Wednesday 11 June 2014

သစ်တောထွက်ပစ္စည်း ဖမ်းဆီးရမိမှုတွင် သစ်ခွနှင့် သင်းခွေချပ် အများဆုံးဖြစ်

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း သစ်တောဦးစီးဌာနက ဖမ်းဆီးရရှိမှုများအနက် သင်းခွေချပ်နှင့် သစ်ခွ ဖမ်းဆီးမှုမှာ အများဆုံးဖြစ်သည်ဟု ဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ဘဏ္ဍာနှစ်တွင်း ဖမ်းဆီးရရှိမှုများမှာ သင်းခွေချပ်အကောင်နှင့်ကြေးခွန် ခြောက်ကြိမ်၊ သစ်ခွ ခြောက်ကြိမ်၊ ငှက်သိုက် လေးကြိမ်၊ ဆင်နှင့်ဆက်စပ်အစိတ်အပိုင်း ငါးကြိမ်၊ လိပ်မျိုးစုံ လေးကြိမ်၊ မြွေမျိုးစုံ လေးကြိမ်၊ တောက်တဲ့ တစ်ကြိမ်၊ ဂျီသားရေ တစ်ကြိမ်၊ ဦးချိုမျိုးစုံ တစ်ကြိမ်တို့ဖြစ်သည်။ 

၎င်းအရေအတွက်များကို သစ်တောဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း တောရိုင်းတိရစ္ဆာန်၊ အစိတ် အပိုင်း နှင့် သဘာဝအပင်များဖမ်းဆီးရမှု စာရင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံရှိ မြန်မာ့မျိုးရင်း သစ်ခွများကို စာရင်းအတိအကျကောက်ယူ နိုင်ခြင်းမရှိသေးသော်လည်း အများ စုမှာ မျိုးသုဉ်းမည့် အန္တရာယ်များ ရင်ဆိုင်နေရပြီဖြစ်သည်။ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်များရှိ တောအတွင်းများမှ သစ်ခွမျိုးဥများကို တရုတ်နိုင်ငံက ကုန်သည်များမှတစ်ဆင့် မှောင်ခိုနည်းလမ်းဖြင့် ၀ယ်ယူနေကြပြီး သစ်ခွများကို အပင်အဖြစ်သာမက အခြောက်လှမ်းခြင်း၊ အမှုန့်လုပ်ခြင်းတို့ဖြင့် ပုံသဏ္ဌာန်များပြောင်းလဲကာ ပြည်ပသို့ တရားမ၀င်ပို့ဆောင်နေကြသည်ဟု မြန်မာနိုင်ငံ ပန်းဝါသနာရှင်များအသင်း အလုပ်အမှုဆောင် ဒေါက်တာပန်းခက်ခက်က ပြောသည်။ ချင်းပြည်နယ်တွင် သစ်ခွများရှားပါးပြီးနောက်ပိုင်း ယခု နောက်ပိုင်း တွင် တနင်္သာရီတိုင်းဘက်သို့ ဦးတည်နေသည်ဟုလည်း ၎င်းက ဆိုသည်။ 

“သဇင်တွေဆိုရင် မြို့ထဲက ဆိုင်တွေမှာသာ ရှိတော့တာ။ သဘာဝတောထဲမှာ သဘာဝအတိုင်းရှိတာတွေ သိပ်မတွေ့ရတော့ဘူး” ဟု ၎င်းကဆိုသည်။ 

မြန်မာနိုင်ငံရှိ သင်းခွေချပ်အမျိုးအစားသည် Chinese pangolin (Manis pen-tadactyla)အမျိုးအစားဖြစ် သည်။ သင်းခွေချပ်သည် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး သဘာဝတောအတွင်း နေထိုင်သည့် အရေအတွက်မှာ ကျဆင်းလာပြီဖြစ်သည်ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါက်တာစောမွန်သိမ့်က ပြောသည်။ 

သင်းခွေချပ်အရေခွံနှင့် ကြေးခွံတို့ကို တရုတ်နိုင်ငံတွင် တိုင်းရင်းဆေးအဖြစ် အသုံးပြုလေ့ရှိပြီး အသားကို ဟင်းချက်စားကြသည်။ ၂၀၀၉ ခုနှစ်တွင် လေ့လာတွေ့ရှိချက်အရ သင်းခွေချပ်အရေခွံ တစ်ပိဿာလျှင် ကျပ် တစ်သိန်း ရရှိကြရာ ယခုအချိန်ကာလတွင် ပိုမိုဈေးကောင်းမည့် အခြေအနေရှိသည် ဒေါက်တာစောမွန်သိမ့် က ပြောသည်။ 

“အဓိကက ကိုယ့်နိုင်ငံက ငြိမ်းချမ်းမှုမရသေးတဲ့ နေရာ၊ စည်းလုံးမှုမရှိသေးတဲ့ အချိန်မှာကိုယ့်ဆီက တောရိုင်း တိရစ္ဆာန် တွေက ဒီလိုနည်းနဲ့ အသုံးချခံနေရတာ။ နစ်နာစရာတွေ အများကြီးပဲ” ဟုလည်း ၎င်းက ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment