Wednesday 25 June 2014

ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော သာသနာရေး ၀န်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲမှုများကို ကြပ်မတ် စိစစ်ရန် လွှတ်တော်ကော်မတီ ဆုံးဖြတ်

ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော သာသနာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အခြား ၀န်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲမှုများကို ကြပ်မတ်စိစစ်ရန် ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက ဆုံးဖြတ်ခဲ့သည်။

ယခု ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့သည့် ၎င်းကော်မတီ၏ အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်ကော်မတီမှ စနစ်တကျကြပ်မတ်မည့် ၀န်ကြီးဌာနများတွင် လက်ရှိ ပြဿနာများ ဖြစ် ပွားနေသည့် သာသနာရေးဝန်ကြီးဌာန၊ ပုံနှိပ်စက်ဝယ်ယူမှုဆိုင်ရာ ဖြေရှင်းမှုများ ပြုလုပ်နေရသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပါဝင်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်က “ကျွန်တော်တို့ အခု အစည်းအဝေး လုပ်ထားတာက ဒီတစ်ခေါက်မှာ ဘတ်ဂျက်တွေ စနစ်တကျလုပ်ဖို့၊ ပြီးခဲ့တဲ့ ဘတ်ဂျက်တွေကို ပြန်စစ်ဖို့ အဲဒါ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့ တာဝန်ယူထားရတဲ့ ပြန်ကြားရေး အပါအ၀င် ၀န်ကြီးဌာန အသီးသီးရဲ့ ဘတ်ဂျက်တွေ အားလုံးကိုပေါ့။ အခုလာမယ့် RE ဘတ်ဂျက်စစ်တဲ့အခါမှာ အရင်က ဘတ်ဂျက်တွေကို ပြန်ပြီးကြည့်မယ်။ စစ်မယ်။ နောက်ပိုင်း စနစ်တကျ လုပ်ဖို့လည်း ကော်မတီဥက္ကဋ္ဌ မှာတယ်။ အရင်လည်း စနစ်တကျ လုပ်ခဲ့တယ်။ သို့သော် detail အသေးစိတ် လိုက်နိုင်အောင် ကော်မတီကိုလည်း အပိုင်းတွေ ခွဲထားလိုက်တယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်” ဟု ပြောကြားသည်။

လွှတ်တော်မှ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးသို့ ဘတ်ဂျက်များ ချပေးခဲ့သော်လည်း ၀န်ကြီးဌာနများ အနေဖြင့် မှန်ကန်စွာ သုံးစွဲခြင်း ရှိ၊ မရှိကို မြေပြင်သို့ ကွင်းဆင်းစစ်ဆေးနိုင်ခြင်း မရှိကြောင်း၊ သို့သော် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ကော်မတီမှ လက်လှမ်းမီသည့် အနေအထားအထိ ကြပ်မတ်စစ်ဆေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က ဆိုသည်။

“စိစစ်ဖို့ပါဝင်တဲ့ ၀န်ကြီးဌာနတွေရဲ့ RE ဘတ်ဂျက် လာတင်တာနဲ့ ယခင် ခွင့်ပြုပေးထားပြီးဖြစ်တဲ့ ဘတ်ဂျက် တွေကို စနစ်တကျ သုံးစွဲမှု ရှိ၊ မရှိစိစစ်ဖို့ လိုအပ်မယ်ဆိုတာ ဥက္ကဋ္ဌကို တင်ပြခဲ့ကြပါတယ်။ ဒါကြောင့် အဖွဲ့ခွဲငယ်လေးဖွဲ့ ခွဲလိုက်ပါတယ်။ အားကစား၊ ယဉ်ကျေးမှု၊ ပြန်ကြားရေး၊ သာသနာရေးဆိုပြီး ခွဲပြီး အဖွဲ့လိုက် စိစစ်ဖို့ ဖြစ်ပါတယ်” ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

ထို့ပြင် ဦးဆန်းဆင့်ကိစ္စများ ဖြစ်ခဲ့သည့် သာသနာရေး ၀န်ကြီးဌာနသည်လည်း မိမိတို့ကော်မတီတွင် စိစစ်ရမည့် တာဝန်ရှိသဖြင့် ဘတ်ဂျက်များကို စိစစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ လာမည့် လွှတ်တော် အတွင်း RE ဘတ်ဂျက်များ တင်သွင်းလာပါက ဘတ်ဂျက်များကို စိစစ်မည်ဟု သိရသည်။

BE ဆိုသည့် ဘတ်ဂျက်လျာထားချက်များ၊ သာမန်အသုံးစရိတ်များ၊ ငွေလုံးငွေရင်း အသုံးစရိတ်များ၊ ပစ္စည်း ၀ယ်ယူမှုဆိုင်ရာ အသုံးစရိတ်များကိုပါ လွှတ်တော်ကော်မတီမှ စနစ်တကျ စိစစ်မည်ဖြစ်သည်။ ပြန်ကြား ရေး ၀န်ကြီးဌာနမှ ပုံနှိပ်စက် ၀ယ်ယူမှုများနှင့် ပတ်သက်၍လည်း လွှတ်တော်တွင် လာရောက်ရှင်းလင်း သင့်ကြောင်း ဦးခိုင်မောင်ရည်က ဆိုသည်။

Eleven Media Group 

No comments:

Post a Comment