Tuesday 11 September 2012

ရေရှားပါးမှုက ကမ္ဘာကြီးမငြိမ်မသက်ဖြစ်အောင် ခြိမ်းခြောက်ဟု ကုလသမဂ္ဂသတိပေး

အလွန်အမင်းဆိုးရွားလာသည့် ရေရှားပါးမှုအကျပ်အတည်းသည် ကမ္ဘာကြီးမငြိမ်မသက်ဖြစ်စေရန် ခြိမ်းခြောက်လျက်ရှိရာ အဆိုပါကိစ္စကို လုံခြုံရေးကောင်စီနှင့် ကမ္ဘာ့ခေါင်းဆောင်များ ဦးစားပေးဖြေ ရှင်းရမည်ဖြစ်သည်ဟု ကုလသမဂ္ဂပညာရှင်များအဖွဲ့က အစီရင်ခံစာတစ်ရပ်ထုတ်ပြန်လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာကရေးသားဖော်ပြသည်။
ကမ္ဘာပေါ်တွင် ရေပေးဝေဖြန့်ဖြူးမှုလျော့ကျလာခြင်းကြောင့် လုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုရေး ဆိုင်ရာပြဿနာများကို ဆိုးရွားစွာဖြစ်ပေါ်စေကြောင်း၊ ထိုပြဿနာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ စွမ်းအင်သိုလှောင်ရေး နှင့် စားနပ်ရိက္ခာထောက်ပံ့ရေး အစရှိသည်တို့အပေါ် ဂယက်ရိုက်ခတ်လာနိုင်ကြောင်း "ကမ္ဘာလုံးဆိုင်ရာရေအကျပ်အတည်း သို့မဟုတ် မဖြစ်မနေဖြေရှင်းရမည့် အရေးပေါ်လုံခြုံရေးကိစ္စ" ဟု ခေါင်းစဉ်ပေးထားသည့် အဆိုပါပညာရှင်များ၏ အစီရင်ခံစာကဆိုသည်။

"ရေအကျပ်အတည်းဖြစ်နေသည့် နိုင်ငံများအနက် အချို့မှာ နိုင်ငံရေးအရတည်ငြိမ်မှုမရှိကြပါ။ ထိုသို့သော အခြေအနေများက သက်ဆိုင်ရာနိုင်ငံရေးနယ်နိမိတ်များကို ကျော်လွန်ပြီး ဒေသတွင်း မကောင်းသော ရလဒ်များကိုသွယ်ဝိုက်သောအားဖြင့် ဖြစ်ပေါ်စေနိုင်သည်" ဟု နော်ဝေဝန်ကြီးချုပ်ဟောင်း Gro Harlem Brundtland ကအစီရင်ခံစာတွင်ထည့်သွင်းရေးသားသည်။ ရေရှားပါးပြတ်လပ်မှု အကျပ်အတည်း အဓိကဖြစ်ပေါ်နေသည့်နေရာများတွင် အာဖရိကပူးတွဲဆဟာရဒေသ၊ အာရှအနောက်ပိုင်းဒေသနှ င့်   မြောက်အာဖရိကဒေသတို့သည် အဆိုးရွားဆုံးဖြစ်ကြောင်း ကုလသမဂ္ဂပညာရှင်များအဖွဲ့က အစီရင်ခံစာတွင် ထောက်ပြထားသည်။

"နောင်အနာဂတ်မှာ နိုင်ငံရေးအရတည်ငြိမ်မှုရှိတဲ့ ဒေသတွေမှာတောင် ရေပြတ်လပ်မှုပြဿနာရဲ့ ဂယက်ရိုက်ခတ်မှုတွေကို ဆိုးဆိုးရွားရွားဖြစ်ပေါ်လာနိုင်ပါတယ်"ဟု ၎င်းကပြောကြားသည်။ လာမည့် ဆယ်စုနှစ် ၂ ခုမပြည့်မီကာလအတွင်း ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ တွင် ရေသုံးစွဲမှုက ရရှိနိုင်မှုထက် ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ဂေဟ စနစ်များ မှ နှစ်စဉ် ထုတ်ယူသုံးစွဲသော ရေချိုပမာဏမှာ ၃၈၀၀ ကုဗကီလိုမီတာရှိကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးမြင့်လာမှုကလည်း ရေအရင်းအမြစ်များကို ပိုမိုဆိုးရွားစွာထိခိုက်စေကြောင်း အစီရင်ခံစာကဖော်ပြသည်။
 
ref:thevoiceweekly

No comments:

Post a Comment