Tuesday 11 September 2012

ဒေးဗစ်ထန်း သွင်းဂိုးဖြင့် စင်ကာပူကို သရေကျသည့် မြန်မာ






စက်တင်ဘာ ၁၁ရက်နေ့ ညနေပိုင်းက ရန်ကုန်၊ သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် မြန်မာနှင့် စင်ကာပူ တို့၏ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာနှင့် စင်ကာပူတို့ တစ်ဖက် တစ်ဂိုးစီ သရေပွဲ အဖြစ် ပြီးဆုံးခဲ့သည်။


မြန်မာအသင်းသည် အဓိက တိုက်စစ်မှူးများ ဖြစ်သည့် ကျော်ကိုကို၊ ရန်ပိုင်တို့ ပါဝင်နိုင်ခြင်း မရှိ၍ လူငယ် တိုက်စစ်မှူး ကောင်းစည်သူအား တိုက်စစ်တွင် ကျော်ဇေယျာဝင်းနှင့် အတူ တွဲဖက် ကစားစေခဲ့သည်။ ကွင်းလယ်ဘယ်ညာ နှစ်ဘက်တွင် ပိုင်စိုး၊ ဒေးဗစ်ထန်းတို့ ကစားခဲ့ပြီး အလယ်၌ မင်းမင်းသူနှင့် ရန်အောင်ကျော်တို့ တွဲဖက် ကစားခဲ့သည်။ နောက်တန်းတွင် ရဲဇော်ထက်အောင်၊ အောင်သိုက်၊   ဇော်မင်းထွန်း၊ ခင်မောင်လွင်တို့ ပွဲထွက်ခဲ့ပြီး ဂိုးသမား အဖြစ်မူ သီဟစည်သူသာ ကစားခဲ့သည်။
ပွဲစသည်နှင့် စင်ကာပူ အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာရရန် ကြိုးပမ်းခဲ့ပြီး မြန်မာအသင်း   နောက်တန်းအား ဖိအားပေး ကစားခဲ့သည်။ ပွဲချိန် ၉မိနစ်တွင် မြန်မာအသင်း ဂိုးပေါက် ကန်သွင်းမှု စတင် ရရှိခဲ့ပြီး ကောင်းစည်သူ ကန်ချက် ကောင်းမွန်သော်လည်း ဂိုးသမား ပုတ်ထုတ် သွားခဲ့သည်။ ၁၄မိနစ်တွင် မြန်မာနောက်တန်း အားနည်းချက်မှ စင်ကာပူ တိုက်စစ်မှူး ကက်ရှ်မီးယား ကန်သွင်းခွင့် ရခဲ့သော်လည်း ကန်ချက်ပျော့ကာ သီဟစည်သူ ကာကွယ် နိုင်ခဲ့သည်။



ပွဲချိန် ၂၄မိနစ်တွင် မြန်မာအသင်း အတွက် ပထမဆုံး ထောင့်ကန်ဘော စတင်ရရှိခဲ့ သော်လည်း အပိုင်း အသုံးချနိုင်ခြင်း မရှိခဲ့ပေ။ ခင်မောင်လွင်နှင့် အချိတ်အဆက် လုပ်ကာ နောက်ခံလူ နှစ်ဦးအား   ကျော်ဇေယျာဝင်း လိမ်ခေါက် ကျော်ဖြတ်ကာ ဂိုးရှေ့ ဖြတ်ထိုးပေး ခဲ့သော်လည်း နောက်ခံလူများ ရှင်းထုတ် သွားခဲ့သည်။ ၂၅မိနစ်တွင် ကျော်ဇေယျာဝင်း ထိုးပေးသည့် ဘောလုံးအား ကောင်းစည်သူက ရန်အောင်ကျော် ပြေးလမ်းထဲ ထိုးပေးရာ ကန်သွင်းခွင့် ရခဲ့သော်လည်း လူကျွံဘော ဖြစ်ခဲ့သည်။




၄၂မိနစ်တွင် စင်ကာပူ တိုက်စစ်မှူး ကက်စမီးကန်ချက် သီဟစည်သူ ပုတ်ထုတ်ခဲ့ပြီး ပြန်လျှံ ကျလာသည့် ဘောလုံးအား ဆူလာမန် ထပ်ဆင့် ကန်သွင်းရာ နောက်ခံလူ ထိထွက်ခဲ့သည်။ ၄၅မိနစ်တွင် မြန်မာတို့ အတွက် အကောင်းဆုံး အခွင့်အရေး အဖြစ် ကောင်းစည်သူ ညာခြမ်းမှ ထိုးဖောက်ဖန်တီး ပေးခဲ့သည့် ဘောလုံးအား ဧရိယာ အတွင်းရှိ ဒေးဗစ်ထန်း ကန်သွင်းခဲ့ရာ ကန်ချက် အပေါ်ထောင် သွားခဲ့၍ နစ်နာခဲ့ရသည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းက လူစားလဲမှု နှစ်ခု ပြုလုပ်ခဲ့ပြီး ရဲဇော်ထက်အောင်နှင့် ပိုင်စိုးတို့ နေရာတွင် ရန်အောင်ဝင်းနှင့် ကြည်လင်းတို့အား ပါဝင် ကစားစေခဲ့သည်။ ၅၄မိနစ်တွင် ရန်အောင်ဝင်း အမှားမှ တစ်ဆင့် နာဝက်ဇ် ခေါင်းတိုက်ရာ သီဟစည်သူ ပုတ်ထုတ် နိုင်ခဲ့သော်လည်း ကက်ရှ်မီးယားက အသာအယာ ကန်သွင်းကာ အဖွင့် ဦးဆောင်ဂိုး စတင် ရရှိခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်းက မင်းမင်းသူ နေရာတွင် သိန်းသန်းဝင်းအား ထည့်သွင်းခဲ့သည်။ ပွဲချိန် ၆၁မိနစ်တွင် ကက်ရှ်မီးယား ဧရိယာ အစပ်မှ အပြင်းကန်သွင်း ခဲ့သော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။

မြန်မာအသင်းသည် ယနေ့ ပွဲစဉ်တွင် ကစားပုံ ကောင်းမွန်ခဲ့ခြင်း မရှိဘဲ တစ်ဦးနှင့် တစ်ဦး နားလည်မှု လွဲမှားနေ၍ အပိုင် အခွင့်အရေး မယ်မယ်ရရ မဖန်တီး နိုင်ဘဲ ဖြစ်နေခဲ့သည်။ ပွဲချိန် ၇၂မိနစ်တွင်   ကျော်ဇေယျာဝင်း နေရာတွင် ရာဇာဝင်းသိန်း၊ ရန်အောင်ကျော် နေရာတွင် နိုင်လင်းဦးတို့ ၀င်ရောက် ကစားခဲ့သည်။ ပွဲချိန် မိနစ် ၈၀တွင် ရာဇာဝင်းသိန်း ဘယ်ခြမ်းမှ ဖြတ်တင်ပေးသည့်ေ ဘာလုံးအား   ဒေးဗစ်ထန်းက ဧရိယာ အတွင်းမှ မြေမကျ လှလှပပ ကန်သွင်းခဲ့ရာ စင်ကာပူ ဂိုးသမား မည်သို့မျှ ကာကွယ်နိုင်ခြင်း မရှိဘဲ မြန်မာတို့ ချေပဂိုး ပြန်လည် ရရှိခဲ့သည်။

ဂိုးရပြီးနောက် မြန်မာအသင်း ကစားကွက် အနည်းငယ် သွက်လာခဲ့ကာ ပွဲမှာ ပိုမို ကြည့်ကောင်း လာခဲ့သည်။ ၈၄မိနစ်တွင် အောင်သိုက် နေရာတွင် မိုးဝင်း ၀င်ရောက် ကစားခဲ့သည်။ ၈၅မိနစ်တွင် ရာဇာဝင်းသိန်း ညာခြမ်းမှ ဖန်တီးပေးသည့် ဘောလုံးအား ကောင်းစည်သူ ပိတ်သွင်းရန် ကြိုးပမ်းခဲ့   သော်လည်း နောက်ခံလူ လိုက်လံ တားဆီးနိုင်ခဲ့သည်။ ၈၆မိနစ်တွင် ကြည်လင်း တစ်ကိုယ်တော် ထိုးဖောက်မှုအား တားဆီးခဲ့သည့် စင်ကာပူ နောက်ခံလူ ဘင်ဆာနမ် ၂၀ါ၁နီဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း လက်ကျန် မိနစ်တွင် မြန်မာတို့ နောက်ထပ် ဂိုးရရှိရန် စွမ်းဆောင်နိုင်ခြင်း မရှိသဖြင့် တစ်ဖက် တစ်ဂိုးစီ ဖြင့်သာ သရေပွဲ ဖြစ်ခဲ့သည်။

ref:SM

No comments:

Post a Comment