Saturday 29 December 2012

မဒေးကျွန်း တရုတ်စီမံကိန်းတွင် အလုပ်သမား အများအပြား အလုပ်ဖြုတ်ခံရ


မဒေးကျွန်းတွင် တရုတ်က တည်ဆောက်နေသော ရေနက်ဆိပ်ကမ်း ပုံစံ ( ဓါတ်ပုံ- နိရဉ္စရာ)ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်မှ တည်ဆောက်နေသော ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းတွင် နေ့ စား အလုပ်သမား အများအပြားအလုပ်ဖြုတ်ခံရသည်ဟု သတင်း ရရှိ သည်။ကျွန်းပေါ်ရှိ ဒေသခံများက သူတို့ကိုသာ အလုပ်ခန့်ရန်နှင့် ပြင် ပ မှ လာရောက်သူများကို အလုပ်မခိုင်းရန် တောင်းဆိုရာမှ အလုပ်ဖြုတ် ခံရခြင်း ဖြစ်သည်ဟု အလုပ်ဖြုတ်ခံရ၍ နေရပ်သို့ ပြန်သူ ရသေ့တောင်မြို့ နယ်မှ ကိုစိန်သန်းမောင်က ပြောသည်။

“ ကျွန်တော်တို့ အခု မဒေးကျွန်းက  အလုပ်ဖြုတ်ခံရတဲ့ အတွက် ကျောက်ဖြူ သင်္ဘောဆိပ်ကို ရောက်နေ ပါတယ်။ ကျွန်တော်တို့က ဇွန်လ ကုလား/ရခိုင် အရေးခင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ  အလုပ်အကိုင် အဆင် မပြေ ဖြစ်ပြီး စားဝတ် နေရေးအခက်အခဲ ဖြစ်လာတဲ့အတွက်မိသားစုတွေကို ခေါ်ပြီး အရင်ရောက် ရှိနေခဲ့တဲ့  ဆွေမျိုးတွေ အကူအညီနဲ့ မဒေးကျွန်းမှာ လာအလုပ် လုပ်ပါတယ်။

 မဒေးကျွန်းမှာ အလုပ် လုပ်ပြီး  စားဝတ် နေရေး အဆင်ပြေနေတဲ့ အချိန်မှာဘဲ ကျွန်းပေါ်က ဒေသခံတွေက သူတို့ကိုသာ   အလုပ်ပေးရမယ်။ မဟုတ်ရင် ဆန္ဒပြမယ်လို့ ခြိမ်းခြောက်တဲ့အတွက် တရုတ်တွေ က ကြောက်ပြီး အပြင်က အလုပ်လာလုပ်နေတဲ့ ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်ပါတယ်” ဟု ပြော သည်။

ထိုသို့ အလုပ်ဖြုတ်ခံရသဖြင့် လူပေါင်း (၁၀၀) ခန့် သည် ယမန်နေ့က ကျောက်ဖြူမှ တဆင့် ၎င်းတို့ ၏ နေရပ် အသီးသီးသို့ ပြန်သွားကြသည်ဟု ဆိုသည်။

အလုပ်ဖြုတ်ခံရရာတွင်ပါဝင်သူ ပေါက်တောမြို့ ဘ၀မ်းရပ်ကွက်မှ  ကိုမောင်လှချေကလည်း အခြေအနေ ကို ယခုလို ပြောသည်။

“ မဒေးကျွန်းမှာရှိတဲ့ သူတွေလည်း ရခိုင်သားတွေပါ။ ကျွန်တော်တို့လည်း ရခိုင်သားတွေ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ်ထဲမှာ တည်ရှိတဲ့အတွက် ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေ အားလုံး အလုပ်လုပ်ပိုင်ခွင့်ရှိတယ်လို့ ယူဆပါတယ်။ မဒေးကျွန်းစီမံကိန်းကို အားကိုးပြီးလာလုပ်တဲ့ ပြင်ပက လူတွေ ကိုဒေသခံ ကျွန်းပေါ်က လူတွေအနေနဲ့အနိုင်ကျင့်တာ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။

အခု အလုပ်ဖြုတ်ခံရတဲ့ အတွက် အလုပ်သမားတွေကို မှီခိုပြီး စားသောက်နေတဲ့ မိသားစု တော်တော်များများ ဒုက္ခရောက်သွားပါတယ်” ဟု ပြောသည်။

မဒေးကျွန်းတွင်  ရခိုင်ပြည်နယ် မြို့ နယ်အသီးသီးမှ အလုပ်ကြမ်း လာလုပ်သူ ၈၀၀ ကျော်ရှိပြီး မှီခို နေသူ မိသားစုများနှင့်ပါ ဆိုလျှင်  တစ်ထောင်ကျော် ရှိသည်ဟု သိရသည်။

တရုတ်များမှလည်း အဝေးမှ လာရောက် လုပ်ကိုင်နေသူ အများအပြား အလုပ်ဖြုတ်ခံရပြီး လုပ်ငန်းများ ထိခိုက်မူ ရှိသဖြင့် စိတ်မကောင်း ဖြစ်နေကြသည်ဟု ကိုမောင်လှချေက ပြောသည်။

မဒေးကျွန်းပေါ်မှ ဒေသခံများသည် သိမ်းဆည်းလယ်မြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရန်၊ အလုပ်သမားကတ် ရရှိထားသည့် ကျွန်းပေါ်မှ ဒေသခံများ အလုပ်ရရှိရေး ဆောင်ရွက်ပေးရန်၊ မဒေးကျွန်းအနီး ရွာမ၊ ကျောက်တန်း၊ ပိန်းကျေး ရွာချင်းဆက် လမ်းဖောက်လုပ်ပေးရန်၊ လုပ်အားခကို နိုင်ငံတကာစံနှုန်း အ တိုင်းပေးရန်၊ မဒေးကျွန်းတွင် လူနေအိမ်၊ အဆောက်အဦးများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊

 ဒေသခံများ လုံခြုံမှုရှိရေးအတွက် သူစိမ်း အလုပ်သမားများကို သေချာ စိစစ်ရန်နှင့် ကျွန်းပတ်လည် တွင် လွတ်လပ်စွာ ရေလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန်ဆိုသည့် အချက်များကို တောင်းဆိုရန် အတွက် China National Petroleum CorporatioN CNPC ကုမ္ပဏီ ရုံးရှေ့တွင် ဆန္ဒပြရန် စီစဉ်ခဲ့ကြသည်။

ကျောက်ဖြူ ခရိုင်အာဏာပိုင်များက အချက် (၅) ချက်ကို လိုက်လျော့ ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့ပြီး ဆန္ဒပြရန် တောင်းဆိုမူကို ခွင့်ပြုချက် မပေးခဲ့ပေ။

အဆိုပါ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် တစ်ခြားဒေသက လာရောက် လုပ်ကိုင်သူများကို တရုတ် ကုမ္ပဏီက အလုပ်များ ဖြုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။


နိရဉ္စရာသတင်းဌာန

No comments:

Post a Comment