Wednesday 11 June 2014

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဥပဒေနှင့်အညီ လွတ်လပ်စွာရပ်တည်ပြီး ပီပြင်စွာဆောင်ရွက်ရန် သမ္မတတိုက်တွန်း

နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ဇွန် ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား လမ်းညွှန်မှာကြားခြင်း မိန့်ခွန်းပြောကြားရာတွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဥပဒေနှင့်အညီ လွတ်လပ်စွာရပ်တည်ပြီး ပီပြင်စွာ ဆောင်ရွက် သွားရန် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြား သွားခဲ့ သည်။

အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ရှိသည့် သန့်ရှင်းသောအစိုးရဖြစ်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သော်လည်း အချို့ဌာန များသည် သိသာစွာ တိုးတက်ပြောင်းလဲ ကောင်းမွန်လာပြီး အချို့ဌာနများတွင် ရှေးယခင် လုပ်နည်းလုပ်ဟန်အတိုင်း ဆက်လက်လုပ်ဆောင်နေခြင်း၊ စွမ်းဆောင်မှု အရည်အချင်း ကျဆင်းနေခြင်း တို့ကြောင့် အောက်ခြေအထိ ပြန်လည်ကွင်းဆင်း လေ့လာသုံးသပ်ကာ ၀န်ထမ်းများ၏ စိတ်ဓာတ် စည်းကမ်းနှင့် စွမ်းဆောင်ရည်ပြည့်ဝအောင် (Capacity Building) တည်ဆောက်ခြင်း၊ ယှဉ်ပြိုင်ကြိုးစား မှုဖြင့် ရာထူးအဆင့်တိုး၍ ချီးမြှင့်ခြင်း၊ အရေးယူသင့်သူကို အရေးယူခြင်းတို့ဖြင့် အုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် မြင့်မားတိုးတက်အောင် ၀န်ကြီး၊ ဒုတိယ၀န်ကြီးများက မိမိတို့ကိုယ်တိုင် အရည်အသွေး မြင့်မားရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်အောင် တစ်ဖက်မှ ကြိုးစားရင်းဖြင့် တစ်ဖက်တွင်လည်း အောက်ခြေအဆင့်ဆင့်အပေါ် ခေါင်းဆောင်မှုကောင်းကောင်းနှင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရန် သမ္မတက ပြောကြားသည်။

“လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အနေနဲ့လည်း လာဘ်ပေးလာဘ်ယူမှုများကို စုံစမ်းစစ်ဆေး အရေးယူနိုင်ရေးအတွက် ဥပဒေနဲ့အညီ ပေးအပ်ထားသော တာဝန်များကို လွတ်လပ်စွာရပ်တည်ပြီး ပီပြင်စွာဆောင်ရွက်သွားဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။   

ထို့အပြင် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူမြန်ဆန်စွာ တိုးချဲ့လုပ်ကိုင်နိုင်ရန် ကြိုးနီစနစ်များကို လျှော့ချပြီး ကမ္ဘာ့ဘဏ် IFC ၏ Doing Business Report ၌ ဖော်ပြပါရှိသည့်အတိုင်း အချိန်ကြန့်ကြာနှောင့်နှေးမှု မရှိရေး၊ မလိုအပ်သော ငွေကုန်ကြေးကျ မရှိရေးနှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းရေးတို့အတွက် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်းနှင့် သို့မှသာ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ လွယ်ကူအဆင်ပြေချောမွေ့စွာ တိုးချဲ့လုပ်ဆောင်လာနိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။

“အထူးသဖြင့် ကုန်စည်အ၀င်အထွက် ဆိပ်ကမ်းများ၊ လေဆိပ်များ၊ ပြည်သူတွေနဲ့ အများဆုံး ထိတွေ့နေရတဲ့ ရုံးဌာနအသီးသီးနဲ့ စည်ပင်သာယာ အဖွဲ့အစည်းတွေမှာ ပြည်သူတွေ မနှစ်မြို့ မလိုလားတဲ့ ဆက်ဆံဆောင်ရွက်မှုတွေ ရှိနေခြင်းအပေါ် တာဝန်ရှိတဲ့ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများက မသိကျိုးကျွန်မနေဘဲ ပြည်သူတွေကျေနပ်မှု၊ ယုံကြည်မှု ရှိလာတဲ့အထိ ၀န်ဆောင်မှုတွေ လျင်မြန်တိုးတက် ကောင်းမွန်အောင် ဖိဖိစီးစီး ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်” ဟု သမ္မတဦးသိန်းစိန်က သတိပေးပြောကြားသည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်၌ သမ္မတဦးသိန်းစိန် အတည်ပြုကာ စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ကော်မရှင်၌ လူထုမသိသော ပြည်သူ့ဝန်ထမ်းဟောင်းများနှင့် စစ်မှုထမ်းဟောင်းအများစု ပါဝင်ကြောင်း သိရသည်။

ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးမြ၀င်း (စစ်မှုထမ်းဟောင်း အငြိမ်းစား)၊ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီးအငြိမ်းစား) တို့ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအ၀င် စုစုပေါင်းအဖွဲ့ဝင် ၁၅ ဦးပါဝင်ကာ ကော်မရှင်စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ကြေညာချက်တစ်စောင်သာ ထုတ်ပြန်ထားပြီး လာဘ်ပေးလာဘ်ယူမှုများကို မည်သို့အရေးယူ ဆောင်ရွက်လျက်ရှိသည်ကိုမူ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အဂတိလိုက် စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းအရ သိရပြီး မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၅၇ အဆင့်တွင် ရှိနေသည်။

Eleven Media Group 

No comments:

Post a Comment