Thursday 7 August 2014

တစ်နှစ်ကျော်ကြာမဖြေရှင်းနိုင်သေးသည့် UMFCCI ၏ ကျပ်သိန်းငါးသောင်းခန့် ဘဏ္ဍာရေးပြဿနာအတွက် သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်မည်

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဘဏ္ဍာရေးဆိုင်ရာပြဿနာများအတွက် တစ်နှစ်ကျော်လာသည့်အထိ ငွေစာရင်းရှင်းတမ်းထုတ်ပြန်နိုင်မှုမရှိသည့်ပြဿနာများကို နိုင်ငံတော် သမ္မတအပါအ၀င် တာဝန်ရှိသူများထံတင်ပြခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ်မည်ဟု ဇောတိက အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်က ပြောကြားသည်။

ကုန်သည်စက်မှုအသင်းချုပ်၏ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၃ ရက်တွင်ကျင်းပသည့် (၂၂) ကြိမ်မြောက် အသင်းသားစုံ ညီအစည်းအဝေးတွင်တင်ပြခဲ့သည့် ၂၀၁၁-၂၀၁၃ ဘဏ္ဍာရေးရှင်းတမ်းနှင့်ပတ်သက်၍ မှန်ကန် မှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန် ဦးခင်လှိုင်မှတောင်းဆိုရာ အသင်းဝင်အခွင့်အရေးနှင့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် ဘဏ္ဍာရေးရှင်းတမ်း လွတ်လပ်စွာစစ်ဆေးခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်၏ ယခင်ဥက္ကဋ္ဌနှင့် လက်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးဝင်းမြင့်က သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းနှင့် အစိုးရအဖွဲ့ဝင်လူကြီး အချို့၏ရှေ့တွင် ကတိပေးပြောကြားခဲ့သည်။

ထိုသို့ ကတိပေးမှုများရှိခဲ့သော်လည်း အသေးစိတ်စာရင်းရှင်းတမ်းများ ထုတ်ပြန်ပေးနိုင်မှုမရှိသဖြင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများထံ အသိပေးတင်ပြမှုပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ဖြစ်သည့် ကုန်သည်စက်မှုအသင်းချုပ်၏ သြဂုတ် ၁၂ ရက်တွင်ကျင်းပမည့် ၂၃ ကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ်မည်ဟု ဦးခင်လှိုင်က ဆိုသည်။

ရန်ကုန်နှင့် နေပြည်တော်အသင်းရုံးချုပ်နှစ်ရုံးအတွက် ကုန်ကျငွေကျပ်သိန်းပေါင်း လေးသောင်း ရှစ်ထောင်ကျော် အတွက် အသေးစိတ်စာရင်းများအပါအ၀င် ပွင့်လင်းမြင်သာမှုရှိစွာချပြရန် ဦးခင်လှိုင်က တောင်းဆိုသည့် ငွေစာရင်းရှင်းတမ်း ၁၄ ခုအတွက် လက်ရှိအချိန်ထိ ရှင်းလင်းနိုင်ခြင်းမရှိသဖြင့် ယခင်သြဂုတ် ၆ ရက်နှင့် ၂၇ ရက်များတွင် အသင်းချုပ်မှ တာဝန်ရှိသူများဖြစ်သည့် ဦးဝင်းအောင်၊ ဦးလှမောင်ရွှေ စသည့်သူများနှင့် တွေ့ဆုံပြောကြားခဲ့သည့် မှတ်တမ်းဗီဒီယိုများကို နိုင်ငံတော်သမ္မတ အပါအ၀င် တာဝန်ရှိသူများနှင့် ပြည်သူများလေ့လာနိုင်သည့် အနေအထားအထိ ဖြန့်ဝေပေးခဲ့ကြောင်း ဦးခင်လှိုင်ကဆိုသည်။

"နှစ်ပတ်လည်ပွဲမတိုင်မီ သြဂုတ် ၁၀ ရက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပါမယ်။ သမ္မတကြီးဆီ ဒီဘဏ္ဍာရေး ရှင်းတမ်း အတွက် တင်ပြထားတာလည်း ထူးခြားမှုရှိပါတယ်" ဟု ဦးခင်လှိုင်က ပြောကြားပါသည်။

"စာရင်းမရှင်းနိုင်ဘူးဆိုတာမဟုတ်ပါဘူး။ နှစ်ပတ်လည်ပွဲမှာ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေး ငွေစာရင်းရှင်းတမ်းကို အားလုံးသိအောင် ထုတ်ပြန်ထားပါတယ်" ဟု ဦးဝင်းအောင်ကဆိုသည်။

လက်ရှိထုတ်ပြန်နိုင်မှုမရှိသေးသည့် ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကိန်းဂဏန်းများမှာ ယခင်အစိုးရလက်ထက်တွင် အမိန့်ညွှန်ကြားချက်များဖြင့် လုပ်ကိုင်ခဲ့ရသည့် အကျိုးဆက်များဖြစ်နေပြီး ငွေစာရင်းကိန်းဂဏန်းများမှာ EC, CEC ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်များဖြစ်သည့်အတွက် အဆိုပါစာရင်းများအား EC, CEC များနှင့် တင်ပြဆွေးနွေးပြီးမှ ဦးခင်လှိုင်အား ပြသနိုင်မည်ဖြစ်ကြောင်း ဦးဝင်းအောင်က ပြောကြားသည်။ အသင်းချုပ်ရုံးအားပေါင်နှံ၍ ရငွေအား ဖော်ကျွန်းအင်တာနေရှင်နယ်မှ ဦးမြဟန်အပါအ၀င် လုပ်ငန်းရှင်များအား ထုတ်ချေးသည်ဆိုရာတွင်လည်း အသင်းရုံးများတည်ဆောက်ပြီး စီးရန်နှင့် အသင်းချုပ် အောင်မြင်စွာလည်ပတ်နိုင်ရန် အသင်းချုပ်မှတောင်းဆို၍ ထုတ်ချေးခဲ့ခြင်း သာဖြစ်ကြောင်း ဦးဝင်းအောင်က ဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment