Thursday 7 April 2016

ပါမစ်ရထားသည့် ရေကစားမဏ္ဍပ် ကျပ်လေးသောင်းခန့် ပေါက်ဈေးရှိ

ရန်ကုန်မြို့တော်ဝန်အသစ်က စီးပွားရေးဖြစ် ရေကစားမဏ္ဍပ်များအား ခွင့်မပြုဟု ကြေညာထားသော်လည်း လက်ရှိအချိန်၌ တရက်ရေကစားကြေး ကျပ်လေးသောင်းခန့်ဖြင့်အသင်းဝင်နိုင်ကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်သူများက ကြေညာထားသည်ဟု သိရသည်။
စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုသည့် ကြေညာချက်ထွက်ပေါ်လာပြီးနောက်ယခင်က ရေကစားမဏ္ဍပ် ရေကစားခွင့်လက်မှတ်ရောင်းချခြင်းအစား ယခုအခါ ရေကစားခွင့် (Member) အသင်းဝင်ကြေးဖြင့်သာ လက်ခံ သည်ဟု လတ်တလောမဏ္ဍပ်သုံးခု ပါမစ်ရထားသူထံမှ သိရသည်။ ''လက်မှတ်မရမှာတော့ မပူရဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လောလောဆယ် ပါမစ်ရထားတဲ့မဏ္ဍပ် ပြည်လမ်းပေါ်မှာ သုံးခုရှိတယ်။ မန်ဘာဝင်ချင်ရင်ရပါတယ်'' ဟု သင်္ကြန်ပွဲတော်လက်မှတ်အေးဂျင့်(WFTA) မှ တာဝန်ရှိသူတဦးက ပြောသည်။
မန်ဘာဝင်ကြေးများအား ဧပြီ ၃ ရက်ခန့်အထိ ငါးရက်လုံး ရေကစားပါက ကျပ် ၈၅,၀၀၀ သတ်မှတ်ခဲ့ပြီး ဧပြီ ၅ ရက်တွင် ကျပ်ခြောက်သောင်းသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်ဟု ဆိုသည်။ ''အခြားသော မဏ္ဍပ်တွေထက် ဈေးများလို့ ပြန်လျှော့လိုက်တာပါ။ ငါးရက်လုံး ရေကစားရင် ခြောက်သောင်းပါ။ စိတ်ကြိုက်တရက် ယူမယ်၊ နှစ်ရက်ယူမယ်ဆိုရင်တရက်လေးသောင်းလောက်ထိ ပေါက်ဈေးရှိပါတယ်''ဟု ဆိုသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်သစ်ကစီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုခြင်းနှင့် ကမ္ဘာအေးဘုရားလမ်း၊ ကန်ပတ်လမ်းများအား မဏ္ဍပ်ဆောက်ခွင့်မပြုကြောင်း အတိအလင်းကြေညာထားသည်။
ယင်းကြေညာချက် ကြောင့် ကမ္ဘာအေးဘုရားလမ်းပေးနှင့် ကန်တော်ကြီးကန်ပတ်လမ်းတလျှောက် ရေကစားမဏ္ဍပ်များဆောက် ခွင့်မရသော်လည်း စီးပွားဖြစ် မဏ္ဍပ်များအား စည်းကမ်းဥပဒေနှင့်ထိရောက်စွာ ကာကွယ်၍မရနိုင်ဟု သုံးသပ် သူများလည်းရှိနေခဲ့သည်။ လက်ရှိ ရေကစားမဏ္ဍပ် ပါမစ်ရသူများက ယခင်နှစ်များကဲ့သို့ လက်မှတ်မရောင်း တော့ဘဲ မန်ဘာဝင်စေခြင်းဖြင့် မဏ္ဍပ်ကုန်ကျစရိတ်အား စုပေါင်းအကုန်အကျခံသည့်သဘောဖြင့် ပြုလုပ်သည် ဟုဆိုသည်။
ယင်းကြောင့် Water Festival Tickets Agent အစား Water Festival Member Agent အဖြစ် ပြောင်းလဲခဲ့သည်ဟုဆိုသည်။ ယင်းအပြင် ကမ္ဘာအေးဘုရားလမ်းပေါ်နှင့် ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ပါမစ်ချမပေးတော့သောကြောင့် ပြည်လမ်းပေါ်တွင် ရေကစားမဏ္ဍပ်အများအပြားဆောက်လုပ် လာကြသည်။
ကိုခက်
Popular Myanmar

No comments:

Post a Comment