Saturday 29 December 2012

Who's who 2012-ထွန်းအိန္ဒြာဗို

ရုပ်ရှင်နယ်ပယ် အတွင်း အသက်ဝင်အောင် သရုပ်ဆောင်နိုင်သူ တစ်ဦးအဖြစ်သာမက တေးဂီတ ဘက်တွင်လည်း ပရိသတ် အခိုင်အမာရရှိ ထားသူ၊ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်း အားကောင်းစွာ ပူးပေါင်းပါဝင်သူ တစ်ဦး အဖြစ် အများက လက်ခံထားသည့် ထွန်းအိန္ဒြာဗိုကို အနုပညာ နယ်ပယ်အတွင်း ထူးခြားသူ တစ်ဦးအဖြစ် ရွေးချယ်လိုက်သည်။

ထွန်းအိန္ဒြာဗိုသည် လတ်တလော ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ တွင်လည်း ဘဏ္ဍာရေး ကော်မတီနှင့် သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့တို့တွင် အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်လှုပ်ရှား နေပြီး ရုပ်ရှင်အစည်းအရုံးမှ ထုတ် လုပ်သည့် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခြင်း၊ အနုပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင် သည့် မေတ္တာသင်္ဂဟ အဖွဲ့၏ လှုပ်ရှားမှုများတွင် ပူးပေါင်း ပါဝင်ခြင်း တို့ကဲ့သို့သော ဆောင်ရွက်မှု မျိုးကိုလည်း ခပ်စိပ်စိပ် တွေ့မြင်လာရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က Charity Live ဟု အမည် ပေးထားသည့် အလှူ ဖျော်ဖြေပွဲ တစ်ရပ် ပြုလုပ်၍ လူမှု အဖွဲ့အစည်း အသီးသီးသို့ လှူဒါန်းမှု ပြုနိုင်ခဲ့သည် ကို တွေ့ရသည်။ ယင်း Charity Live တစ်ကိုယ်တော် ဖျော်ဖြေပွဲက စုစုပေါင်းကျပ်သိန်း ၇၀၀ ကျော် ရရှိခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ NLD ၏ ပညာရေး ကွန်ရက်၊ ကချင်ပြည်နယ် ရှိ စစ် ဘေးရှောင် ဒုက္ခသည်များ၊ ရခိုင် ပြည်နယ်မှ ဒုက္ခသည်များ၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၊ ဒေါ်ဖြူဖြူသင်း ၏ HIV/AIDS ဝေဒနာ ရှင်များ စောင့်ရှောက်ရေး လုပ်ငန်း တို့ကို ကျပ်သိန်း ၁၀၀ စီ လှူဒါန်းခဲ့ပြီး ပုဂ္ဂလိက စာနယ်ဇင်းများ နာမကျန်း ရန်ပုံငွေသို့ ကျပ် ၁၅ သိန်း ပေးအပ် လှူဒါန်း နိုင်ခဲ့သည်။

အချို့ အနုပညာရှင် များ၏ ပရိသတ်များကို အခမဲ့ ဖျော်ဖြေ ပေးခြင်း၊ စုပေါင်း ဂီတပွဲ ပြုလုပ်၍ ရန်ပုံငွေ ရှာခြင်းများ ရှိသော်လည်း တစ်ကိုယ်တော် ဖျော်ဖြေပွဲ တိုင်းကို အောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့လေ့ ရှိသည့် ထွန်းအိန္ဒြာဗိုသည် ၄င်း၏ စတုတ္ထ အကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို ယင်းကဲ့သို့ Charity Live ပြုလုပ်၍ ပရိသတ်ကို အလှူဒါန ပါဝင်စေခဲ့ပြီး လတ်တလော လိုအပ်နေသည့် ကိစ္စရပ်များ အတွက် ဤသို့ဤပုံ လှူဒါန်းငွေ ရှာဖွေ ပေးအပ် နိုင်ခဲ့သူ အနုပညာရှင် ဖြစ်သောကြောင့် ယင်းသို့ ရွေးချယ်ရခြင်း ဖြစ်ပါသည်။

No comments:

Post a Comment