Wednesday 16 July 2014

" ရှမ်းလက်နက်ကိုင် SSA အနေဖြင့် ပဋိပက္ခကို ငြိမ်းချမ်း စွာဖြေရှင်းလိုခြင်း မရှိဟု ကာကွယ်ရေး ဒုဝန်ကြီးဆို "

SSA လက်နက်ကိုင်တပ်ဖွဲ့အနေ နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲသဘောတူထားသည်များကို ကတိမတည်ဘဲ ချိုးဖောက်နေသော်လည်း တပ်မတော်အနေနှင့်လတ်တလောစစ်ရေး နည်းလမ်းနှင့် ဖြေရှင်းသွားမည် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

''ဒေသခံများ နေထိုင်စားသောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ရေးနည်းလမ်းနဲ့ တုံ့ပြန်ဖြေရှင်းခြင်း မရှိပါဘူး။ သို့သော် SSA လက်နက်ကိုင်တပ်ဖွဲ့အနေ နဲ့ ငြိမ်းချမ်းစွာဖြေရှင်းလိုခြင်းမရှိပါဘူး''ဟု ဗိုလ်ချုပ်ကျော်ညွန့် က ပြောသည်။ အစိုးရတပ်များနှင့် SSPP , SSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲ များဖြစ်ပွားနေမှုကြောင့် ရှမ်းပြည်နယ် လွိုင်လင်ခရိုင်ကျေးသီးမြို့နယ်ရှိ ဒေသခံများဒုက္ခရောက် ရှိနေကြောင်း၊ ထို့ကြောင့် အမြန်ရပ်တန့်ပေးရန် အရေးကြီးအဆိုကို ဦးစိုင်းအွမ်ဆိုင်မိုင်းမှ ဇူလိုင် ၁၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင်တင်ပြခဲ့ရာ ဒုတိယဝန်ကြီးကအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရစစ်ကြောင်းထဲသို့ ဝင်လာ၍သာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် တိုက်ပွဲများဖြစ် ပွားမှု လုံးဝမရှိကြောင်း ၎င်းက ဆိုသည်။ ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအွမ်ဆိုင်မိုင်းက လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ရှိပြည်သူများအနေနှင့် စစ်ဖြစ်နေခြင်းကြောင့် စစ်ဘေးရှောင်နေရပြီး စား ဝတ်နေရေး အခက်အခဲ ကျန်းမာရေးအခက်အခဲ ကြုံတွေ့နေရကာ စာသင်ကျောင်းကြီးအတွင်း တပ်မတော်သားများ လာရောက်နေထိုင်နေကြသည့်အတွက် ကျောင်းစာသင်ရန်စိုးရိမ်ပူပန်နေရကြောင်း၊ စစ်ဘေးရှောင်ပြည်သူ များအား အေးချမ်းစွာ ပြန်လည်လုပ်ကိုင်နိုင်ရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ကူညီဖြေရှင်း သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်ခဲ့ခြင်းဖြစ်သည်။

ထိုအဆိုကို ကွမ်းဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက ထောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော်မှ မှတ်တမ်းတင်ခဲ့ သည်။ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်တွင် ဇွန်လ ၂၆ ရက်မှ ယနေ့အထိတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့တွင် တိုက်ပွဲအပြင်း ထန်ဆုံးဖြစ်ပွားခဲ့ကြောင်း ဒေါ်နန်းဝါနုက ပြောသည်။
စိုင်းလမင်း

Popular Myanmar News Journal

No comments:

Post a Comment