Wednesday 11 June 2014

မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝသည့် နိုင်ငံအဖြစ် မြင်လိုဟု တရုတ်ပြောကြား

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝသော နိုင်ငံအဖြစ် မြင်တွေ့လိုကြောင်း တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လျူကျင်းမင်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ 

အာဆီယံ အပေါင်းတရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်း၊ အရှေ့ အာဆီယံ (East ASEAN Summit) ထိပ်သီး အစည်းအဝေးနှင့် အာဆီယံဒေသတွင်းဆိုင်ရာဖိုရမ်တို့နှင့် စပ်လျဉ်း သော ထိပ်တန်းအရာရှိများနှင့်တွေ့ဆုံမေးမြန်းခန်းတွင် လျူက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် မဟာဗျူဟာမြောက် ရေရှည်အမြင်ကို ကျင့်သုံး၍ နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ကြိုးပမ်းချက်တစ်ရပ်ဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကိုအမြဲအတူ လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာပြည်သူများဘ၀ကို မြှင့်တင်နိုင်ရေးအတွက် အကူအညီပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ 

အသွင်ကူးပြောင်းရေးကာလ၌ မြန်မာ့လူဘောင်အဖွဲ့အစည်းအတွင်း မတူကွဲပြားမှုများဖြစ်ပေါ်လျက်ရှိပြီး ယင်းကဲ့သို့ ဖြစ်ပေါ်မှုက တရုတ်-မြန်မာ ဆက်ဆံရေးတွင် စိန်ခေါ်မှုအသစ်များဖြစ်ပေါ်ခဲ့ကြောင်း၊ လွန်ခဲ့သော နှစ် ၆၀ ကျော်မှစ၍ စတင်ခဲ့သည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက် မစွက်ဖက်ဘဲ မြန် မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သည့်ပုံစံမျိုး လုပ်ရမည် ဟူ၍လည်း ပြဋ္ဌာန်းပေးခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း လျူက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံများက မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူမှုကို ဆန့်ကျင်ခဲ့သည်။ မြန်မာနိုင်ငံ ၏ အခြေအနေနှင့်ကိုက်ညီမည့် ဖွံ့ဖြိုးတိုးတက် လမ်းကြောင်းရှာဖွေမှုကို ထောက်ခံခဲ့သည်ဟု ၎င်းက ပြောကြားသည်။ 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်ကြောင်း၊ တရုတ် အစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံက ပြဋ္ဌာန်းထားသော ဥပဒေများကို လေးစားလိုက်နာရန် ပြောကြားထားကြောင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာအကျိုး သက်ရောက်မှုများကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အကဲဖြတ်ပေးကြောင်းနှင့် လူမှုရေးရာကိစ္စရပ် များကို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လျူက ပြောကြားသည်။ 

မြန်မာ မိတ်ဆွေများပြောလေ့ရှိသော “ကျွန်တော်တို့ဟာ ကိုယ့်မိတ်ဆွေများကိုပဲ ရွေးချယ်လို့ရတယ်။ ကိုယ့် အိမ်နီးချင်းနိုင်ငံကို ရွေးချယ်လို့မရပါဘူး” ဟူသော စကားကဲ့သို့ပင် အိမ်နီးချင်းကောင်းတစ်ယောက်သည် ကွဲကွာနေသော သွေးချင်းမောင်နှမထက် ပိုကောင်းသည်”ဟူသော တရုတ်စကားပုံလည်းရှိကြောင်း လျူက အစဉ်အလာမိတ်ဆွေဖြစ်မှုကို ရှေ့သို့သယ်ဆောင်သွားရန်လည်း ပြောသည်။ 

Mizzima - News in Burmese 

No comments:

Post a Comment