Saturday 29 December 2012

အုပ်စုဖွဲမုဒိမ်းကျင့်ခံခဲ့ရသည့် အိန္ဒိယမိန်းကလေး ကွယ်လွန်သွားပြီဖြစ်


အုပ်စုလိုက် စော်ကားခံရတဲ့ အိန္ဒိယဆေးကျောင်းသူ သေဆုံး
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ လူစုလူဝေးနဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ် ဟာ ဆေးကုသမှုခံယူနေတဲ့ စင်္ကာပူနိုင်ငံ ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူဟာ စနေနေ့ မနက်ပိုင်းက ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားခဲ့တယ်လို့ စင်္ကာပူနိုင်ငံ Mount Elizabeth ဆေးရုံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အထူးပြုလုပ်ထားတဲ့ အသက်ရှု အထောက်အပံ့ အမြင့်ဆုံး၊ အကောင်းဆုံး ပဋိဇီဝ ဆေးဝါးတွေ၊ ရောဂါပိုးဝင်ရောက်တာကို ရင်ဆိုင်နိုင်စေမယ့် ခွန်အားပြည့်ဆေးတွေနဲ့ ဆရာဝန်တွေက အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ Mount Elizabeth ဆေးရုံ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ကယ်ဗင်န် လို (Kevin Loh) က ပြောပါတယ်။

အမည် ထုတ်ဖော်ပြောမထားတဲ့ သူ့ရဲ့ မိသားစုဝင်တွေ သူ့ဘေးနားမှာ ရှိနေကြတယ်လို့လည်း ဒေါက်တာလိုက ပြောပါတယ်။ အမျိုးသမီးငယ်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့က နယူးဒေလီမြို့တော်မှာ အမျိုးသားအဖော်တဦးနဲ့အတူ ဘတ်စ်ကားနဲ့ ခရီးသွား နေချိန် ကားပေါ်ပါလာတဲ့ တခြား အမျိုးသားအုပ်စုတစုက သူတို့နှစ်ယောက်စလုံးကို သံတုတ်နဲ့ရိုက်၊ အမျိုးသမီးငယ်ကို မုဒိန်း ကျင့်ပြီး ဘတ်စ်ကားပေါ်ကနေ ပစ်ချခဲ့တာပါ။

မုဒိန်းကျင့်ပြီး လူသတ်ဖို့ကြိုးစားခဲ့မှုနဲ့ စွပ်စွဲပြီးတော့ သံသယရှိသူ ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ သူ့ကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယကနေ စင်္ကာပူနိုင်ငံဆီ လေကြောင်းခရီးနဲ့ ပို့ခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်အပေါ် အိန္ဒိယမှာရှိတဲ့ ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူတွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ 

http://burmese.voanews.com/content/gand-rape-victim-die-at-singapore-/1574219.html

အမျိုးသား ၆ ဦး၏ အုပ်စုဖွဲ့ ရိုက်နှိက်ကာ မုဒိမ်းကျင့်ခံခဲ့ရပြီး စင်ကာပူနိုင်ငံ Mount Elizabeth တွင် ဆေးကုသမှုခံယူနေရသည့် အိန္ဒိယမိန်းကလေးမှာ ဒီဇင်ဘာ ၂၉ ရက် စင်ကာပူဒေသစံတော်ချိန်
နံနက် ၄ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အဆိုပါဆေးရုံက သတင်းထုတ်ပြန်သည်။ အစောပိုင်းက အသက် ၂၃ နှစ်အရွယ် အိန္ဒိယမိန်းကလေး၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ကြောင်း ဆရာဝန်များက ထုတ်ဖော်ပြော ကြားခဲ့သည်။


(အုပ်စုဖွဲမုဒိမ်းကျင့်မှုဖြစ်ရပ်အား ဒေါသတကြီး ဆန္ဒပြနေသည့် အိန္ဒိယပြည်သူများ)

ထို့အပြင် သူမသည် နှလုံးဖောက်ပြန်မှု၊ ဦးနှောက်ထိခိုက်မှုအပြင် အဆုတ်နှင့် ဝမ်းဗိုက် ပိုင်းတွင်လည်း ရောဂါပိုးဝင်ရောက်မှုရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါမိန်းကလေး အုပ်စုဖွဲ့ မုဒိမ်းကျင့် ခံရမှု ဖြစ်ရပ် အပေါ် ပြည်သူ များက ဒေါသတကြီး ဆန္ဒပြကြသည်။ အိန္ဒိယတွင် လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရသူ ဆယ်ကျော် သက် အရွယ် မိန်းကလေးတစ်ဦးလည်း ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၆ ရက်) က မိမိ ကိုယ်ကိုယ် သေကြောင်း ကြံသွား ခဲ့သည်။


Planet Myanmar Network

No comments:

Post a Comment