Tuesday 11 September 2012

၈၈မျိုးဆက်ကျောင်းသားများ ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ -KNPPနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောထားထုတ်ပြန်ချက်တစ်ခု ပူးတွဲ ထုတ်ပြန်



၁၀၊၉၊၂၀၁၂ နေ့က ကိုမြအေးဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ သို့ရောက်ရှိကြသည်။၁၁၊၉၊၂၀၁၂နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ -KNPPနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောထားထုတ်ပြန်ချက်တစ်ခုကို ပူးတွဲထုတ်ပြန်ကြေညာလိုက် သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP မှ
၁။ ခူဒယ်နီရယ် - ပါတီဗဟိုကော်မတီဝင်၊ ဆက်ဆံရေးတာဝန်ခံ
၂။ ခွန်းစမ်းရှိုင်း - တွဲဖက်တာဝန်ခံ
၃။ အေးမွန် - ရုံးဝန်ထမ်း တို့ တက်ရောက်ခဲ့ကြပြီး၊


၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ
၁။ ကိုမြအေး - ငြိမ်းချမ်းရေးတာဝန်ခံ (အဖွဲ့ခေါင်းဆောင်)
၂။ ကိုထွန်းမြင့်အောင် - လယ်သမားရေးရာ တာဝန်ခံ
၃။ ကိုစိုးထွန်း - လူ့စွမ်းအား အရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေး တာဝန်ခံ
၎။ မမီမီလွင် - ငြိမ်းချမ်းရေးအဖွဲ့ဝင်
၅။ မစန်းစန်းမော် - ငြိမ်းချမ်းရေးအဖွဲ့ဝင် တို့တက်ရောက်ခဲ့ကြသည်။
ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ၈၈မျိုးဆက်ကျောင်းသားများ၏
တွေ့ဆုံဆွေးနွေးမှု သဘောထား ထုတ်ပြန်ချက်

လွိုင်ကော်မြို့ ရက်စွဲ ။ ။ ၁၁-၉-၂၀၁၂


၁။ KNPPနှင့် ၈၈မျိုးဆက်ကျောင်းသားများသည် လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ရှေ့အလားအလာများနှင့်ပတ်သက်၍လည်းကောင်း ပထမဦးဆုံးအကြိမ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
၂။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းကို အာမခံချက်ပေးသည့်၊ တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိသည့် စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းရေးအတွက် လက်တွဲကြိုးပမ်း သွားမည်။
၃။ ကယားပြည်နယ်တွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံရေးပဋ္ဋိပက္ခများကို ဖြေရှင်းနိုင်သည့် စစ်မှန်သောငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ထွန်းရေးကို လိုလားသည်။ ဒေသခံ ပြည်သူလူထု၏ သဘောတူ ပူးပေါင်းဆောင်ရွက်မှုကိုရမှသာလျှင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ယုံကြည်သည်။
၎။ ချိကယ်ကျေးရွာအုပ်စု ပကျဲတောင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည့်စီမံကိန်းအား ဒေသခံ ရွာသူရွာသားများနှင့် ပြည်သူများ၏ သဘောတူကျေနပ်မှုရမှသာလျှင် ဆောင်ရွက်သင့်သည်ဟု ယူဆသည်။
၅။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး၊ ဒီမိုကရေစီထွန်းကားရေးတို့အတွက် အစိုးရ အပါအ၀င် မည်သည့်အသင်းအဖွဲ့များနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်။
၆။ ကချင်ပြည်နယ်တွင် ယနေ့ဖြစ်ပွားနေသော စစ်ပွဲများအား အမြန်ဆုံးရပ်တန့်ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးပွဲများ အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း အစိုးရအား တိုက်တွန်းအပ်ပါသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
၈၈ မျိုးဆက်ကျောင်းသားများ

No comments:

Post a Comment