Tuesday 11 September 2012

ဘာစီလိုနာဘောလုံးအသင်း ဝတ်စုံအရောင် ပြောင်းလဲဖွယ်ရှိ

ရာစုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့သည့်နောက် ဘာစီလိုနာ ဘောလုံးအသင်းသည် ၎င်းတို့၏ ဂျာစီအရောင်ကို အပြောင်းအလဲ ပြုလုပ်ရန် စဉ်းစားနေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ အနီနှင့် အပြာရောင် အကျားဖြစ်သော ဂျာစီကိုသာ အစဉ်တစိုက် ဝတ်ဆင်ခဲ့သော ဘာစီလိုနာသည် လာမည့်ရာသီမှ အစပြုကာ ရွှေရောင်နှင့် အနီရောင် အကျား ဂျာစီကို ဝတ်ဆင်ဖွယ် ရှိနေကြောင်း Sportသတင်း ဌာနက ဖော်ပြခဲ့သည်။




ထိုအရောင်သည် ဘာစီလိုနာ ဘောလုံးအသင်း အခြေစိုက်ရာ၊ စပိန်နိုင်ငံ၊ ကာတာလန်ဒေသ၏ အလံအရောင်လည်း ဖြစ်သည်။ ကာတာလန်သားတို့သည် ဒေသစွဲ အလွန်ကြီးမားပြီး ဘာစီလိုနာ ၏ အောင်မြင်မှုများအတွက် အထူးတလည် ဂုဏ်ယူလေ့ရှိရာ အကယ်၍ အသင်းကသာ အလံအရောင်ကို ဂျာစီအဖြစ် ပြောင်းလဲမည် ဆိုပါက အထူးတလည် ဝမ်းမြောက်ဖွယ် ရှိနေသည်။ ဘာစီလိုနာ စီမံရေးရာ အဖွဲ့သည် ကလပ်အသင်းကို ကာတာလန် ဒေသနှင့် ဒေသခံ လူထုတို့အပေါ် ပိုမိုကိုယ်စားပြုလိုသည့် ရည်ရွယ်ချက်မျိုး ရှိနေရာ ယခုကိစ္စကို အလေးအနက် စဉ်းစားလာခြင်းဟု Sportက ရေးသားခဲ့သည်။

ဘာစီလိုနာသည် အပြာနှင့် အနီကျား ဂျာစီကို (၁၁၃)နှစ်ကြာ ဝတ်ဆင်လာခဲ့ပြီး ဖြစ်သည်။ ဘာစီလိုနာသည် (၂၀၀၃)ခုနှစ်က ဥက္ကဋ္ဌဟောင်း ဂျိုအန်လာပေါ်တာ လက်ထက်တွင် အသင်း၏ အိမ်ကွင်းနှင့် အဝေးကွင်း ဂျာစီများပေါ်၌ ကာတာလန် အလံ၏ အရောင်ကို ထည့်သွင်းဖော်ပြခဲ့သော်လည်း ယခုသတင်းအရမူ နောက်တစ်ဆင့်တိုးမည့် ခြေလှမ်းအဖြစ် ယူဆနိုင်ကြောင်း သိရှိရသည်။

ref:planet

No comments:

Post a Comment