Saturday 29 December 2012

Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

မန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို နှစ် ၅၀ နီးပါးခန့် တပ်မတော်က ကိုင်တွယ်စီမံခဲ့ပြီး နောက်ဒီမိုကရေစီ နိုင်ငံသစ်တစ်ခုတည်ဆောက် ရန် အလို့ငှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်သား အစိုးရ အသွင် ပြောင်းပြီး အစိုးရအကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ၂ နှစ်နီးပါး ကာလအတွင်း အံ့အားသင့်ဖွယ် အပြောင်းအလဲ များ အကောင် အထည် ဖော်ခဲ့သူဖြစ်သည့် အပြင်ရိုးသား ဖြောင့်မတ်သူ၊
ဟိတ်ဟန်မများ မာန်မာနနည်းသူ၊ သြဇာအာဏာအလွဲမသုံးခဲ့သူ၊ ကိုယ် တိုင်ရော မိသားစု၊ ဆွေမျိုးသားချင်းများပါ မည်သည့်အခွင့်ထူးကိုမျှ မရယူ ခဲ့သူ၊ မည်သည့် စီးပွားရေးလုပ်ငန်းရှင် နှင့်မျှ ကိုယ်ကျိုးစီးပွား မရောယှက် ခဲ့သူ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့၏ စဉ်ဆက်မပြတ် စောင့်ကြည့် ခံနေရပြီး ယခု နှစ် အတွင်း တိုင်းပြည်၏ မျှော်လင့်ထားသော ပြဿနာများ၊ မျှော်လင့် မထားသော ပြဿနာ များ၊ တစ်နည်း အားဖြင့် စိန်ခေါ်မှု၊ ပြဿနာအခက်အခဲ များကိုပါ စနစ်တကျ တုံ့ပြန်ဖြေရှင်း နိုင်ခဲ့သူ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ်၏ ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
သမ္မတဦးသိန်းစိန်၏ နိုင်ငံတည်ဆောက် ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ရပ်များစွာ ရှိသည့် အနက် ၂၀၁၂ ခုနှစ် အတွက် မြန်မာ့ နိုင်ငံရေး ကန့်လန့်ကာ ဖွင့်လှစ်မှုဟု ဆိုအပ်သော ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် မြန်မာပြည်သူအများစု၏ အချစ်တော် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင် သည့် NLD ပါတီ လွှတ်တော် နိုင်ငံရေး ကစားကွင်းထဲသို့ တရားဝင်ဝင်ရောက်ခွင့် ရရှိရေးအတွက် လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ဖန်တီးပေးခဲ့ခြင်း၊ ပြီးခဲ့သည့် ဇွန်လက ရခိုင်ပြည် နယ်တွင်း ဆူပူ အကြမ်းဖက်မှုများနှင့် လူစုဖွဲ့အုံကြွမှုများကို ပြည်တွင်းမှသက်ဆိုင်သူ များသာမက နိုင်ငံတကာ အသိုင်း အဝိုင်းမှ ဘာသာရေးနှင့် လူမှု ရေးအဖွဲ့အစည်းများ လက်သင့်ခံလာသည်အထိ သတိကြီးကြီး ထားကာ စိတ် ရှည်လက်ရှည်ကြိုးပမ်းဖြေရှင်းခဲ့ ခြင်း၊ ယခင်အစိုးရလက် ထက်က ရန်သူသဖွယ် သဘောထားခဲ့သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသည့် အချိန်မှစ၍ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် သက် ဆိုင်သောလုပ်ငန်းများကို တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား ဒီမိုကရေစီမောင်နှမများသဖွယ် ပူးပေါင်း လက်တွဲ လုပ်ကိုင်နိုင်ခဲ့ခြင်း အစရှိသည် တို့မှာ ယခုနှစ်အတွင်း ထူးခြားသော လုပ်ရပ်များ ဖြစ်ပါသည်။

သမ္မတကြီးအတွက် ယခုနှစ်အတွင်းအပြောင် မြောက်ဆုံးလုပ်ရပ်များမှာ ကက်ဘိနက် အဖွဲ့ တွင် ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်လိုသူ၊ သို့မဟုတ် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို နားလည်သဘော မပေါက်သူ ဝန်ကြီးများအား ရာထူးနေရာ ပြောင်းရွှေ့ခန့်ထားခြင်း၊ အငြိမ်းစား ယူခွင့်ပြုခြင်းနှင့် မြန်မာနိုင်ငံ အပေါ် နှစ်ပေါင်းအတန်ကြာ စီးပွား ရေးပိတ်ဆို့ထားခဲ့ပြီး သံအဆင့်အတန်းလျှော့ချထားခဲ့သည့် အမေရိကန်ပြည်ထောင်စု သမ္မတဘားရက်ခ်အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်တွင် မိမိ၏ မာန်မာနကို နှိမ့် ချကာ မိမိတိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အမေရိကန်-မြန်မာ ဆက်ဆံရေးကို ဦးစားပေးခဲ့မှု ပင်ဖြစ် သည်။ မာန်မာန နှိမ့်ချသည်ဟု ဆိုရသည်မှာ သမ္မတကြီးဦးသိန်းစိန်အနေဖြင့် အိုဘားမားကို မြန်မာအစိုးရ အဖွဲ့ တရားဝင်ရုံးစိုက်ရာ နေပြည်တော်၌သာ လက်ခံ တွေ့ဆုံရမည် ဖြစ်သော်လည်း ခြောက်နာရီမျှ ကြာသော အိုဘားမား၏ မြန်မာခရီးစဉ် အစစအရာရာ အဆင်ပြေချောမွေ့စေရေးအတွက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေသည့် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်မှ ရန်ကုန်မြို့တော် သို့ ပြန်လာကာ လက်ခံတွေ့ဆုံ ပေးခဲ့ခြင်း ဖြစ်ပါ သည်။ (နိုင်ငံ့ခေါင်းဆောင် ဟူသမျှသည် မိမိနိုင်ငံ သို့ လာရောက်လည်ပတ်သော နိုင်ငံတကာ သံခင်းတမန်ခင်း စည်းကမ်းများအရ အခြား နိုင်ငံ ခေါင်းဆောင် များကို မိမိအစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့တွင်သာ လက်ခံတွေ့ ဆုံလေ့ ရှိစမြဲ ပင် ဖြစ်ပါသည်။)

