သိရသည်။
အဆိုပါ ဆွေးနွေးမှုကို သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ဗဟိုဘဏ် ရုံးခွဲတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဘဏ်များ ဗဟိုဘဏ်တွင် ထားရသော အရန်ငွေ ပမာဏ အပါအဝင် ညွှန်ကြားချက်အချို့ကို နိုင်ငံတကာ စံနှုန်းအများအတိုင်း ပြုပြင်၍ လာမည့် ဘဏ္ဍာနှစ်တွင် စတင် ကျင့်သုံးနိုင်ရေး အတွက် ဆွေးနွေးခြ င်း ဖြစ်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

“Reserve Requirement တို့၊ ဘာတို့တွေ ပါတယ်။ ဒါပေမဲ့ အတိအကျတော့ အော်ဒါ (ညွှန်ကြားချက်) မထွက်သေးဘူး။ ဆွေးနွေးနေဆဲပဲ ရှိသေးတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ပြည်တွင်းဘဏ်များအပေါ် ဗဟိုဘဏ်က သတ်မှတ်ထားသော ညွှန်ကြားချက် အချို့သည် တင်းကျပ် သင့် သည် နေရာတွင် မတင်းကျပ်ခြင်း၊ မတင်းကျပ်သင့်သည့် နေရာများတွင် တင်းကျပ်ခြင်းများကြောင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ပညာရှင်များနှင့် ပူးပေါင်း၍ ပြုပြင် မည် ဖြစ်ကြောင်း မြန်မာနိုင် ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

နိုင်ငံတကာ စံနှုန်းအတိုင်း ပြုပြင်ပြောင်းလဲမည် ဆိုခြင်းသည် လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း၊ သို့သော် အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်ပြီး အလျင်အမြန် ပြုပြင်ပြောင်းလဲပါက ပြည်တွင်းဘဏ်များ လည်ပတ်မှု အခက်အခဲများ ဖြစ်နိုင်ကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“နိုင်ငံခြားဘဏ်တွေ ဝင်မယ်ဆိုတော့ ပြောင်းရတော့မယ်။ နို့မို့ဆိုရင် နိုင်ငံခြားဘဏ်တွေ လိုက်နာရတဲ့ မူဝါဒတွေ က တစ်မျိုး၊ ပြည်တွင်းဘဏ်တွေ လိုက်နာရတာက တစ်မျိုး ဖြစ်နေလိမ့်မယ်။ အကုန်လုံး တူမှရ မယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၌ အရန်ငွေပမာဏကို ၁၀ ရာခိုင်နှုန်း ထားရှိရန် လတ်တလောတွင် သတ်မှတ် ထားပြီး နိုင်ငံတကာတွင်မူ အရန်ငွေပမာဏကို ရှစ်ရာခိုင်နှုန်းသာ ထားရှိရန် သတ်မှတ်ထားကြောင်း ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။

လတ်တလောဘဏ်များ အရန်ငွေ ပမာဏထားရှိရာတွင် ငွေချေးစာချုပ် ထားရှိမှုများ အစား ငွေသား များ ပြောင်းလဲထားရှိရန်လည်း ညွှန်ကြားမည် ဖြစ်ပြီး ပြောင်းလဲရမည့် ညွှန်ကြားချက်များကို သုံးလ (သို့မဟုတ်) ခြောက်လ ကြိုအကြောင်းကြားမည် ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment