Tuesday 11 September 2012

တိုင်းရင်းသားရေးရာညီလာခံနှင့် တောင်ကြီးသင်ခန်းစာ

ကျေညာချက်ကိုယ်စီထုတ်ကြသည်

၂၀၁၂ ခု၊ မေလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယင်း၏ သဘောထားအမြင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို -
  •  နိုင်ငံရေးပါတီများ ထူထောင်ကြရန်၊
  • ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံကြရန်၊
  •  ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန်၊
  • လွှတ်တော်တွင် အများသဘောတူညီချက်ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်
အကြံပြုထားသည်။ ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းခြင်းကို မပြောသော်လည်း အထက်ဖော်ပြပါ သဘောထားအမြင်သည် သွားလေသည့် နအဖအစိုးရ၏ အမြင်နှင့် တထပ်တည်းပင် ဖြစ်သည်။


၂၀၁၂ ခု၊ ဇူလိုင်လ (၂၂)ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (U.N.F.C.)သည် ကျေညာချက်တစ်စောင် ထုတ်ပြန်၍ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ၏ အဆိုပြုချက်ကို ငြင်းပယ်သည်။ အကြောင်းပြချက်ကို ရိုးရိုးစင်းစင်းပင် ပေးခဲ့သည်။ လွတ်လပ်မှုနှင့် တန်းတူမှုကို အခြေမခံ၍ဖြစ်သည်။

U.N.F.C. အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဖိအားမပေးမိအောင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို ကြားခံတစ်နေရာမှာ လုပ်လိုသည်။ နိုင်ငံတကာကို အကဲဖြတ်စေချင်သည်။ ပြည်ထောင်စုအစိုးရကိုယ်စားလှယ်များနှင့် U.N.F.C. အပါင်အဝင် လက်နက်ကိုင်တိုင်းရင်းသားကိုယ်စားလှယ်များကို အချင်းချင်းညှိုစေချင်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအသိပညာရှင်အတတ်ပညာရှင်များ ပါဝင်စေလျက် ညီလာခံတစ်ခု ကျင်းပချင်သည်။ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် အစိုးရအဖွဲ့ဝင်များက ဦးရေတူကိုယ်စားလှယ်များ စေလွှတ်၍ ပြည်ထောင်စုလုံးဆိုင်ရာညီလာခံတစ်ခု ကျင်းပချင်သည်။  ဤညီလာခံမှ ချမှတ်သည့် သဘောတူညီချက်ကို နိုင်ငံတော်မူအဖြစ်ဖြင့် လက်ခံ၍ ပါဝင်သူအဖွဲ့များကလည်း ယင်းမူကို ခံယူကျင့်သုံးစေချင်သည်။ ဤလုပ်ငန်းစဉ်များကို ၂၀၁၅ မတိုင်မီ အပြီးအပြတ် ဆောင်ရွက်ချင်သည်။


ပဋိပက္ခ၏ အတိမ်အနက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား၌ တည်ရှိနေသော ကွာဟချက်များကို ဆက်စပ်ပြီး လေ့လာသင့်သည်။ သို့မှသာ ပဋိပက္ခ၏ အတိမ်အနက်ကို ခန့်မှန်းမိမည်ဖြစ်သည်။
  • နိုင်ငံတော်အစိုးရသည် သူတို့၏ နိုင်ငံရေးစနစ် ဒီမိုကရေစီနည်းမကျသော်လည်း ဒီမိုကရေစီနည်းအရ လွှတ်တော်ဝင်ရန် ဆော်အောသည်။ ပြည်ထောင်စုစံချိန်စံညွန်းကို မသိကျိုးကျွံ ပြုထားသည်။
  • U.N.F.C.သည် ဒီမိုကရေစီကိုသာမက ပြည်ထောင်စုစံချိန်စံညွန်းကိုလည်း အဓိကထား၍ တောင်းဆိုသည်။
  • ပြည်မသည် နယ်မြေ(၄၀)ရာခိုင်နှုန်းကို စိုးမိုးထားပြီး လူဦးရေ(၆၅)ရာခိုင်နှုန်း ရှိသည်။
  • ပြည်နယ်များသည် ပြည်ထောင်စု၏ နယ်မြေ (၆၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြပြီး လူဦးရေအရ (၃၅)ရာခိုင်နှုန်းမျှ ရှိသည်။
  • ပြည်မကြည်းရေလေတပ်မတော်သည် အင်အား(၅)သိန်းမျှ ရှိသည်။
  • တိုင်းရင်းသားတပ်မတော်များသည် အင်အား(၁)သိန်းမျှ ရှိသည်။ ကြည်းတပ်သာ ရှိ၍ ရေတပ်နှင့် လေတပ်ဖွဲ့စည်းနိုင်မှု မရှိသေးချေ။
ဤအချက်အလက်များကို သုံးသပ်လျှင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် မည်မျှခက်ခဲမည်ကို ခန့်မှန်းနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးကတည်းက ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်ဖြစ်၍ အလွန်နက်ရှိုင်း၏။  ဒီမိုကရေစီအစိုးတိုင်းက ပြည်ထောင်စုစနစ်ကို လက်ခံကြသည်မဟုတ်သဖြင့် ဦးနုပါလီမာန်ဒီမိုကရေစီခေတ်ကပင် ဖြေရှင်း၍မရခဲ့သော ပြည်ထောင်စုပဋိပက္ခဖြစ်သည်။

