Wednesday 25 June 2014

နှစ်ပေါင်း ၇၀ ကျော်ကြာမှ ပြန်တွေ့ခဲ့သည့် ပျောက်ဆုံးငှက်

နှစ်ပေါင်း ၇၀ ကျော်မှ ပြန်လည်တွေ့ရှိသော Jerdon's Babbler ငှက်တစ်ကောင်
ပဲခူးတိုင်းအတွင်းရှိ ဥတိုတစ်ဝိုက်မှ မြက်ခင်းတောများတွင် ပျောက်ဆုံးငှက်ရှာဖွေနေသော လေ့လာရေး ပညာရှင် အဖွဲ့အတွက် မေလနောက်ဆုံးပတ်၏ ညနေခင်းတစ်ခုသည် အဖိုးဖြတ်မရသော ညနေခင်း တစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် (၇၃)နှစ်ကြာ တွေ့ရှိခြင်းမရှိသော မြက်ခင်းတောများတွင်သာ ကျက်စား သည့် Jerdon's Babbler ငှက်မျိုးစိတ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဦးစီးဌာနမှ တောအုပ် ဒေါ်နီလာပွင့်၊ စင်ကာပူအမျိုးသားတက္ကသိုလ်မှ Mr.Frank Erwin Rheindt ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာနိုင်ငံအစီအစဉ်မှ Mr.Robert John Tizard နှင့် ဦးနိုင်လင်းတို့ပါဝင်သော သုတေသနအဖွဲ့သည် မေလနောက်ဆုံးပတ်မှ ဇွန်လပထမ ပတ် အထိ ပဲခူးမြို့နယ်တစ်ဝိုက်နှင့် တိုက်ကြီးမြို့နယ်တစ်ဝိုက်တွင် ငှက်သုတေသနလုပ်ငန်းများ ဆောင်ရွက် စဉ် ထိုသို့ရှာဖွေတွေ့ရှိကာ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

လေ့လာရေးခရီးစဉ်အတွင်း ခြောက်ကောင်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့သဖြင့် ထိုငှက်ထိန်းသိမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်များပျံသန်းလာပြီဟု ဆိုနိုင်ပါသည်။ ထိုငှက်ကို မြန်မာအမည်နာမ မှည့်ခေါ်ထားခြင်း မရှိသေးပါ။

ထိုသို့  ပြန်လည်တွေ့ရှိမှုသည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ အရေးပါသော တွေ့ရှိမှု တစ်ခုဖြစ် သည်။ Jerdon's Babbler သည် မြစ်၊ ချောင်း၊ မြစ်ကျိုးအင်း၊ ရေလွှမ်းလွင်ပြင် အစရှိသည့် နေရာ အနီးတစ်ဝိုက်ရှိ မြက်ခင်းတောရိုင်းများတွင် နေထိုင်ကျက်စားလေ့ရှိသော ငှက်တစ်မျိုးဖြစ်သည်။ ယခင်က မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ဝှမ်းဒေသ ဗန်းမော်မှ ပဲခူးတစ်ဝိုက်နှင့် စစ်တောင်းမြစ်ဝှမ်း လွင်ပြင်ဒေသ တွင် ပျံ့နှံ့ကျက်စားခဲ့သည့် မှတ်တမ်းများရှိခဲ့သည်။

နောက်ဆုံးမှတ်တမ်းအနေဖြင့် ၁၉၄၁ ခုနှစ်တွင် ဝေါမြို့အနီးရှိ မြစ်ကျိုးတွင် တွေ့ရှိခဲ့ပါသည်။ ယခု ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့သော ယင်းငှက်မျိုးစိတ်ကို မြန်မာနိုင်ငံတွင် မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဟု ငှက်ပညာရှင်အများစုက ယူဆထားသည်။

သုတေသန၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် ကမ္ဘာအတွက် အလားအလာရှိသော ငှက်မျိုးစိတ် အသစ် များ ကို မျိုးရိုးဗီဇခွဲပေးရန်၊ လေ့လာမှုများ ပြုလုပ်ရန်နှင့် အခြားရှားပါးငှက်မျိုးစိတ်တစ်ခုဖြစ်သော Jerdon's Babbler (Chrysomma altirostre)ကို ရှာဖွေဖော်ထုတ်ရန်အတွက် ဖြစ်ပါသည်။

သုတေသနအဖွဲ့သည် ပဲခူးမြို့တစ်ဝိုက်ရှိ မြက်ခင်းတောများ၊ မိုးယွန်းကြီး၊ တိုက်ကြီး၊ ဥတိုတစ်ဝိုက်ရှိ မြက် ခင်းတောများနှင့် လှော်ကားဥယျာဉ် အစရှိသည့်နေရာများတွင် သုတေသနလုပ်ငန်းများကို ပြုလုပ်ခဲ့ ပါသည်။

ပဲခူးပတ်ဝန်းကျင်တစ်ဝိုက်ရှိ မြက်ခင်းတောများကို လေ့လာရာ၌ အခြားမြက်ခင်းတောငှက်မျိုးစိတ်များကိုသာ တွေ့ရှိရပြီး Jerdon's Babbler ကို မတွေ့ခဲ့ရပေ။

ယခုတွေ့ရှိသော ငှက်မျိုးစိတ်သည် Jerdon's Babbler ငှက်မျိုးစိတ်၏ တစ်ဆင့်ခံမျိုးစိတ် (Subspecies )ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဒေသရင်းမျိုးစိတ် (Endemic Species)ဖြစ်ရန် အလားအလာရှိသော ငှက်မျိုး စိတ် များ ထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပြန်လည်တွေ့ရှိပြီးနောက် ထိုငှက်၏ မျိုးရိုးဗီဇခွဲခြားရန် လေ့လာဆန်းစစ်မှုများ [DNA Survey (Test)] ပြုလုပ်လေ့လာလျက်ရှိသည်။

Jerdon's Babbler ငှက်မျိုးစိတ်များ မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါး အနေအထားသို့ ရောက်ရှိလာခဲ့ ရခြင်းမှာ ယင်းတို့ နေထိုင်ကျက်စားရာ မြင်ခင်းတောများကို စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲခြင်း၊ ငါး၊ ပုစွန် မွေးမြူရေးကန်များအဖြစ် ပြောင်းလဲခြင်း၊ လူနေအိမ်အသုံးအဆောင်များအတွက် မြက်များကို အလွန်အကျွံ သုံးစွဲခြင်း၊ မြက်ခင်းတောများတွင် လူများအခြေချနေထိုင်ခြင်း၊ ကျွဲ၊ နွား စားကျက်မြေများအဖြစ် အလွန်အကျွံ သုံးစွဲခြင်း၊ ဆည်၊ တာ၊ တမံများ တည်ဆောက်ခြင်းနှင့် လူများဖမ်းဆီးစားသောက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

အဆိုပါ ငှက်မျိုးစိတ်သည် နိုင်ငံတကာ သဘာဝကျင်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်း IUCN က သတ်မှတ်ထားသော အနီရောင်စာရင်း (Red List)အရ ရှားပါးငှက်မျိုးစိတ်ဖြစ်ရုံသာမက မြန်မာနိုင်ငံတွင် လည်း အလွန်ရှားပါးပြီး မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေပါသည်။

မျိုးသုဉ်းပျောက်ကွယ်မသွားအောင် ထိန်းသိမ်းရေးလုပ်ငန်းများကို အလျင်အမြန်လုပ်ကိုင်ရန် လိုအပ်နေ သည်။

ယင်းငှက်မျိုးစိတ်သည် ကမ္ဘာငှက်ပညာရှင်များ၊ ငှက်ဝါသနာအိုးများ၏ အထူးစိတ်ဝင်စားသော မျိုးစိတ် တစ်မျိုးဖြစ်သောကြောင့် အဆိုပါငှက်မျိုးစိတ် တွေ့ရှိနိုင်သောနေရာများကို သဘာဝအခြေခံ ခရီးသွား လုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သော ငှက်ကြည့်ခရီးသွားလုပ်ငန်းများ ပိုမိုအကောင်အထည်ဖော်နိုင် မည်ဖြစ် ကာ နိုင်ငံနှင့် ဒေသခံများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်မည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဇီဝမျိုးစုံအလွန်ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ် ခံရပြီး ဇီဝမျိုးစုံမျိုးကွဲ မြောက်မြားစွာရှိသည့်အနက်မှ ငှက်မျိုးစိတ်ပေါင်းတစ်ထောင်ကျော် ကျက်စားရာနေရာ လည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်တစ်သောင်းခန့်ရှိသည့်အနက် မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁,၁၁၀ ရှိသောကြောင့် ကမ္ဘာ့ငှက်မျိုးစိတ်များ၏ ဆယ်ပုံတစ်ပုံကျော်ခန့်ရှိသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတစ်ဝန်း ရှိ ယင်းငှက်မျိုးစိတ်ရှိနိုင်သော နေရာများတွင် သုတေသနလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဝါသနာရှင်များ၊ ဒေသခံများ ပူးပေါင်းပြီး ပညာပေး လုပ်ငန်းများနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ လုပ်ကိုင်ခြင်းဖြင့် Jerdon's Babbler ငှက်မျိုးစိတ်များ ထာဝရမပျောက်ကွယ်ရေး အချိန်မီဆောင်ရွက်သင့်ပါသည်။

7Day DAILY

No comments:

Post a Comment