Wednesday 25 June 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက် အရိပ်ရ သစ်ပင်များ စိုက်ပျိုးမည်

မန္တလေးမြို့၊ တောင်စလင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တသိက္ခနှင့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့၏ စီစဉ်မှုဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက်တွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးမြို့ ဗုဒ္ဓ ဘာသာသနာ ပြန့်ပွားရေး အသင်းချုပ် ဥက္ကဋ္ဌ ဦးလှဝင်းက The Messenger Media သို့ပြောသည်။

အရင်က လမ်းဘေး ၀ဲယာမှာ စိုက်ထားတဲ့ အပင်တွေရှိပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတော့ ရာသီဥတုဒဏ်ကြောင့် အပင်တော်တော်များများ သေနေတယ်။ ဆရာတော်ကြီးက ဖြတ်သွားဖြတ်လာ ကားနဲ့ကြွရင်း ဒါကိုတွေ့တော့ ၀န်ကြီးချုပ်ဆီ အလှူခံပါတယ်။ ၀န်ကြီးချုပ်က သစ်တောဌာနကို အကူအညီတောင်း ပြီးတော့ အခု အစီအစဉ်ကို စတာပါ။ ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင်ပြီးတော့ လူမှု အဖွဲ့အစည်း ပေါင်းစုံ နဲ့ ရည်ရှည်ဆောင် ရွက်မယ့် အစီအစဉ်ဖြစ်ပါတယ် ဟု ၄င်းက ပြောသည်။

အဆိုပါ သစ်ပင် စိုက်ပျိုးမှု လုပ်ငန်းစဉ်များကို ရန်ကုန်-မန္တလေးလမ်းမ တစ်လျှောက် အတွက် သုံးနှစ် စီမံကိန်း အဖြစ် ရည်မှန်းထားပြီး၊ ယခု ပထမနှစ်တွင် မန္တလေးမြို့ တံခွန်တိုင် အ၀ိုင်းမှ တံတားဦး လမ်းဆုံအထိ အရိပ်ရ ကုက်္ကိုပင်ပေါင်း (၁၃၀၀) ကို အပင်များ ရှင်သန်ကြီးပြင်း အရိပ်ရသည် အထိ ရည်ရှည် ထိန်းသိမ်း ဆောင်ရွက်မည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ပင် စိုက်ပျိုး ထိန်းသိမ်းမှု လုပ်ငန်းတွင် မန္တလေးမြို့ ဗုဒ္ဓဘာသာသနာ ပြန့်ပွားရေး အသင်းချုပ်၊ ပုသိမ်ကြီး၊ ပုသိမ်လေး၊ အမရပူရ၊ စဉ့်ကိုင်၊ တံတားဦးမြို့နယ်များမှ ဗုဒ္ဓဘာသာသာနာ ပြန့်ပွားရေး အသင်းများ၊ တံတားဦး စိမ်းရောင်စို အဖွဲ့ စသည် တို့နှင့် အတူ မန္တလေးမြို့မှ လူမှုအဖွဲ့ အစည်း (၄၆) ဖွဲ့ ပါဝင်မည် ဖြစ်ကြောင်း ဗုဒ္ဓဘာသာသနာ ပြန့်ပွားရေး အသင်းချုပ်မှ သိရသည်။

အရိပ်ရသစ်ပင်များစိုက်ပျိုးမှုအတွက် အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက အရိပ်ရသစ်ပင်တစ်ပင်လျှင် ငါးထောင်ကျပ်နှုန်းဖြင့် ဆက်သွယ် လှူဒါန်းနိုင်ပြီး၊ လှူဒါန်းမည့် အလှူရှင်၏ အမည်ကို ကမ္ပည်းရေးထိုးပေးမည် ဖြစ်ကာ ရက်ရှည် ထိန်းသိမ်း စောင့်ရှောက်မှု အတွက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အဆိုပါ အသင်းချုပ်မှ သိရသည်။

Messenger News Journal 

No comments:

Post a Comment