Wednesday 25 June 2014

စစ်တွေမှာ ဆိုင်ကယ်စီး လုယက်အဖွဲ့ ဖမ်းလိုက်ပြီ

လွန်ခဲ့တဲ့ တစ်နှစ်လောက်ပင် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆိုင်ကယ်စီးပြီး အုပ်စုဖွဲ့လုယက်မှု ကျူးလွန်နေ တဲ့  အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးလိုက်ပါပြီ။

လုယက်မှုကို ကျူးလွန်နေတဲ့အဖွဲ့မှာ လုယက်ရရှိတဲ့ ပစ္စည်းကို ရောင်းချပေးတဲ့ အမျိုးသားတစ်ဦး အပါအဝင် အမျိုးသား သုံးဦးပါဝင်ပြီးတော့ အမှတ် ၉၆၂ စစ်မြေပြင်အင်ဂျင်နီယာ အဖွဲ့ (GE) စာကြည့်တိုက်မှာ နေ့စား စာရေးမအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ အမျိုးသမီး တစ်ဦးလည်း ပါဝင်ပါတယ်လို့ စစ်တွေမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

သူတို့ကိုတော့ မေလ ၂၇ ရက်နေ့မှာ လုယက်ခံခဲ့ရတဲ့ အချိန်က ပါသွားတဲ့ အမျိုးသမီး တစ်ဦးရဲ့ လက်ကိုင် ဖုန်း ကနေ တစ်ဆင့် ခြေရာခံ ဖော်ထုတ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီဖုန်းကို ခေါ်ဆိုလို့ ရတဲ့ ဖုန်းတွေကို ဆက်သွယ်ရေး အကူအညီနဲ့ ဖော်ထုတ်တာလို့ ဆိုပါတယ်။

သူတို့ဟာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက လုယက်မှုတွေကို စတင်ကျူးလွန် ခဲ့ကြပေမယ့် တိုင်းကြားထားတာ ကတော့ လုယက်မှု သုံးခုပဲ ရှိတယ်လို့ မြို့မ ရဲတပ်ဖွဲ့ စခန်းက ဒုတိယ စခန်းမှူး ရဲအုပ် အောင်မြင့်ဦးက ပြောပါတယ်။ “တရားဝင် တိုင်ထားတာက သုံးမှုပဲ ရှိတယ်။ လုယက်မှုပေါင်းတော့ ရေတွက်ကို မရတော့ဘူး” လို့ သူက ဆိုပါတယ်။

အခု ဖမ်းဆီးခံထားရသူတွေဟာ လုယက်မှုတွေကို ကျူးလွန်ကြောင်း ဝန်ခံထားတဲ့ အတွက် သူတို့ကို တရား စွဲဆိုဖို့ လုပ်နေပြီလို့ မြို့မ ရဲတပ်ဖွဲ့ စခန်းက သိရပါတယ်။ တိုင်ကြားခံထားရတဲ့ လုယက်မှု သုံးခု ကတော့ ဒီနှစ် မတ်လနဲ့ မေလတွေမှာ ကျူးလွန်ခဲ့တဲ့ အမှုတွေ ဖြစ်ပါတယ်။

မတ်လက လုယက်ခံရမှုမှာ ရွှေဆွဲကြိုး၊ ရွှေလက်စွက်၊ လက်ကိုင်ဖုန်းနဲ့ ငွေကျပ်တစ်သိန်း၊ မေလ ၄ ရက်နေ့က လုယက်ခံရတာမှာ ရွှေလက်စွပ်၊ လက်ကိုင်ဖုန်း၊ ငွေကျပ်ခြောက်သိန်း၊ မေလ ၂၇ ရက်နေ့က လုယက်ခံရတာမှာ ရွှေဆွဲကြိုး၊ ရွှေဆွဲသီး၊ လက်ကိုင်ဖုန်းနှင့် ငွေကျပ် နှစ်သိန်း ပါသွားတယ်လို့ တိုင်ကြားထားတယ်လို ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

လုယက်မှု ကျူးလွန်နေတဲ့ အဖွဲ့ကို ဇွန်လ ၂၂ ရက်နေ့က ကန်တော်ကြီး ရပ်ကွက်မှာ ရှိတဲ့ ထွန်းသစ်လွင် စားသောက်ဆိုင်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့ခံ တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ဝင်းကတော့ ဆိုင်ကယ်စီးပြီ လုယက်မှုတွေ လုပ်နေတာဟာ တစ်နှစ်လောက် ရှိနေပြီလို့ ဆိုပါတယ်။ အမျိုးသမီးတွေကို အဓိက ပစ်မှတ်ထား လုယက်တယ်လို့ သူက ဆက်ပြောပါတယ်။

The Voice Weekly 

No comments:

Post a Comment