Tuesday 11 September 2012

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၅)


ဒေါက်တာနိုင်အောင်အကြောင်းကို ကျမ ကောင်းကောင်းရေးနိုင်ဖို့ဆိုရင် သူ့ရဲ့ နောက်ခံ အကြောင်းအရာတွေကို သိထားဖို့ လိုတယ်ဆိုတာ ကျမ သိပါတယ်။

ဒါပေမဲ့ သူ့အကြောင်းကို ကျမက စုံစမ်းတော့ ဒေါက်တာနိုင်အောင်ဟာ ဆရာဝန် တယောက်ဖြစ်တယ်၊မန္တလေးသားဖြစ်တယ်။ ABSDFရဲ့ ခေါင်းဆောင်  တယောက်ဖြစ်ခဲ့တယ်။ ပြီးတော့လက်ရှိ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုရဲ့ Secretary General တာဝန်ယူ ထားတယ်ဆိုတာလောက်ပဲ သိရတယ်။

ဒါလောက်သိတာတောင်မှ   facebook သုံးစွဲရင်းနဲ့ နိုင်ငံခြားမှာနေတဲ့ သူတွေကို မေးရင်းမြန်းရင်း သိရတာပါ။ နိုင်ငံခြားမှာ နေတဲ့ သူတွေဆိုတာလည်း ကျမနဲ့ငယ်ပေါင်းကြီးဖော်တွေ မဟုတ်ပေမဲ့ facebook မှာ သူ့စာကိုယ့်စာဖတ်ရင်းနဲ့ ခင်မင်သွားကြတဲ့ သူတွေဖြစ်တယ်။ သူတို့လည်း သူတို့သိရသလောက်ပဲ ပြောပေးကြပါတယ်။

ဒေါက်တာနိုင်အောင်အကြောင်း၊ မိုးသီးဇွန်အကြောင်း စာအုပ်ရေးလည်း ကျမ မဖတ်ခဲ့ဖူးတော့ သိလည်းမသိခဲ့ပါဘူး။ သူ့အကြောင်း မသိ၊ သူ့ကို မတွေ့ဖူး၊ မမြင်ဖူးဘဲနဲ့ ကျမတော့ အင်တာ ဗျူးလုပ်ခဲ့ပါပြီ။

မေးခွန်းအချို့ကို ကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့ မေးခွန်းအများစုကို ဒေါက်တာနိုင်အောင်ရဲ့ အဖြေကိုစောင့်နားထောင်ပြီး မေးခဲ့တာပါ။

မေးရင်းနဲ့လည်း  အားမလိုအားမရတဲ့စိတ်ဖြစ်ရသလို ။ ကျမက ဒီလူအကြောင်းကို ခုမြင်သလောက်ပဲ သိလို့ မမေးဖူးဆိုရင် သူ့အကြာင်းကို ကောင်းကောင်းသိမှ မေးမယ်လို့ ဆုံးဖြတ်ရင် မှန်ရဲ့ လားဆိုတာတွေးပြီးတော့ ကိုယ့်ကိုယ်ကို အားပေးတဲ့စိတ်နဲ့နောက်မေးခွန်းတွေကို ဆက်မေးဖြစ်ခဲ့တယ်။


မနေ့ကရဲ့ အဆက်မှာတော့ နိုင်ငံရေးလုပ်စားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှ ဒေါက်တာအောင်နိုင်က ခုလို ဖြေပါတယ်။
ဖြေ။ ။ နိုင်ငံရေးလုပ်စားတယ် နိုင်ငံရေးလုပ်စားတယ်ဆိုတာလေးကို ကျနော်က ရှင်းပြချင်ပါတယ်။ ကျနော်တို့ တောထဲမှာ ၂၄ နှစလုံးနေထိုင်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့ သူများထောက်ပံ့တာနဲ့ပဲ ရပ်တည်ခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့ထိလည်း ကျနော့်ရဲ့ ဆရာဝန်အတတ်ပညာနဲ့ ကိုယ်ပိုင် ၀င်ငွေကို ရှာပြီးတော့ ရပ်တည်တာ  မဟုတ်ပါဘူး။ ဒီနိုင်ငံရေးလုပ်တဲ့ အခါမှာ အသက်မွေးဝမ်းကျောင်းအနေနဲ့ သမ္မတ၊  ၀န်ကြီးတွေ၊ထိုက်သင့်တဲ့ လစာနဲ့ ခံစားခွင့်ရှိသလို နိုင်ငံရေးလုပ်တဲ့သူတွေကလည်း ဒီအလုပ်ကို အချိန်ပြည့်လုပ်နိုင်အောင်အတွက် သူ့မှာ ထိုက်သင့်တဲ့ ၀င်ငွေလေး ရှိဖို့ လိုအပ်ပါတယ်။ ထိုက်သင့်တဲ့ ၀င်ငွေရှိသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်က ကိုယ်ပိုင်ဝင်ငွေရဖို့အတွက် အခြားအလုပ်တခုခု လုပ်နေရမယ်ဆိုရင် ဒီထဲမှာ အချိန်ပြည့်လုပ်နိုင်တဲ့ အခြေအနေ ဘယ်ရှိပါတော့မလဲ။ ဒီအလုပ်ကိုလည်း အသက်မွေးဝမ်းကျောင်းအလုပ်တခုအနေနဲ့ ကျင့်သုံးသင့်ပါတယ်လို့ ကျနော်ထင်ပါတယ်။

ဒေါက်တာနိုင်အောင်က ခပ်ဖြေးဖြေးဖြေပြီးတော့ ဘယ် ဒူးကို ညာလက်နဲ့ပြန်ပိုက်ပါတယ်။

မေး။ ခုချိန်ထိတော့ပေါ့နော် မြန်မာနိုင်ငံမှာလည်း ပါတီနိုင်ငံရေးလုပ်နေကြတဲ့ အပေါ်မှာလည်း ပါတီ တော်တော်များများကတော့ ကိုယ့်မိသားစုပိုက်ဆံထဲကပဲ လုပ်ကြတာများတယ်ပေါ့၊့ ကိုယ့်ထမင်းကိုယ်စားပြီးတော့ပါတီ ရုံးသွားကြ လုပ်ကြရတာပေါ့လေ၊ လမ်းစရိတ်တွေ ပါတီကိစ္စ စည်းရုံးရေးကိစ္စတွေတောင်မှ ကိုယ့်ပိုက်ဆံနဲ့  ကိုယ်လုပ်ကြတာပေါ့လေ၊ မိသားစု ပိုက်ဆံကိုပဲ သုံးပြီး လုပ်ကြတာပေါ့လေ၊ မြန်မာပြည်မှာတော့ ဒီယဉ်ကျေးမှုကတော့ မရှိသေးဘူးပေါ့ အလှမ်းဝေးနေသေးတယ်လို့ မြင်တာပေါ့လေ၊ အကို့အမြင်နဲ့ရော ဒါကို နိုင်ငံရေးလုပ်စားတယ်၊ နိုင်ငံရေး ပွဲစားလို့ လူမှုကွန်ယက်တွေ facebook တွေမှာ သုံးကြတာတွေ့ရတော့လေ၊။

ဖြေ။ ။ facebook ကတော့ ခွင့်လွှတ်လိုက်ပေါ့ဗျာ။ ပြောချင်သလို ပြောလို့ရတယ် ဟစ်တိုင်ကြီး   ဖြစ်နေတယ်ဆိုတော့လေ။ ဒါပေမဲ့ နိုင်ငံရေးလုပ်တယ်ဆိုတဲ့အခါမှာ တယောက်နဲ့ တယောက်ယုံကြည်မှုတွေ ရှိလာအောင်ဆိုတဲ့ ကိစ္စမျိုးပေါ်မှာ ကျနော်တို့ လုပ်နေတဲ့ နိုင်ငံရေးတန်ဖိုးထားမှုမှာ ကိုယ့်အိတ်ကိုယ်စိုက်လုပ်တယ်ဆိုတဲ့ တန်ဖိုးထားမှု ရှိနိုင်ပါတယ်။ ဒါလည်း ကောင်းပါတယ်။ ဖြစ်နိုင်သမျှ ဘာမှ မယူဘဲနဲ့ လုပ်နိုင်ရင်ကောင်းတာပေါ့။ ဒါပေမဲ့ ရေရှည်အချိန်တခုခုမှာ ကျနော်တို့ လက်တွေ့စဉ်းစားကြည့်ကြစို့၊ သမ္မတဦးသိန်းစိန်က သိပ်ချမ်းသာလွန်းနေရင်တော့ မပြောတတ်ဘူး။ အလုပ်တခုလုပ်ဖို့ ထမင်းစားဖို့တော့ လိုတာကို။ အဲဒီလိုမျိုးမှာ တနေ့နေ့တချိန်ချိန်မှာတော့ နိုင်ငံရေးအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တဲ့ သူတွေ ဖွဲ့စည်းပြီးလုပ်လာတဲ့ အပေါ်မှာ ဒီအပျော်တမ်းသဘောမျိုး လုပ်တဲ့ အဆင့်တွေကနေပြီးတော့မှ တကယ်ကို လုပ်နိုင်တဲ့ အချိန်ထိ ကြိုးစားသွားသင့်တယ်၊ ဒီလို လုပ်နိုင်ဖို့ အရည်အချင်းရှိတဲ့ သူတွေကိုလည်း ယုံယုံကြည်ကြည်နဲ့ နောက်ကျောလုံလုံနဲ့ လုပ်နိုင်အောင်လည်း အခွင့်အရေးတွေ အခွင့်အလန်းတွေ ဖန်တီး ပေးသင့်တယ်လို့ ထင်ပါတယ်။အဲဒါကိုလည်း ကျနော်တို့ လူ့အဖွဲ့အစည်းက နားလည်ပေးသင့်တယ်လို့ ထင်တယ်။အရေးကြီးတာက ဘာလဲဆိုတော့ အဲလိုမျိုး အများသူငှာနဲ့ ဆိုင်တဲ့ အလုပ်တွေကို လုပ်နေတဲ့ သူတွေ ကိုယ်ပိုင်ဝင်ငွေနဲ့ လုပ်နေတာ မဟုတ်တဲ့ သူတွေက ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို ရှင်းရှင်းလင်းလင်းကြေငြာသင့်တယ်။ ရှင်းရှင်းလင်းလင်းပြောထားသင့်တယ်လို့ ကျနော် မြင်ပါတယ်။

မေး။ ။၁၉၉၂ ခုနှစ်တုန်းက ABSDF အဖွဲ့ကနေ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ စာတမ်းတစောင်ထုတ်ပြန်ခဲ့တယ်လို့ ကျမရဲ့ facebook က မိတ်ဆွေတယောက်က ပြောပါတယ်။ အဲဒါ ဟုတ်ပါသလားရှင်။

သူ ခဏတော့စဉ်စားနေသလို ရှိတယ်။ပြီးမှ ဆက်ဖြေပါတယ်။

ဖြေ။       ။အဲဒါက တကယ်တော့ ကျနော်တို့ ထုတ်ပြန်တာ မဟုတ်ဘူး။ အဲဒီအချိန်တုန်းကလည်း ရိုဟင်ဂျာဆိုတဲ့ ကိစ္စတွေ စဖြစ်လာတော့ ကျနော်တို့ ကျောင်းသားတွေက မိဘအိမ်တွေကနေ လာခဲ့တဲ့သူတွေဖြစ်တော့ သမိုင်းကြောင်းတွေကို ပြန်လေ့လာကြရတာတွေ ရှိတယ်။  ရိုဟင်ဂျာဆိုတဲ့ ကိစ္စကို ကျနော်က ဘာမှန်းမသိလို့ကျနော်တို့ရဲ့ သုတေသနအဖွဲ့ကို ရိုဟင်ဂျာဆိုတာကို ဘာလဲ ဆိုတာကို လက်လှမ်းမှီသလောက် ရှာဖွေစုဆောင်းပေးပါလို့ ပြောတဲ့အခါမှာ သုတေသနဋ္ဌာနက ဗဟိုကော်မတီတွေကို စာအုပ်လေး တအုပ်ထုတ်ပေးတယ်။ ဗဟိုကော်မတီဝင်တွေ ဖတ်ဖို့ ပေးတဲ့သဘောပါ။အဲဒါက အကြောင်းအမျိုးမျိုးနဲ့ အပြင်ရောက်သွားပြီးတော့  ကျနော်တို့က ရိုဟင်ဂျာကို ထောက်ခံသလား၊ ရိုဟင်ဂျာကို အသိအမှတ်ပြုပါသလားဆိုတာမျိုးဖြစ်သွားတာပါ။

မေး။လက်ရှိအခြေအနေအရရော အကိုရဲ့ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ သဘောထားအမြင် ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။ ။အခု ရိုဟင်ဂျာလို့ အမည်သုံးပြီး ပြောနေတဲ့ လူတွေပေါ့နော်၊ လူတိုင်းမှာ နိုင်ငံသားဖြစ်ပိုင်ခွင့်၊ နိုင်ငံတခုပေါ် နေထိုင်ခွင့်ဆိုတာ ရှိကိုရှိတယ်။ ဆိုတော့…ကျနော်တို့ တိုင်းပြည်ထဲမှာ သူတို့က တကယ်ပဲ မိဘတွေကမွေးလာလို့ပဲဖြစ်ဖြစ်၊ နေရာတနေရာကနေ ရွေ့ပြောင်းလာလို့ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ နိုင်ငံသားဖြစ်တယ်ဆိုလို့ရှိရင် သူတို့မှာ နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရရှိသင့်တယ်လို့ ကျနော်တို့ယူဆပါတယ်။ အဲလို နိုင်ငံသားဖြစ်ထားတဲ့ မှတ်ပုံတင်ကို ဘယ်လိုရသလဲလို့ စိစစ်တာက တပိုင်း။နောက်တခု ကျနော်တို့ နိုင်ငံသားဖြစ်မှု ဥပဒေကလည်း လွှတ်တော်မှာ ပြောဆိုနေကြသလို ခေတ်နဲ့ မညီတော့ပါဘူး။ ဒါတွေကို ပြန်ပြီးတော့ ပြင်ရမယ်ဆိုတာကလည်း တပိုင်း၊ နောက်တခုက ကျန်နေသေးတဲ့ သူပေါ့၊ အဲဒါမဟုတ်တဲ့ သူတွေလည်း တပိုင်းရှိနိုင်တယ်ဆိုရင်လည်း အဲဒီလူတွေအားလုံးကိုလည်း ကျနော်တို့ ဟိုဘက်ကမ်းက ဘင်္ဂလားဒေရှ့် နိုင်ငံကလည်း လက်မခံဘူးဆိုရင် ကျနော်တို့ သူတို့ကို ပင်လယ်ထဲ မောင်းချလို့မရဘူး။ ကျနော်တို့ သူတို့ကို လူသားချင်းစာနာတဲ့ အနေနဲ့ ကျနော်တို့ သူတို့ကို ကျနော်တို့ နိုင်ငံက လူ့အဖွဲ့အစည်းက စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ သူတို့တွေ နိုင်ငံတခုခုမှာသွားရောက်အခြေချနေထိုင်အောင်လို့ ကျနော်တို့ နေရာကနေ ခွင့်ပြုပေးသင့်တယ်၊ အဲဒါကိုလည်း နိုင်ငံတကာက တာဝန်ယူသင့်တယ်။ မြန်မာပြည် တနိုင်ငံတည်း တာဝန်မယူသင့်ဘူး။

အဲဒီလို အခြေအနေမှာ မြန်မာနိုင်ငံကလည်း ကိုယ်နိုင်သလောက်ခွဲတမ်းလေး ယူရင်လည်း ကမ္ဘာအလည်မှာ ပိုပြီး လေးစားစရာဖြစ်လာမယ်။ဒါကတော့ ကိုယ့်နိုင်ငံက နိုင်မှပါ။ နောက်တခုက နိုင်ငံရေး ကိစ္စပေါ့ ကျနော်မြင်တာက ဘာရှိသလဲ ဆိုရင် ကျနော်တို့ ပြန်လည်သင့်မြတ်နိုင်အောင် ကြိုးပမ်းနိုင်သလောက် ဆက်ကြိုးပမ်းကြမယ်လို့ ဆိုပေမဲ့ လို့ အခုလောလောဆယ်ဖြစ်နေတဲ့ အရှိန်အဟုန်ကြီးက သိပ်ကြီးနေတဲ့ အပေါ်မှာ ကျနော်က ဘာအကြံပြုချင်လည်း ဆိုတော့ ဒီလူတွေကို ရခိုင်ပြည်နယ်တခုတည်းမှာပဲ မထားဘဲနဲ့တခြားပြည်နယ်တွေမှာလည်း အခြေချနေထိုင်ခွင့်ပြုသင့်တယ်လို့ ထင်တယ်။အဲလိုဆိုရင် ရခိုင်တိုင်းရင်းသားတွေ စိုးရိမ်နေတဲ့ သံသယတွေနဲ့ စိုးရိမ်ပူပင်မှုတွေ လျော့သွားနိုင်မယ်လို့ ထင်တယ်။ နောက်နိုင်ငံရေးပြသနာ တခု ရှင်းရမှာက ဘာလဲ ဆိုတော့ဒီရိုဟင်ဂျာဆိုတဲ့ သူတွေပေါ့နော် သူတို့က ကျနော်တို့ရဲ့ တိုင်းရင်းသားတွေလို ရခိုင်၊ ကချင်၊ကရင်တို့လို ဌာနေ တိုင်းရင်းသား အခွင့်အရေး မရှိဘူး လို့ ကျနော်ထင်တယ်။ဒါလောလောဆယ် ကျနော် ထင်ထားတာနော်။


အဲဒါကျနော်တို့နဲ့အတူတူ ဘာလဲ ဆိုတော့ ရခိုင်ဆိုတဲ့ လူမျိုးတွေ၊ ကချင်ဆိုတဲ့ လူမျိုးတွေလိုပဲ အရင်ကတည်းက အခြေချနေထိုင်လာတဲ့ သမိုင်းရှိတယ်ဆိုရင်တော့ တန်းတူအခွင့်အရေးရသင့်တယ်။
အဲလိုမဟုတ်ဘဲ နောက်မှ ရောက်လာတဲ့သူမျိုးတွေ ဆိုရင်တော့ ဌာနေ နိုင်ငံသားအခွင့်အရေး မရဘူး။ ကချင်၊ မွန်၊ရခိုင်၊ ရှမ်းတွေလို ပြည်နယ်တောင်းခွင့်မရှိဘူး။ နောက်တခုက နိုင်ငံတခုခုမှာ မူလနိုင်ငံသားရှိပြီးသားတွေက နောက်နိုင်ငံတခုမှာ ပြည်နယ်တောင်းခွင့်မရှိဘူး။ ဥပမာ ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ တရုတ်လူမျိုးတွေပေါ့ဗျာ။ သူတို့မှာ ဟိုဘက်မှာ တရုတ်ပြည်ရှိနေတာပဲ ကျနော်တို့ နိုင်ငံမှာ ဘယ်လောက်များများရှိရှိ တရုတ်ပြည်နယ်တော့ တောင်းလို့မရဘူး။ အဲဒီသဘောလေးတွေကို နားလည်ဖြေရှင်းဖို့ လိုမယ်လို့ ထင်တယ်။  နောက်တခုက လူမျိုးတမျိုးပေါ့ဗျာ၊ လူစုတစုပေါ့ဗျာ။ သူ့ဟာသူ ဘယ်လို အခေါ်ခံချင်တဲ့ကိစ္စက သူတို့ကိစ္စလို့ ကျနော်ထင်တယ်။

ဒါကတော့ကျနော်တို့ လူ့အဖွဲ့အစည်းက ဘယ်လောက်ယဉ်ကျေးသလဲဆိုတာပေါ်မှာ မူတည်တာပဲ။ ရိုဟင်ဂျာခေါ်သင့်မသင့်တို့ ဆိုတာတွေကတော့ နိုင်ငံရေးပြသနာအနေနဲ့ စဉ်းစားရမယ်ထင်တယ်။ ကျနော်နားလည်ခဲ့သော သမိုင်းအရ ဆိုရင်တော့ သူတို့မှာ ပြည်နယ်တောင်းဆိုနိုင်သော အခွင့်အရေး မရှိဘူး အဲဒါနဲ့ လူသားတယောက်ချင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ မရောသင့်ဘူးလို့ ကျနော် ထင်ပါတယ်။


ဒေါက်တာနိုင်အောင်က အဖြေတွေအများကြီး ပြောသွားပေမဲ့ ကျမစိတ်ထဲ မရှင်းလှပါဘူး။ နားလည် မလည်သလိုပါပဲ၊အဲဒါနဲ့ သေချာအောင်ထပ်မေးဖို့ စဉ်းစားခဲ့ပါတယ်။

မေး။ နည်းနည်းလေးပိုရှင်းအောင် သိချင်လို့ပါ၊အခု အကိုပြောနေတာက နိုင်ငံသားအခွင့် အရေးကို ပြောတာလား၊ တိုင်းရင်းသားအခွင့်အရေးကို ပြောတာပါလားရှင့်။

ဖြေ။ ။ကျနော်တို့ဒီမှာ စကားလုံးအရ လွဲနေကြတာတွေ ရှိတယ်၊ အင်္ဂလိပ်လိုနဲ့ မြန်မာလို့နဲ့ ဘာသာပြန်ကြတဲ့ အခါမှာ စကားလုံးအရ အခေါ်ဝေါ်မှာ လွဲနေတာလေးတွေ ရှိတယ်။ ကျနော်တို့က ethnic လို့ပြောရင် တိုင်းရင်းသားလို့ ဘာသာပြန်ကြတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ethnic လို့ ပြောရင် မြန်မာပြည်မှာ ရှိနေတဲ့ ဗမာ- တရုတ်လည်း ethnic ပဲ။ ဗမာ-အိန္ဒိယလူမျိုးလည်း ethnic ပဲ။  ရခိုင်လည်း ethnic ပဲ။ နောက်ရခိုင်၊ ကချင် ဒါမျိုးကြတော့ လူနည်းစု လူမျိုးစု အခွင့်အရေးလို့ ခေါ်တယ်၊ အဲဒါကြောင့် လည်း လူနည်းစု အခွင့်အရေးအရ ပြည်နယ်ပေးရတယ်။ ဌာနေ တိုင်းရင်းသား အခွင့် အရေးပေါ့။ ethnic ဆိုတာကို ကျနော်တို့က တိုင်းရင်းသားလို့ ယူဆပြီး ပြောလိုက်တဲ့အခါမှာ ကျနော်တို့ ပြောလိုက်တဲ့ တိုင်းရင်းသားကို အင်္ဂလိပ်လို ဘာသာပြန်လိုက်ရင်လည်း ethnicဖြစ်သွားတယ်။ အဲတော့ ရိုဟင်ဂျာကို တိုင်းရင်းသားလို့ အသိအမှတ်မပြုနိုင်ဘူးလို့ ကျနော်တို့ ပြောနေတာက ဌာနေ တိုင်းရင်းသားတွေလို အသိအမှတ်မပြုဘူးလို့ ပြောနေကြတာ။ အင်္ဂလိပ်လို ethnic လို့ ပြော လိုက်တဲ့အခါကျတော့ ဟာ ဗမာ- တရုတ်လည်း ethnicပဲ အဲလို ဝေါဟာရပေါ်မှာ   ပြဿနာတက်နေကြတယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ကျမလည်း ရိုဟင်ဂျာလို့ ပြောနေတဲ့ သူတွေနဲ့ တွေ့ဖူး အင်တာဗျူးထားတယ်ရှင့် သူတို့တွေကတော့ မြန်မာပြည်မှာ နေထိုင်တဲ့အတွက် မှတ်ပုံတင်ကစ နိုင်ငံသားအခွင့်အရေး ရကြတယ်ရှင့်။ မြန်မာပြည်မှာ လုပ်ငန်း  ကုမဏ်ီထောင်ပြီး အလုပ်လုပ်နေတဲ့ သူတွေနဲ့ နောက်ဆုံး လွှတ်တော်ထဲထိတောင် ၀င်ရောက်ခွင့်ရနေကြတာပါပဲ။ နိုင်ငံတကာမှာ သူတို့မရဘူးလို့ ပြောနေတာက တခြားတိုင်းရင်းသားတွေလို နေရာမရဘူး။ ပြည်နယ်မရှိဘူး။ ဘူးသီးတောင်မောင်းထောက သူတို့ရဲ့ နယ်မြေပါပေါ့။ အဲဒီနေရာကို ပြည်နယ်တခုအနေနဲ့ ရပိုင်ခွင့်ရှိတယ်လို့ ပြောနေကြတာ   တွေ့ရတယ်ရှင့်။ဘာကြောင့်လဲ ဆိုတော့ အဲဒီဒေသမှာ နေတဲ့ လူဦးရေရဲ့ ၉၀%လောက်က သူတို့တွေပါလို့  ပြောတယ်။ သူတို့ကတော့ ဒါ ငါတို့ ရသင့်တာလို့ စွဲနေတာပေါ့။နောက်သူတို့မှာ ဧည့်နိုင်ငံသားအဖြစ်နဲ့ နေနရတယ်သူတွေလည်း ရှိတယ်ပေါ့။ ဒါပေမဲ့ ရန်ကုန်မှာ အခြေကျနေကြတဲ့ သူတွေလည်း ရှိနေတာ ကျမတို့ တွေ့ရတာပဲ၊ စီးပွားရေးလုပ်ကိုင်နေတဲ့ သူတွေနဲ့ မိသားစု ဆွေမျိုးသားချင်းတွေထဲမှာ ဆရာဝန်တွေတောင်ပါနေသေး တာပါပဲ။ နိုင်ငံသား အခွင့်အရေးမရဘူးလို့ သူတို့ပြောနေတာကို ကြားရတော့ ဘာကို ရည်ညွှန်းသလဲပေါ့။ သူတို့က ကချင်ဆိုရင် ကချင်ပြည်နယ်ရှိတယ်၊ ရှမ်းဆိုရင် ရှမ်းပြည်နယ်ရှိတယ်၊ စစ်တပ်ရှိတယ်ပေါ့၊အဲလိုပြောတော့ သူတို့က အဲလို ပြည်နယ်လိုချင်တဲ့ အနေအထားမျိုးဖြစ်နေတယ်။ ပြီးတော့ သူတို့က နိုင်ငံတ ကာမှာလည်း ဒါကိုပဲ သူတို့အခွင့်အရေး မရှိတဲ့အကြောင်း၊ ချိုးဖောက်ခံရတဲ့ အကြောင်း   ပြောနေတာ၊ ရေးနေတာတွေ တွေ့ရတော့လေ။ ကျမအမြင်မှာတော့ ဘာဖြစ်လို့ အဲလိုပြောနေကြသလဲပေါ့။ ပြီးတော့အကို့အမြင်ပေါ့လေ၊ ဘယ်လိုအမြင်မျိုးနဲ့ သုံးသပ်မလဲ ဆိုတာလေး သိချင်ပါတယ်။

ဖြေ။ ဌာနေတိုင်းရင်းသား အခွင့်အရေးလို့ ပြောမယ်ဆိုရင် ဘယ်အချိန်က ဘယ်လိုအခြေချနေ ထိုင်လာခဲ့သလဲ ဆိုတဲ့ပေါ်မှာ မူတည်ပါတယ်။ အဲဒီသမိုင်းကိုတော့ သေချာဖော်ထုတ်သင့်တယ်။ သူ့ဘက် ကိုယ့်ဘက်ရော အခြားလေ့လာထားတဲ့သူတွေရော ပညာရှင်တွေ အများကြီး ရှိပါတယ်။ ကျနော်လည်း တတ်နိုင်သမျှ ဖတ်ပါတယ်။  သမိုင်းကို အမှန်ဖော်ထုတ်မဲ့ကိစ္စ တကြိမ်တခါတည်း နဲ့ ပြီးအောင်တော့လုပ်လိုက်သင့်တယ်။ အများသူငှာအငြင်းပွားပြီးတော့ သူမှန်နိုး၊ ငါမှန်နိုးနဲ့ ပြောနေတဲ့ကိစ္စဖြစ်တဲ့အတွက် အဖြေမှန်တခုကို ဖော်ထုတ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။

နောက်တခုက လက်တွေ့မှာ ကျနော်တို့ နားလည်ထားတဲ့ နိုင်ငံရေး ခံယူချက်တခုနဲ့ ကျနော်ပြောချင်တယ်။ ကျနော်တို့ တိုင်းရင်သားတွေ ဌာနေတွေ ပြောနေတဲ့ ဥစ္စာက နဂိုမူလ ဖြစ်တည် တည်ရှိမှုကို ပြောတယ်လို့မြင်ရမှာဖြစ်တယ်။ ပြောချင်တာက ဘာလဲဆိုတော့ ၁၈၈၅ခု  အင်္ဂလိပ် သိမ်းပြီးတော့မှ မြန်မာပြည် မြေပုံကြီးက ဒီအတိုင်း ထွက်လာတာ။ နဂိုတည်းက သူ့ထီးသူ့နန်းနဲ့ သူ့ဟာသူ နေခဲ့ကြတဲ့ သူတွေပဲလေ။ အဲလိုရှိနေတာကို ၁၉၄၈ လွတ်လပ်ရေး ရဖို့တောင်းတဲ့အချိန်ကြမှ ဒီမြေပုံကြီးအတိုင်း ဆက်နေကြတဲ့ အခါမှာအားလုံးက သူကြီးတွေပဲပေါ့ဗျာ။ အဲလိုဖြစ်အောင်ညှိုခဲ့ကြတဲ့ ပင်လုံ။နောက်နဂိုမူလပိုင်ရှင်တွေအနေနဲ့ တိုင်းပြည်ကြီးကို ငါတို့တွေ ပါဝင်ပြီးတော့ လုပ်ခဲ့ကြ တယ်ဆိုတဲ့ သဘောတူညီမှုနဲ့လုပ်ခဲ့ကြတဲ့ကိစ္စ၊ အဲဒီလိုမျိုးမှာ အခုပြောနေတဲ့ ရိုဟင်ဂျာလို့   ပြောတဲ့သူတွေ ရှိခဲ့တယ်ဆိုရင်လည်း ခုချိန်ထိတော့ ကျနော်တော့ မဖတ်မိသေးဘူး။ အဲလိုမျိုးရှိတယ်လို့လည်း ကျနော် မမြင်ဘူးပါဘူး။ တကယ်လို့ရှိတယ်ဆိုရင်တော့ သူတို့လည်း ပါသင့်ပါတယ်။

အဲဒါတော့ သေသေချာချာ ကျေကျေလည်လည် ဖြစ်အောင် ရှင်းသင့်တယ်။ နောက်တခုက  ရိုဟင်ဂျာတွေကို ကျနော် နားလည်စေချင်တာက ကိုယ့်ရွာမှာ ကိုယ့်လူများရင် ကိုယ့်လူ သူကြီးဖြစ်မှာပဲ၊ ဒါဒီမိုကရေစီပဲ ။ ဆိုတော့ အခြေခံကျတာက ဒီဘက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို ပြည့်ပြည့်၀၀ ခံစားနေရသလားဆိုတာက ပိုအခြေခံကျပါတယ်။အခုလည်း ကျနော်နားလည်သလောက်ဆိုရင် အဲဒီကနေ တက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတောင် ရှိတာပဲ။ သူတို့ရဲ့ အရေးကို သူတို့ ပြောဆိုပိုင်ခွင့်ရှိ တာပါပဲ။ ရွာမှာဆို၇င်လည်း အုပ်ချုပ်ရေးမှူးတွေ ဘာတွေက ဒီလူမျိုးတွေလို့ပဲ ကျနော်နားလည် ထားပါတယ်။ ကိုယ်စားပြုမှုဆိုတာရှိလာရင်၊ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ရှိလာမှာပဲ။

နောက်တခုမှ ကျနော်အားလုံးကိုတင်ပြချင်တာက ပြည်နယ်ရှိမှ စစ်တပ်ရှိမှ စစ်တပ်နဲ့တည့်မှ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်လို့ မထင်စေချင်ပါဘူး။ ကျနော်တို့ကို ကာကွယ်နိုင်တာက ကျနော်တို့ပဲ ဖြစ်တယ်ဆိုတာကို ယုံကြည်စေချင်ပါတယ်။ အခုလည်း အဲဒီအတွက်ပဲ ကျနော်တို့ ကြိုးစားနေကြတာပါ။ ကျနော်တို့သာလျှင်ဆုံးဖြတ်မှာဖြစ်တယ်၊ ကျနော်တို့သာလျှင် အနာဂတ် ကံကြမ္မာကိုယုံကြည်ပြီးတော့ နိုင်ငံတော်ကို တည်ဆောက်တာပဲ ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကျနော်တို့ကို အကာကွယ်ပေးထားတဲ့ ဥပဒေတွေကို ဖျက်လိုဖျက်ဆီးမလုပ်တာတွေ ပါရမယ်၊   ပြဌာန်းထားရမယ်၊ နိုင်ငံတော်အတွက်လိုအပ်ချက်နဲ့ တည်ဆောက်ထားတဲက အဖွဲ့အစည်းတွေက   ပြည်သူလူုထုကို အလုပ်အကြွေးပြုရမယ်။ပြည်သူရဲ့ အာဏာအောက်က ဆင်းသက်လာတဲ့ အုပ်ချုပ်မှုကနေပြီးတော့မှ ကျနော်တို့ကို ကာကွယ်စောင့်ရှောက်ပေးတာ မျိုးပဲဖြစ်ရ မယ်။ကျနော်တို့ကို နှိပ်စက်တာမျိုး မဖြစ်ရဘူး။ တပ်မတော်ဆိုလို့ရှိရင် ပြည်သူအားလုံးအတွက် ဘက်မလိုက်ဘဲနဲ့ အားလုံးကိုကာကွယ်မှု လုံခြုံမှု ပေးနိုင်တဲ့ ဟာဖြစ်ရမယ်၊ ပြည်သူ့ရဲ ဆိုရင်လည်း ဒီအတိုင်းပဲ အစိုးရဆိုရင်လည်း ဒီအတိုင်းပဲ ဆိုတဲ့ ဟာမျိုးဖြစ်အောင် ကျနော်တို့ ပြောင်းယူကြရမယ်။ အဲဒါကသာလျှင် ကျနော်တို့အတွက် အကောင်းဆုံး သားစဉ်မြေးဆက်ကာကွယ်နိုင်တဲ့ နည်းပါ ဆိုတာကို ကျနော်တင်ပြချင်ပါတယ်။

 လက်ရှိအနေအထားမှာတော့ ဒေါက်တာနိုင်အောင်က မြန်မာပြည်ကို ပြန်လာရင်းနဲ့ အလုံးစုံပါ ၀င်သော တွေ့ဆုံဆွေးနွေးရေးတရပ်ကို အောင်မြင်အောင် ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်က်တာနိုင်အောင်တို့ ကိုမိုးသီးဇွန်တို့ မြန်မာပြည်ကို ရောက်ရှိနေတယ်ဆိုတာကို ကြားသိရတဲ့   မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ မိဘဆွေမျိုးတွေနဲ့ ခုချိန်ထိ သေသလား၊ ဘယ်ရောက်နေသလဲဆိုတာကို မသိရဘဲ ပျောက်ဆုံးနေကြတဲ့ ကျောင်းသားတွေရဲ့ ဆွေမျိုးတွေကလည်း သူတို့ကို တွေ့ခွင့်မေးမြန်းခွင့်ရချင်နေကြတယ်လို့ ကြားရ သိရပါတယ်။

ခုလို ဒေါက်တာနိုင်အောင်တို့ ကိုမိုးသီးဇွန်တို့ ရောက်ရှိလာခြင်းနဲ့ ပတ်သက်ပြီး ကမာရွတ်မြို့နယ်၊ လှည်းတန်းက သာမန်ပြည်သူ ၊ အသက် ၄၇နှစ်အရွယ် ကိုအေးကျော်ကို  မေးကြည့်မိတော့ သူက ခုလို သူ့အမြင်ကို ပြောပါတယ်။

“ပြန်လာတာကတော့ သူတို့အပိုင်းပေါ့လေ၊ ကျနော်ကတော့ ဘယ်လိုမြင်လဲဆိုရင် သူတို့က ကျနော်တို့ကို ထားပြီး သွားခဲ့တဲ့သူတွေပဲ။ ၁၉၈၈ ခုနှစ်တုန်းက သူတို့တိုင်းပြည်အတွက် လုပ်ခဲ့တယ်ပေါ့။ အဲဒီတုန်းကတော့ သူတို့က ကျနော်တို့ရဲ့ သူရဲကောင်းတွေဖြစ်ခဲ့မယ်။ ဒါပေမဲ့  ခုတော့ မဟုတ်တော့ဘူး၊ သူတို့ကို ကျနော်တို့ ခေါင်းဆောင်အနေနဲ့ ထားဖို့ဆိုတာက လည်း တော်တော်လေး စဉ်းစားရမဲ့ စောင့်ကြည့်ရမဲ့ အခြေအနေပေါ့။ဒါပေမဲ့ သူတို့ပြောသလို ကူညီချင်တယ်ဆိုရင်တော့ အားပေးပါတယ်။ ကူညီပါ၊ တချိန်တုန်းက မြန်မာပြည်မှာမွေးပြီး ကြီးခဲ့တဲ့ သူတွေပဲဗျာ။ လာလည်လို့ရပါတယ်။ ကူညီလို့ရပါတယ်။ နေချင်ရင်လည်း   နေလို့ရပါ တယ်၊ဒါပေမဲ့ ကျေးဇူးရှင်အနေနဲ့တော့ မဖြစ်သင့်ဘူးပေါ့ဗျာ“ လို့ ကိုမိုးသီးဇွန်တို့ အဖွဲ့နဲ့   ဒေါက်တာနိုင်အောင်တို့ ပြန်လာခြင်းအပေါ်မှာ သုံးသပ်ပြောဆိုကြပါတယ်။

ကျမအနေနဲ့ကတော့ သူတို့မှာ မှားခဲ့တဲ့ သမိုင်းရှိလျှင် ရှိခဲ့လိမ့်မည်။ ထို့အတူ တိုင်းပြည်နှင့်လူမျိုး ကိုလည်း ချစ်တဲ့ စိတ်လည်း ရှိမည်ကို ယုံကြည်ပါသည်။

 လက်ရှိမြန်မာပြည်အရေးမှာ ငြိမ်းချမ်းရေးကြောင့်ပဲဖြစ်ဖြစ်၊ တွေ့ဆုံဆွေးနွေးရေး ခေါင်းစဉ်နှင့်ပဲဖြစ်ဖြစ် ပြန်လာကြတာကိုလည်း ကြိုဆိုပါသည်။ မြန်မာပြည်အတွက် ပေးလာမည့်အကူအညီများကိုလည်း ကြိုဆိုပါသည်။သို့သော်လည်း သူတို့ရှင်းလင်းရမည့် ကိစ္စများကိုတော့ ရိုးရိုးသားသား ရှင်းလင်းကြစေလိုပါသည်။

ပြည်သူများအတွက် ရှင်းလင်းပြီးမှ  မြန်မာ့နိုင်ငံရေးလောကထဲ ၀င်ရောက်လျှင်လည်း နောက်မကျသေး ဘူးဟု ထင်မိပါသည်။

မိတ်ဆွေများကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment