Tuesday 11 September 2012

ဘယ်သူ့မှာ တာဝန် ရှိသလဲ

အသက်ကယ် အရေးပေါ်လှေခါးပေါ် ဖုန်းတက်ပြောခါမှ ပြုတ်ကျသေရတာ ဘယ်သူ့အပြစ်လဲ။ ရန်ကုန်နဲ့ စိမ်းတဲ့သူတွေ အတွက်တော့ အိမ်ထဲမှာ မပြောဘဲ ရှည်ချင်ဦးလေလို့ ထင်စရာ ရှိပေမယ့် ကျွန်တော်တို့ အမြင်မှာတော့ တစ်မျိုးပါ။

အလုံမြို့နယ်ဟာ နာမည်နဲ့လိုက်အောင် လုံနေပြီး ဖုန်းလိုင်း အတော့်ကို မမိပါဘူး။ အိမ်မှာလည်း ဘယ်သူမှ မရှိတဲ့အတွက် သူ့အနေနဲ့ တခြားအကြောင်းနဲ့ အဲဒီနေရာမှာ ထွက်ပြောစရာ မရှိပါဘူး။ ဒါကြောင့် ဆက်သွယ်ရေး အနေနဲ့ တိုက်ရိုက်မဟုတ်တောင် ဒီအမှုဖြစ်မြောက်စေသူထဲ သွယ်ဝိုက်ပြီးတော့ ပါနေတယ်လို့ ထင်ပါတယ်။
ပြီးတော့ ကန်ထရိုက်တွေ။ အရေးပေါ် အသက်ကယ်လှေခါးတွေ လုပ်ထားတာက တကယ့်ကို ကရော်ကမယ်လေးတွေ။ တကယ်တမ်း တစ်တိုက်လုံးသာ အရေးပေါ်လှေခါးကနေ ဆင်းကြရမယ့် အခြေအနေမျိုးဆို ဘယ်လိုလုပ်ကြမလဲ။ အားလုံး သေကုန်တော့မှာပေါ့။ ဒါမျိုးကို သေချာ စစ်ဆေးပြီး ဆောက်တဲ့သူကို အရေးယူသင့်ပါတယ်။ ပြီးတော့ ဥပဒေနဲ့ ပြဋ္ဌာန်းပြီး စည်းကမ်း တင်းကြပ်သင့်ပါတယ်။

မြန်မာပြည်ထဲ မီးလောင်မှု ဖြစ်ပွားတဲ့ အကြောင်းရင်းတွေမှာ ဝါယာရှော့ဖြစ်တာကြောင့်ကလည်း အဓိက အကြောင်းရင်း တစ်ရပ်ပါ။ ဘာကြောင့် ဝါယာရှော့ ဖြစ်ရလဲ။ EPC က လာတဲ့ လျှပ်စစ်ကလည်း မငြိမ်ပါဘူး။ တခါတလေ ဆောင့်ကျ တခါတလေ ဆောင့်တက်ပါတယ်။

အိမ်ဆောက်တဲ့ ကန်ထရိုက်တွေကလည်း မီးကြိုးအညံ့စား ဈေးပေါတာတွေတပ်ပေးကြတယ်။ အညံ့စား မိန်းဘုတ်တွေ ဘရိတ်ကာတွေသာ ထည့်ပေးကြတယ်။ ဒါကြောင့် ဒါတွေကို လျော့နည်းစေချင်တယ်ဆိုရင် ကန်ထရိုက်တာတွေကို စားသုံးသူ ကာကွယ်ရေး ဥပဒေနဲ့ ဖြစ်ဖြစ်၊ ဆောက်လုပ်ရေး ဥပဒေတစ်ရပ်ဖြစ်ဖြစ် တိတိကျကျ ထုတ်ပြန်ပြီး တင်းကြပ်သင့်တယ်လို့ ထင်မိပါတယ်။

No comments:

Post a Comment