Wednesday 11 June 2014

မဲဆန္ဒရှင်စာရင်း ရွေးကောက်ပွဲကော်မရှင် စမ်းသပ်ကောက်ယူ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည့် မြို့နယ် သုံးမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း စမ်းသပ်ကောက်ယူမှု ယခုလအတွင်း စတင်ပြီ ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ညွှန်ကြားမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပမီ မဲဆန္ဒရှင် စာရင်းပြုစုခြင်းအတွက် လစ်လပ် မဲဆန္ဒနယ်များဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန် မြို့နယ်တို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်တို့တွင် ဇွန်လ ပထမပတ်မှစတင်ကာ စမ်းသပ် ကောက်ယူခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“တစ်အိမ်တက်ဆင်း ကောက်တာ မဟုတ်ပါဘူး၊ သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေက မြို့နယ် အုပ်ချုပ်ရေးရုံး တွေကနေ တစ်ဆင့် မဲပေးနိုင်တဲ့ လူဦးရေစာရင်း ယူတာပါ၊ တီးတိန် မြို့နယ်ကတော့ ၁၆ ရက်နေ့မှ စပြီးကောက် မှာပါ” ဟု ၎င်းကရှင်းပြသည်။ 

ယင်းသို့ ကောက်ခံခြင်းသည် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်း ဖြစ်ပြီး မဲဆန္ဒရှင်များ စာရင်းကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲများတွင် ကြေညာထားမည် ဖြစ်ပြီး ပွင့်လင်းမြင်သာမှု ရှိစေရန် စောင့်ကြည့် လေလာမည့် ပြည်တွင်း ပြည်ပ အရပ်ဘက် လူ့အဖွဲ့အစည်း ၁၇ ဖွဲ့ကို ခွင့်ပြုထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။ အဆိုပါ ရွေးကောက်ပွဲ စာရင်းမှာ တစ်နိုင်ငံလုံးရှိ ပြည်သူများ အားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး နိုင်ငံခြားသို့ ရွှေ့ပြောင်း နေထိုင်သူများလည်း ရှိသောကြောင့် မဲစာရင်းအသစ် ထပ်မံဖြည့်စွက်ချက် များကို ပိုမို ဂရုစိုက်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။ 

“အခြေခံစာရင်း တိတိကျကျ ရနိုင်ရင်တော့ ထပ်ပြီးပေါင်းထည့်တာ ပြဿနာ မရှိပါဘူး” ဟု ၎င်းကဆိုသည်။ 

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ တစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်များ အခြေခံစာရင်းကို အပြီးသတ် ကောက်ခံကာ ထုတ်ပြန်ပေးမည် ဖြစ်ပြီး စာရင်းထဲ မပါရှိသူများအတွက် သုံးလတစ်ကြိမ် (သို့မဟုတ်) ခြောက်လတစ်ကြိမ် ပြင်ဆင် ထည်သွင်းမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။ 

မဲဆန္ဒရှင်များ ရွေးကောက်ပွဲတွင် စိတ်ဝင်စားမှု မြင့်တက်လာစေရန် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့ အစည်းများဖြင့် ပူးပေါင်းကာ ရွေးကောက်ပွဲ အသိပညာပေး စာအုပ်များကို တိုင်းရင်းသား ဘာသာ များဖြင့် လည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက် ပွဲကို ကျင်းပခဲ့ပြီး ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ် နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကျင်းပခဲ့သည်။ 

ထို့အပြင် နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စား လှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင် ဘာလ ပထမပတ်အတွင်း ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထားသည်။

The Voice Weekly

No comments:

Post a Comment