တိုင်းရင်းသားလူမျိုးများဖြင့် တည်ထောင်ထားသော နိုင်ငံတိုင်းသည် ဒီမိုကရေစီစံနှုန်းနှင့် ပြည်ထောင်စုမူ မရှိလျှင် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်၊ ငြိမ်းချမ်းခဲ့လျှင်လည်း အရှည်တည်တန့်ရန် မလွယ်ကူ။ ထို့ကြောင့် ပြည်ထောင်စုကို ချစ်မြတ်နိုးသူတိုင်း ထာဝရငြိမ်းချမ်းရေးကို တမ်းတကြသည်။ ထာဝရငြိမ်းချမ်းရေးကို တမ်းတသူတိုင်း တိုင်းရင်းသားပေါင်းစုံညီလာခံတစ်ခုနှင့် ပြည်ထောင်စုလုံးဆိုင်ရာညီလာခံတစ်ခုကို ကြိုဆိုကြသည်။


ညီလာခံ စတော့မည်

လက်ရှိအခြေအနေ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် -
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အပစ်ရပ်ထားသည့် U.N.F.C. အဖွဲ့များ ရှိသည်။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အပစ်မရပ်သေးသည့် U.N.F.C. အဖွဲ့များ ရှိသည်။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အပစ်ရပ်ထားသော်လည်း U.N.F.C.မဟုတ်သည့် အဖွဲ့များလည်း ရှိသည်။
(ဤလက်နက်ကိုင်တိုင်းရင်းသားများကို စုစည်း၍) ထိုင်းနိုင်ငံတွင် တိုင်းရင်းသားရေးရာညီလာခံတစ်ခု ကျင်းပရန်ရှိကြောင်း ဒီဗွီဘီတွင် ဖတ်ရသည်။ ဤညီလာခံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျင်းပရန်ရှိသော ပင်လုံထက် ကျယ်ပြန့်သော (သို့) ပင်လုံကဲ့သို့ ညီလာခံနှင့် စင်ပြိုင်မဟုတ်ဘဲ ပင်လုံကဲ့သို့သော ညီလာခံတစ်ခု ဖြစ်ခဲ့သည်ရှိသော် တိုင်းရင်းသားလူမျိုးများအနေဖြင့် အဆင်သင့်ဖြစ်ကြရန် ပြင်ဆင်ရသည့်သဘောသာ ဖြစ်သည်ဟု ဆိုသည်။

ဤညီလာခံကို ကျင်းပ၍ ပြီးစီးလျှင် ပြည်တွင်း၌လည်း အလားတူတိုင်းရင်းသားရေးရာညီလာခံတစ်ခု ကျင်းပရန်ရှိသည်။ နိုင်ငံတော်အစိုးရကသာ ခွင့်ပြုခဲ့လျှင် အဆိုပါညီလာခံကိုလည်း မကြာခင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ပြည်တွင်းတွင် တိုင်းရင်းသားရေးရာညီလာခံတစ်ခု ဖြစ်မြောက်ခဲ့လျှင်လည်း ပြည်ပညီလာခံကဲ့သို့ပင် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရေး၊ စစ်မှန်သည့် ပြည်ထောင်စုမူ ရရှိရေးသာ ဖြစ်ဖို့ များသည်။ ပြည်တွင်းတွင် နှစ်ပေါင်း(၂၀)ကျော် လှုပ်ရှားခဲ့သည့် UNLD ခေါ် တိုင်းရင်းသားပေါင်းစုံအဖွဲ့အစည်းကြီးသည်လည်း -
  • ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားလူမျိုးများ တန်းတူရေး
  • အမျိုးသားသွေးစည်းညီညွတ်ရေး
  • စစ်မှန်သည့်ပြည်ထောင်စု ဖွဲ့စည်းရေး
  • ပြည်တွင်းငြိမ်းချမ်းရေး
တို့ကို အစဉ်တစိုက် တောင်းဆိုလာကြသည်ဖြစ်ရာ UNFC မူနှင့် ကွာခြားလှမည်မထင်ပါ။ ထိုင်းနိုင်ငံတွင် တိုင်းရင်းသားရေးရာညီလာခံတစ်ခု ကျင်းပပြီးစီးလျှင် ပြည်တွင်း၌လည်း ယင်းကဲ့သို့ ညီလာခံတစ်ခု အထမြောက်အောင်မြင်ဖို့ ကြိုးပမ်းရမည်ဖြစ်သည်။ ဤညီလာခံ(၂)ခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့လျှင် အစိုးရက ကျင်းပမည့် ပင်လုံကဲ့သို့ ညီလာခံတစ်ခုကို တိုင်းရင်းသားအစုအဖွဲ့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျန်သည့် အတိုက်အခံအစုအဖွဲ့နှင့် အစိုးရအစုအဖွဲ့တို့သည်လည်း မိမိတို့ဆိုင်ရာပါတီများ၊ အသင်းအဖွဲ့များကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်သင့်ကြသည်။


