Wednesday 16 July 2014

အစ္စရေး နိုင်ငံသားတစ်ဦး ဒုံးကျည်ထိမှန် သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက် ပျက်ပြယ်

Photo: အစ္စရေး နိုင်ငံသားတစ်ဦး ဒုံးကျည်ထိမှန် သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက် ပျက်ပြယ်
Wednesday, July 16, 2014

ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် အစ္စရေး နိုင်ငံသားတစ်ဦး သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲမည့် အစီအစဉ်လည်း အလိုလို ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်က စတင်လာသည့် အပြန်အလှန် တိုက်ခိုက်မှုများတွင် ပထမဆုံးအကြိမ်အဖြစ် ဂါဇာတို့၏ ဒုံးကျည်တစ်စင်း ထိမှန်မှုကြောင့် အစ္စရေး နိုင်ငံသားတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက အစ္စရေး သမ္မတ ဘင်ဂျမင် နာတန်ယာဟူနှင့် အစိုးရအဖွဲ့သည် အီဂျစ်က ကြားဝင် ညှိနှိုင်းပေးမည့် အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို သဘောတူရန် ဆုံးဖြတ်ထားသော်လည်း ယခုဖြစ်စဉ်က အခြေအနေ တိုးတက်မှုကို ဖျက်ဆီးလိုက်သည်။

အစ္စရေးသည် ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်လာခဲ့ရာ ပါလက်စတိုင်းတို့ဘက်၌ အသေအပျောက် ပမာဏ (၂၀၀)ကျော်သွားပြီ ဖြစ်သည်။ အစ္စရေး၏ တိုက်လေယာဉ်များသည် ဟားမားစ် စစ်သွေးကြွတို့ ခိုအောင်းနေသည်ဟု ယူဆရသည့် ပစ်မှတ်များကို အဓိက ခြေရာခံ ဗုံးကြဲနေခြင်း ဖြစ်သည်။

ဟားမားစ်တို့ဘက်မှ အပစ်အခတ် ရပ်စဲရေး အားထုတ်မှုကို ပယ်ချသည့် အခြေအနေမျိုးထံ ဦးတည်ခဲ့ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် နာတန်ယာဟူ မိမိတို့၏ တိုက်ခိုက်မှုများကို နယ်ပယ်ပိုမို ကျယ်ပြန့်စွာဖြင့် အရှိန်မြှင့်တင်သွားမည်ဟု သတိပေးထားသည်။ အီရက်ဇ် နယ်ခြားစောင့် စခန်းအနီးတွင် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲရာ အစ္စရေး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဟားမားစ်တို့၏ အက်ဇာဒိုင်း အယ်လ်ကွာဆမ် တပ်ခွဲက ယင်းတိုက်ခိုက်မှုသည် မိမိတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်(၁၆)ရက်သည် ဂါဇာမှ ဒုံးကျည်ပစ်ခတ်မှုများကို ဟန့်တားရန် ရည်ရွယ်သည့် အစ္စရေး လေတပ်၏ Protective Edge စစ်ဆင်ရေး နဝမမြောက်နေ့လည်း ဖြစ်သည်။ ထိုအတောအတွင်း ဟားမားစ်တို့သည် အစ္စရေးဘက်သို့ ဒုံးကျည်နှင့် မော်တာကျည်ဆန်ပေါင်း (၁၀၀၀)ကျော် ပစ်ခတ်ခဲ့ပြီး အစ္စရေးကလည်း ဂါဇာမှ ပစ်မှတ် (၁၅၀၀)မျှကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

7 Day Daily

No comments:

Post a Comment