Wednesday 25 June 2014

ရန်ကုန်ရှိ မြို့နယ်အချို့ ရေကြီး၊ စာသင်ခန်းများပင် ပိတ်ထားရ

မိုးတွင်းကာလ တစ်လပင်မပြည့်သေးသော်လည်း ရန်ကုန်မြို့တော်ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် မြောက်ဥက္ကလာပနှင့် ဒဂုံတောင်ပိုင်းမြို့နယ် အခြေခံပညာကျောင်းအချို့ရှိ စာသင်ခန်းများ ပိတ်ထား ရသည် ဟု ကျောင်းဆရာများနှင့် မိဘများကဇွန် ၂၄ ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

မြောက်ဥက္ကလာမြို့နယ် (ည)ရပ်ကွက်ရှိ အမှတ်၁၇ အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာ အထက်တန်းကျောင်းဝင်းများအတွင်း ရေ၀င်ရောက်သည့် စာသင်ခန်းအချို့ပိတ်ထားရခြင်း ဖြစ်သည်။

အမှတ် (၁၇) အခြေခံပညာမူလတန်းကျောင်းတွင် ပထမတန်းတွင် ပညာသင်ကြားနေသူများကို အိမ်ပြန် လွှတ်ခဲ့ရပြီး အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌မူ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမ တန်းစာ သင်ခန်းများ ပိတ်ထားရသည်ဟု ကျောင်းအုပ်များက ပြောသည်။

“ဒီနှစ်က နှစ်ခါရှိပြီ ကျောင်းစဖွင့်ကတည်းက ပြီးခဲ့တဲ့တစ်ပတ်ကတစ်ခါပိတ်ရပြီးပြီ။ ဒီအကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးကတစ်ဆင့် စည်ပင်ကို ပို့ပေးထားပါတယ်။ ဘာအကြောင်းမှတော့ မပြန်သေးဘူး။ရေက တ ချို့နေရာတွေဆိုရင် တစ်နွေလုံးရှိနေတာ။ တချို့နေရာတွေကတော့ မိုးသိပ်မရွာတော့ရင် ပြန်ကျတယ်။ ဒါပေမဲ့ အခုတော့ မကျသေးဘူး”ဟု အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဦးလှထွေးက မဇ္ဈိမကို ပြောသည်။

မိုးရာသီအ၀င် ဇွန်လအတွင်း၌ပင် ရေမြောင်းပိတ်ဆို့မှု၊ ရေထွက်ပေါက်နည်းပါးမှုတို့ကြောင့်လူနေအိမ် အချို့ပါရေ၀င်ရောက်သည့်အဖြစ် ကြုံနေရသည်ဟု မြောက်ဥက္ကလာပ (ည)ရပ်ကွက်နေ ဦးကြည်အေးက ပြောသည်။

“ဒီနေ့မနက်ကစပြီး ရွာတဲ့မိုးကြောင့် ကျွန်တော်တို့အိမ်ထဲရော မြင်တဲ့အတိုင်း ရေ၀င်နေပြီ။ ဒါတောင်မှ နည်းနည်းပြန်ကျသွားတာ မိုးမရပ်ရင်တော့ထပ်တက်မှာပဲ” ဟု ၎င်းက ပြောသည်။ မြောက်ဥက္ကလာပ မြို့နယ် အတွင်း ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်ရှိပြီး ရပ်ကွက် အများစုတွင်မိုးတွင်းကာလတွင် ပုံမှန်ရေကြီးနေကြ ဖြစ်သော် လည်း ယခုနှစ် မိုးကာလအစမှာပင် ယင်းသို့ ကြုံတွေ့နေရပြီဟု ဒေသခံ တို့က ဆိုသည်။ ထို့အတူ ဒဂုံတောင်ပိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင်လည်း ရေကြီးမှု ကြုံတွေ့နေရသည်ဟု ဒဂုံတောင်ပိုင်း ၁၄၀ ရပ်ကွက်နေ ဒေါ်သောင်းတင်က ပြောသည်။

“ရေက အိမ်ကြမ်းပြင်ကို ကပ်နေပါပြီ။ ပြီးခဲ့တဲ့ တစ်ခေါက်မိုးစရွာတုန်းကဆိုရင် အိမ်မြုပ်ပါတယ်”ဟု ၎င်း ကဆိုသည်။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇန ဥယျာဉ်မြို့တော်အိမ်ရာတွင် နေထိုင်သူအချို့ကမူရေကြီး ရေ လျှံ မှု သည် ဖြစ်ရိုး ဖြစ်စဉ်အမှတ်ဖြင့် ရိုးတောင်နေပြီဟု ပြောသည်။

“မိုးများများ မများများ မိုးရွာတာနဲ့ ရေတက်တယ်။ ကျောင်းဆိုလည်း အမြဲတမ်း ရေတက်တာပဲ။ ပိတ်တာ တွေလည်း ရှိတယ်။ အခုတော့ မပိတ်သေးဘူး”ဟု ဒဂုံဆိပ်ကမ်းနေ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်း ဒေါ်ဖြိုးဖြိုး ဝေက မဇ္ဈိမကိုပြောသည်။ လှိုင်မြို့နယ်အတွင်း၌လည်း ရေကြီးမှု ကြုံတွေ့နေရပြီး ယမန်နှစ်ထက်ပိုမိုဆိုးရွား နေပြီး နေအိမ်သို့ ရေ၀င် ရောက်ခြင်းပါ ကြုံတွေ့နေရသည်ဟု လှိုင်မြို့နယ် ၁၃ ရပ်ကွက်နေ ဦးသိန်းဝင်းအောင်က မဇ္ဈိမကို ပြော သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင်းအတွက်မူ ရေမြောင်းစနစ်များ ပြန်လည် ပြင်ဆင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။ မြို့တွင်းစာရင်းတွင် သတ်မှတ်ခြင်း မခံရသည့် မြို့နယ်များ၌မူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစရိတ်နှင့် စည်ပင်အပါအ၀င် ဒေသ အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်းကာ ဒေသ အချို့တွင် ရေမြောင်းတူးဖော်ပေးထားနေသော်လည်း ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

Eleven Media Group

No comments:

Post a Comment