တောင်ကြီးသင်ခန်းစာ

မည်သည့်တိုင်းရင်းသားရေးရာညီလာခံကို ကျင်းပသည်ဖြစ်စေ စစ်တပ်အား အာဏာကို သိမ်းစေခဲ့သည့် တောင်ကြီးညီလာခံကို မမေ့ကြရန် လိုအပ်သည်။ ၁၉၅၈-ခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် (၁၀)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ တိုင်းရင်းသားများသည် ပြည်ထောင်စုတွင် (၁၀)နှစ်မျှ နေကြည့်ရန်၊ အဆင်မပြေလျှင် ခွဲထွက်ရန် ဗိုလ်ချုပ်အောင်ဆန်းက အကြံပြုခဲ့သည်။ သို့သော် တိုင်းရင်းသားလူမျိုးများသည် ခွဲထွက်ရေးအကြောင်း မပြောဘဲ တန်းတူရေးအတွက် ဆက်လက်တောင်းဆိုခဲ့ကြသည်။

ဤသို့ဖြင့် ၁၉၆၁-ခု၊ ဇွန်လမှာ တိုင်းရင်းသားလူမျိုးများသည် တောင်ကြီးညီလာခံကို ကျင်းပကြသည်။ ပြည်နယ်မရသေးသည့် မွန်နှင့်ရခိုင်တို့ကိုလည်း ဖိတ်ကြားခဲ့သည်။ ဤညီလာခံကို ဦးစီးကြသည့် ခေါင်းဆောင်များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ခေါင်းဆောင်များ ဖြစ်ကြသည်။ အဆိုပါခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တောင်ကြီးညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ အဆိုပါတောင်ကြီးညီလာခံမှ သဘောတူညီခဲ့သော ပြည်ထောင်စုစစ်စစ်မူကို ၁၉၆၂-ခု၊ မတ်လ(၁)ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအား ချပြခဲ့သည်။ ဦးနုသည်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်မှန်သည့် ပြည်ထောင်စုကို တည်ထောင်ဖို့ သဘောတူညီခဲ့သည်။

သို့သော် အများသိပြီဖြစ်သည့်အတိုင်း နောက်တစ်နေ့ မတ်လ(၂)ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းခဲ့သည်။ ဖက်ဒရယ်မူကို ခွဲထွက်ရေးအမည်တပ်ပြီး တန်းတူရေးမူတောင်းသူများကို ပြည်ထောင်စုဖြိုခွဲသူများအဖြစ်ဖြင့် နှိပ်ကွပ်ခဲ့ရာ တပ်ချုပ်ကြီး အနားယူခဲ့သည့် ၂၀၁၀ ခုအထိ ဖြစ်သည်။

ယခုအခါ၌ သမိုင်းဘီး တစ်ပတ်လည်ပြန်သည်ဟု ဆိုရမည်။ ထိုင်းနိုင်ငံတွင် တိုင်းရင်းသားရေးရာညီလာခံတစ်ခု ကျင်းပဦးမည်။ ဤညီလာခံမှ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်သည့် ပြည်ထောင်စု ပေါ်ပေ႟ါက်ရေးကိုသာ ချမှတ်ကြပါမည်။
  • ဖက်ဒရယ်မူကို ပါလီမာန်အစိုးရဦးနု အသိအမှတ်ပြုခဲ့သလို ဦးသိန်းစိန်က အသိအမှတ်ပြုနိုင်ပါမည်လား။
  • ဖက်ဒရယ်မူကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည့်ရက် ၁၉၆၂ ခု၊ မတ်လ(၂)ရက်နေ့တွင် ဗိုလ်နေဝင်း စစ်အာဏာသိမ်းခဲ့သလို လက်ရှိအစိုးရက တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်သွားမည့် ထာဝရငြိမ်းချမ်းရေးနောက်ဆုံးအဆင့်၌ မင်းအောင်လှိုင်က ဆရာ့ဆရာလမ်းစဉ်ကို အတုခိုး၍ စစ်အာဏာသိမ်းဦးမည်လား။
  • ၂၀၁၅ ခုမတိုင်မီ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်လား၊ ၂၀၁၅ ခုမှာ တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုကို ကျင်းပနိုင်မည်လား၊ မတော်တဆများ စစ်အာဏာက ဝင်သိမ်းနေဦးမည်လား။


တောင်ကြီးတွင် အငိုက်မိခဲ့ပြီ။
သင်ခန်းစာ ယူပါ။

ref:FB

No comments:

Post a Comment