ယင်းမှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြမှုတွင် လူအုပ်စု ထိန်းချုပ်ရေး အဆင့် မြင့် နည်း ဗျူဟာ (Advanced Crowd-Control Tactics) အကြောင်း တစ်လုံးတစ်ပါဒမျှ နားမလည်သည့် အပြင် ဒီမိုကရေစီ သဘောသဘာဝများနှင့် ကောင်းစွာယဉ်ပါးမှုမရှိသေးသည့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၏ နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ဗုဒ္ဓဘာသာရဟန်းတော်များကို အချိန်ကာလ အားဖြင့် နှောင့်နှေး သော်လည်း တရားဝင်ဝန်ချ တောင်းပန် ခဲ့ခြင်းပင် ဖြစ်ပါသည်။

ယခင်ခေတ် အဆက်ဆက် ပြည်သူလူထု၏ဆန္ဒကို အလေးထားခြင်း နှင့် ပြည်သူလူထုကို တန်ဖိုးထား ရကောင်းမှန်းမသိခဲ့သည့် ယခင်အကျင့်စရိုက် ဟောင်းများကို တစ်ဖက်တွင် ပြောင်း လဲပစ်ရန် ကြိုးပမ်းနေ သည့်အပြင် အခြားတစ်ဖက်တွင်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် အရေး စသည်ဖြင့် ပြဿနာပေါ်တိုင်း အဆိုပါ ၂၁ ရာစု စံနှုန်းများနှင့် ဖိအား ပေးပြောဆိုသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်းများ မိမိအစိုးရအဖွဲ့ကို လက်သင့်ခံလာအောင် ကြိုးပမ်း နေရသည့် အကျပ်အတည်း အခြေ အနေ နှင့်လည်း ရင်ဆိုင်နေရသူ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ အထူးသဖြင့် လက်ရှိ ကချင် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်အကြားစစ်မက်ပဋိပက္ခချုပ်ငြိမ်းရေး အစရှိသည်တို့မှာ သမ္မတကြီး ဦးသိန်းစိန်အတွက် ၁၈ ရာစု သို့မဟုတ် ၁၉ ရာစုခေတ်မှ ပြဿနာ ဟောင်းမျိုးကို ၂၁ ရာစု စံချိန်စံနှုန်းများဖြင့် ဖြေရှင်းနေရခြင်း ဖြစ်ပါသည်။

သမ္မတအနီးအနားတွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးများမှ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ လူထု ဆက်ဆံရေး၊ လူထုရေးရာ မူဝါဒ အစရှိသည့် ပညာရပ်များကို နိုင်ငံတကာ အဆင့်မီ လေ့လာ သင်ကြား တတ်မြောက်ထားသည့် အရပ်သားပညာရှင် အားနည်းနေခြင်းကြောင့် လူထုဆက်ဆံရေး နည်းနာများအရ ချက်ချင်း တုံ့ပြန်ရမည့် အရေးကိစ္စများ နှောင့်နှေးခြင်း၊ အောက်ခြေအဆင့်တွင် ယခင်အုပ်ချုပ်သည့် စနစ်ဟောင်း အတိုင်း ပြဿနာများကို တုံ့ပြန်ဆဲ ရှိနေခြင်းတို့ အရေးတကြီး ပြုပြင်ရန် လိုအပ်နေသည်ဟု ဝေဖန်အကြံပြု ခံနေရလင့်ကစား နှလုံးခုန်နှုန်း တစ်မိနစ်လျှင် အကြိမ် ၄၀ အောက် ရောက်နေသောကြောင့် Pacemaker (နှလုံးခုန်စက်) အကူအညီဖြင့် နေထိုင် လုပ်ကိုင်နေ ရသည့် သမ္မတ ဦးသိန်းစိန်သည် ယခုနှစ်အတွင်း ပေါ်ထွက်လာသော အရေးကိစ္စကြီးများနှင့် ပြဿနာ ကြီးများကို ပြည်တွင်း၌ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အများစု လက်သင့်ခံအောင် အတိုင်း အတာ တစ်ခုအထိ လုပ်ဆောင် ပေးနိုင်ခဲ့ခြင်း တို့ကြောင့် ၂၀၁၂ ခုနှစ်၏ ထူးခြားထင်ရှားသူ တစ်ဦး အဖြစ် ရွေးချယ်ရခြင်း ဖြစ်ပါသည်။

No comments:

Post a Comment