Wednesday 11 June 2014

ရဲဝန်ထမ်းများ အရေအတွက် လိုအပ်ချက်၏ ထက်ဝက်သာရှိ

ပြည်သူလူထုကို လုံခြုံစေရန်လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားက မမျှတဘဲ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် ပေးနိုင်ရန် လက်ရှိတစ်နိုင်ငံလုံး ရဲအင်အားအတိုင်း နောက်ထပ်ခန့်ထားရန် လိုအပ်လျက်ရှိပြီး ရဲတပ်သားသစ်များ ခန့်အပ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပြောသည်။

“လက်ရှိမှာ လူဦးရေတစ်သိန်းလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား ၁၁၆ ဦး ဖြစ်လို့ နိုင်ငံတကာစံချိန်စံညွှန်း အတိုင်း လူဦးရေတစ်သိန်းလျှင် ရဲ ၂၅၀ ဦးဖြင့် အင်အားဖြည့်တင်းနိုင်ရေး ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းလျက်ရှိပါ တယ်” ဟု ဗိုလ်မှူးချုပ်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၁,၃၁၈ ဦးတွင် ရဲဝန်ထမ်းတစ်ယောက်နှုန်းဖြင့် တာဝန်ယူ ဆောင်ရွက် ပေးလျက် ရှိသည်။ လူဦးရေ သန်း ၆၀ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လူဦးရေ ၄၀၀ တွင် ရဲဝန်ထမ်းတစ်ယောက်နှုန်းဖြင့် ထိန်းချုပ်သွားနိုင်ရန် ရဲတပ်သား အင်အားများ တိုးချဲ့လျက် ရှိပြီး အင်အားခုနစ်သောင်းကျော် ထပ်မံခန့်အပ်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအရ အရာရှိအပါအ၀င် ရဲအင်အားစုစုပေါင်း ၁၅၈,၆၈၅ ဦးအထိ ခန့်အပ် ထားရ မည်ဖြစ်ပြီး လက်ရှိခန့်အပ်ထားသည့် ရဲအင်အားမှာ ၇၄၁၆၅ ဦးအထိသာရှိသည့်အတွက် ထက်ဝက် လိုအပ်လျက်ရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်၏ မေးခွန်းကို ကိုယ်စားအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းထွန်းဦးက “ချမ်းမြသာစည်မြို့နယ်မှာ လူဦးရေ ၁,၂၀၀ လျှင် ရဲတပ်ဖွဲ့တစ်ဦးနဲ့ ပြည်သူတို့ ၏ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်နေရပါတယ်။ အလားတူ တခြား တိုင်းနဲ့ပြည် နယ်များရှိ အဆင့်ဆင့်သော ရဲစခန်းအသီးသီးတွင်လည်း ရဲတပ်ဖွဲ့အင်အား နည်းပါးနေသည်ကို ကြားသိနေရ ပါ တယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာနကို မေးမြန်းခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေအရပ်ရပ်နဲ့အညီ ခေတ်မီရဲတပ်ဖွဲ့များ ဖြစ်လာရန် ဆောင်ရွက်လျက်ရှိသကဲသို့ ရဲတပ်သားသစ်လျာထားချက်များ ရေးဆွဲပြီး ရဲတပ်ဖွဲ့ဝင်များကို စုဆောင်းလျက်ရှိသည်ဟု ဆိုသည်။

မူလတွင် ရဲတပ်သားသင်တန်းကျောင်း အမှတ်-၁ နှင့် အမှတ်-၂ အထိသာရှိပြီး လက်ရှိအချိန်တွင် အမှတ် -၃ နှင့် အမှတ် -၄ ကို ထပ်မံတိုးချဲ့ ဖွင့်လှစ်လျက်ရှိသည်။ အမျိုးသမီးရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းများနှင့် အမျိုးသမီးတပ်ဖွဲ့ဝင် ရဲတပ်သားသင်တန်းများ ဖွင့်လှစ်ပြီး အင်အားတိုးချဲ့မှုများ ဆောင်ရွက်နေသည်ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လိုအပ်ချက်များနှင့်အညီ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့၊ မူယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့နှင့် အမှတ်-၄ ရဲလုံခြုံရေးကွပ်ကဲမှုတပ်ဖွဲ့များကို ခေတ်နဲ့အညီတိုးချဲ့ဆောင်ရွက်ထားသည်ဟု ဆိုသည်။

Mizzima - News in Burmese 

No comments:

Post a Comment