Wednesday 1 August 2012

မြန်မာ့ ဆန်အရည်အသွေး ညံ့ဖျင်းမှုကြောင့် တရုတ်နိုင်ငံက တင်ပို့ခွင့် ပိတ်ထားသဖြင့် နယ်စပ်ဂိတ်များ၌ တရုတ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ စုပုံနေ

မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်အား အရည်အသွေး ကောင်းမွန်မှု မရှိသည့်အတွက် တရုတ်နိုင်ငံမှ လက်ခံမှု မရှိတော့သဖြင့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာဆန်များ စုပုံနေသဖြင့် မြန်မာ့ဆန် တင်ပို့မှုအား တရုတ်နိုင်ငံမှ ပြန်လည် လက်ခံရေးအတွက် တရုတ်-မြန်မာ နားလည်မှု စာချွန်လွှာရေး
ထိုးသွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

''အခုဆို မူဆယ် ၁၀၅ မိုင်၊ လွယ်ဂျယ်၊ လိုင်ဇာ စတဲ့နယ်စပ်ဂိတ်တွေမှာ ဆန်တွေပုံနေတယ်။ အရည်အသွေး မမီလို့ တရုတ်က မြန်မာ့ဆန်တင်ပို့တာကို လုံးဝလက်မခံတော့ဘူး။ သူတို့နဲ့လည်း နားလည်မှု
စာချွန်လွှာထိုးရဦးမယ်။ မြန်မာ့ဆန်ကို အခွန်အခ လျော့ပေါ့ဖို့နဲ့ ပြန်လည်လက်ခံဖို့ အတွက်ပါ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ပြောကြားသည်။  
မြန်မာ့ဆန်များ ပြည်ပသို့ တင်ပို့ရာတွင် အရည်အသွေး ညံ့ဖျင်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ ဘူးလောဂ်အေဂျင်စီနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ တင်ပို့သော်လည်း ဆန်ကွဲများပါဝင်မှုကြောင့် ဆိပ်ကမ်းသို့ပင် အကပ်မခံသော ဖြစ်ရပ်မှာလည်း ယခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ သိရှိရပါသည်။

မြန်မာနိုင်ငံထွက် ဆန်နှင့် ဆန်ကွဲအား အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိုင်ဗရီကိုစ်၊ ထိုင်း၊ တရုတ်အစရှိသည့်
 နိုင်ငံများနှင့်အခြားသော နိုင်ငံများသို့ တင်ပို့နေပြီး ထိုသို့တင်ပို့ရာတွင် အရည်အသွေး နိမ့်ကျမှုကြောင့်
 မြန်မာ့ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၀ မှဒေါ်လာ ၁၀၀ အကြား ဈေးနှိမ်ခံနေရကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
မြန်မာ့ဆန် တင်ပို့မှုအနေဖြင့် ဧပြီလမှ ဇူလိုင်လလယ်အထိ ဆန်တန်ချိန် ၃၃၂၃၄၂ တန် တင်ပို့ထားပြီး ဆန်ကွဲတန်ချိန် ၃၄၉၇၃ တန် တင်ပို့ထားကာ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၄၀ ခန့်ရရှိပြီး ဖြစ်ကြောင်းလည်း သိရှိရပါသည်။

မြန်မာနိုင်ငံရှိ ဆန်စက်လုပ်ငန်းများ နိုင်ငံတကာဈေးကွက်တွင် အဆင့်မီ ယှဉ်ပြိုင်နိုင်ရန် ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံအချို့မှ အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ၍ ကူညီပံ့ပိုး ရန်စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဆက်လက်ပြောပါသည်။
''ကျွန်တော့်ထက် အသက်ကြီးတဲ့ ဆန်စက်တွေ မြန်မာနိုင်ငံမှာ အများ ကြီးပါ။ အဲဒီလို ဆန်စက်တွေကို ခေတ်မီဆန်စက်တွေအဖြစ် ပြောင်းနိုင်ဖို့အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ ပြောင်းလဲဖို့ ဂျပန်နိုင်ငံက DCCI ကုမ္ပဏီနဲ့တွေ့ပြီး ငွေချေးခဲ့ပါတယ်။ နောက်ပြီး တောင်သူလယ်သမားတွေ ရသင့်တဲ့အခွင့်အရေးတွေ အပြည့်အ၀ရဖို့အတွက် စိုက်ပျိုးထုတ်လုပ်စရိတ် မြင့်မားနေတာကို လျော့ချပါမယ်။ ဒီလိုအဆင့်မြှင့်တင်မှုတွေ လုပ်လာနိုင်တာနဲ့အမျှ မြန်မာ့ဆန် ကမ္ဘာ့ဈေးကွက်မှာ တစ်တန်ကိုဒေါ်လာ ၃၀ ကနေဒေါ်လာ ၁၀၀ အကြား ဈေးနှိမ်ခံရမှုတွေကနေ ရှောင်လွှဲနိုင်ပါမယ်။ နောက်ပြီး Exporter တွေကိုလည်း စာချုပ်ချုပ်ရင်ချုပ်တဲ့အတိုင်း အရည်အသွေးမီတဲ့ ဆန်ကိုပဲတင်ပို့ စေချင်ပါတယ်။ အခုတရုတ်က
 မြန်မာ့ဆန်တွေ အရည်အသွေးညံ့လို့ ကျွန်တော့်ကို တိုင်ထားတာလည်း ဖြေရှင်းရပါဦးမယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ဆန်စက်လုပ်ငန်းများ နိုင်ငံတကာဈေးကွက်တွင် အဆင့်မီယှဉ်ပြိုင်နိုင်ရန် စင်ကာပူနိုင်ငံ United Oversea Bank မှအမေရိကန် ဒေါ်လာသန်း ၂၀၀ ထုတ်ချေးမည်ဖြစ်ကြောင်း ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ ဆန်စက်များ အဆင့်မြှင့်တင်နိုင်ရန် အဓိကလိုအပ်သော ပစ္စည်းများမှာ ဆန်ဖြူကြိတ် သည့်စက်ပစ္စည်းများ၊ အဆင့်မီ ပေါင်းဆန်ထုတ်လုပ်နိုင်ရန် စက်ပစ္စည်းများ၊ အခြောက်ခံစက်များနှင့်အခြား ဆန်စက်လုပ်ငန်းသုံး ပစ္စည်းများ လို အပ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဦးသောင်းဝင်းက ပြောပါသည်။

''မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စက်အများစုက ခေတ်မီစက်ပစ္စည်းတွေ မသုံးကြတာများတယ်။ အခုလို မိုးတွင်းမှာဆိုရင် ဆန်ဝါမပေါက်အောင်၊ အကျိုးအကြေမများအောင် အခြောက်ခံစက်တွေ လိုတယ်''ဟု ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

မြန်မာနိုင်ငံတွင် ၁၅ တန်အထက်ကြိတ်ခွဲနိုင်သော ဆန်စက် ၁၂၀၀ ကျော်ရှိပြီး ၂၅ မှတ်ဆန်ကြိတ်ခွဲနိုင်သော ဆန်စက် ၂၉၆ လုံးနှင့်စူပါ ၅ နှင့် စူပါ ၁၀ ကြိတ်ခွဲနိုင်သော ဆန်စက် ၅၈ လုံးရှိကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၃၈၅ သိန်း၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၇ သိန်းဝန်းကျင်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၈ ဒသမ ၉ သိန်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၅ ဒသမ ၃ သိန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၉ သိန်းနှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် ဧပြီလမှ ဇူလိုင်လလယ်အထိ ဆန်တန်ချိန် ၃၃၂၃၄၂ အထိ တင်ပို့ပြီးဖြစ်ကာ ဆန်ကွဲတင်ပို့မှုမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဆန်ကွဲတန်ချိန် ၅၃၁၀၆ တန်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဧပြီလမှ ဇူလိုင်လလယ်အထိ ဆန်ကွဲတန်ချိန် ၃၄၉၇၃ တန်တင်ပို့ခဲ့ကြောင်းလည်း သိရှိရသည်။

ref:EMG

No comments:

Post a Comment