Thursday 7 August 2014

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်နှင့် တိုင်ကြားစာအရေအတွက် မည်မျှဖြေရှင်းပြီး ဖြစ်သည်ကို လာမည့်လွှတ်တော်၌ မေးမြန်းမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်နှင့် ကဏ္ဍအသီးသီးမှ တိုင်ကြားထားသော တိုင်စာအရေအတွက်မည်မျှအား ဖြေရှင်းပြီး ဖြစ်သည်ကို စက်တင်ဘာတွင် ကျင်းပဖွယ် ရှိ သည့် (၁၁) ကြိမ်မြောက် လွှတ်တော်အစည်း အဝေး၌ မေးမြန်းမည်ဟု သတင်းရရှိသည်။ 

၎င်းကိစ္စများနှင့်ပတ်သက်၍ သင်္ကန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မေးမြန်းမည်ဖြစ်ပြီး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုင်ကြားလာသည်အထိ မစောင့်ဘဲ စစ်ဆေးအရေးယူမှုများပြုလုပ်ရန် လွှတ်တော်မှတစ်ဆင့် တိုက်တွန်းမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လက်ရှိ ဆောင်ရွက်ချက်တွေကိုလည်း ပြည်သူတွေအနေနဲ့ သိရှိဖို့လိုပါတယ်။ အခုလာမယ့် (၁၁) ကြိမ်မြောက် လွှတ်တော်မှာ မေးပါမယ်။ ဒါဆို သူတို့အတွက်လည်း အချိန်ရပြီ။ ၂ဝ၁၃ ဩဂုတ်လမှာ ကော်မရှင်ဖွဲ့ပါတယ်။ ကော်မရှင်ဖွဲ့ပြီးနောက် သူတို့ဆီရောက်တဲ့ အမှုအရေအတွက် အဲဒီ အပေါ်မှာ ဘယ်လိုအရေးယူထားတယ်။ အဲဒီ အချက်တွေသိချင်ပါတယ်။ အဲဒီဥပဒေမှာ ပြည်သူ့ဘဏ္ဍာတွေကို ကာကွယ်ပေးထားတဲ့ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ အဲဒီပြ|ာန်းချက် တွေ အသက်ဝင်လာအောင် ကော်မရှင်က ဘယ်လို ဆောင်ရွက်မယ်ဆိုတာကို တိုင်းပြည်ကသိအောင် မေးရမှာပဲ။ မေးခွန်းထဲမှာ ပါတဲ့အချက်တွေအရ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်ဖြေတဲ့အခါမှာ အစိုးရအဖွဲ့ဝန်ကြီးတွေ လာဘ်စားမှုအနေနဲ့ ဘယ်နှမှုရှိတယ် ဆိုတာတွေပါ ပါလာလိမ့်မယ် လို့ သုံးသပ်ချင်ပါတယ်” ဟု ပြောကြားသည်။

“ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အားမရတာထက်ကို သူတို့တာဝန်ယူနေတဲ့ ကာလမှာ သူတို့စွမ်း ဆောင်ရည် ဘယ်လောက်ရှိလဲ။ သူတို့ ပြည်သူတွေအကျိုးကို ဘယ်လောက်အထိ ထမ်းဆောင်နိုင်သလဲ သိချင်တယ်။ ဥပဒေနဲ့အညီ သူတို့အလုပ်လုပ်ချင်အောင်၊ အလုပ်လုပ်နိုင်အောင်တော့ ကျွန်တော်တို့ပြည်သူ တွေက ဝိုင်းတွန်းပေးဖို့လိုပါတယ်” ဟု ဦးသိန်းညွန့်က ဆက်လက်ပြောကြားသည်။

ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန်နှင့် ကော်မရှင် အနေဖြင့် လာဘ်ပေးလာဘ်ယူ နာမည်ပျက်အဖွဲ့အစည်းများကို တိုင်ကြားလာသည်အထိ မစောင့်ဘဲ အရေးယူနိုင်ရန်လည်း လိုအပ်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။

ကော်မရှင်သို့ တိုင်စာများရောက်ရှိမှု နည်းပါးနိုင်သည့်အချက်မှာ လာဘ်ပေးသူနှင့် လာဘ်ယူသူနှစ်ဦး စလုံးမှာ လာဘ်ပေးလာဘ်ယူ ဥပဒေအရ အရေးယူခံရနိုင်သည့်အတွက် ဖြစ်ကြောင်း၊ တိုင်ကြားမှုများ နည်းပါးနိုင်သော်လည်း လွှတ်တော်ကော်မတီများသို့ တိုင်ကြားသည့် တိုင်စာများအပေါ် အခြေခံကာ အရေးယူ မှုများ ပြုလုပ်နိုင်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်သော်လည်း ဥပဒေ၏ အကျိုး သက်ရောက် မှုသည် ပြည်သူများနှင့် အဖွဲ့အစည်းအသီးသီးအပေါ် လွှမ်းမိုးနိုင်ရန်လိုကြောင်း သိရသည်။

လက်ရှိအချိန်တွင် လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ အဆိုးရွားဆုံးနာမည်ပျက်နေသော အဖွဲ့အစည်းမှာ တရားရေး အဖွဲ့အစည်းများဖြစ်ကြောင်း၊ လွှတ်တော်သို့တိုင်ကြားလာသည့် တိုင်စာပေါင်း ၁ဝဝဝဝ ကျော် ရှိသည့်အနက် ၈ဝဝဝ ကျော်သည် တရားရေး အဖွဲ့အစည်းများအား တိုင်သည့်စာများဖြစ် ကြောင်း၊ ထို့ကြောင့် တရားသူကြီးများ၏ လစာနှင့် ပိုင်ဆိုင်မှုများကိုလည်း ကော်မရှင် အနေဖြင့် လေ့လာစုံစမ်းကာ အရေးယူမှုများ ပြုလုပ်သင့်ကြောင်း ဦးသိန်းညွန့်က ဆက်လက်ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား နေပြည် တော်တွင်ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ကော်မရှင်ကို သမ္မတဦးသိန်းစိန် အတည်ပြုကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင်၌ လူထုမသိသော ပြည်သူ့ဝန်ထမ်း ဟောင်းများနှင့် စစ်မှုထမ်းဟောင်း အများစုပါဝင်ကာ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးမြဝင်း (စစ်မှုထမ်းဟောင်း အငြိမ်းစား)၊ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီးအငြိမ်းစား) တို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ ၂ဝ၁၃ ခုနှစ် ကမ္ဘာ့အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းအရသိရပြီး နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် မြန်မာနိုင်ငံသည် ၁၅၇ အဆင့်တွင် ရှိနေကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment