Wednesday 1 August 2012

ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံမြို့များ၌ ဖြစ်ပေါ်ခဲ့သော မြစ်ရေကြီးမှု အခြေအနေ

သံလွင်မြစ်ရေမြင့်တက်မှုနှင့် ဘားအံ

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၀၉း၃၀ နာရီတိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ကို ကျော်လွန်၍ ၈၁၀ စင်တီမီတာသို့ ရောက်ရှိနေသည်အတွက် ဘာအံမြို့ပေါ် မြေနိမ့်ရပ်ဝန်း၊ ရပ်ကွက်များတွင် မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်ကာ  လူနေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။

''မြစ်ရေကြီးမှု ကြိုတင်ကာကွယ်တားဆီးဖို့ စုရပ်အသီးသီးမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပါတယ်။ လက်ရှိမှာတော့ အမှတ်(၅) ရပ်ကွက် ပရဟိတကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စုဦးရေ ၅၃ စု၊ ကျား၊ မ၊ ကလေးပေါင်းဦးရေ ၁၃၈ ဦး စတင် ရောက်ရှိလာပါတယ်''ဟု အမှတ်(၅)ရပ်ကွက်ကွက် ပရဟိတ ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင်လပထမပတ်မှ စတင်ကာ မိုးသည်းထန်စွာ ရွာရက်ဆက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာကျော်လွန်ရောက်ရှိလာခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့၌ ၇၈၁ စင်တီမီတာသို့ ရောက်ရှိခဲ့ပါသည်။

ပဲခူးမြစ်ရေမြင့်တက်မှုနှင့် ပဲခူးမြို့

ပဲခူးမြို့တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပဲခူးမြစ်ရေကြီးမှု ဖြစ်ပေါ်လျက်ရှိပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ပဲခူးနယ်တစ်ဝိုက်ရှိ အနိမ့်ပိုင်းကျသော ကျေးလက်ဒေသများတွင်
 ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အဆိုပါမြစ်ရေသည် ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်းတွင် မြစ်ရေအမှတ် ၈၄၉ စင်တီမီတာသို့ ပြန်လည်ကျဆင်းသွားခဲ့သည်။  
ပဲခူးရိုးမဒေသအပါအ၀င် ပဲခူးနယ်တစ်ဝိုက်တွင် မိုးသည်းထန်စွာဆက်တိုက် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေဆက်တိုက် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၅း၃၀ နာရီအချိန်တွင် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့်  ၈၆၀ စင်တီမီတာကို ကျော်လွန်သွားခဲ့ပြီး မြစ်ရေကြီးမှု စတင်ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ဆက်လက်မြင့်တက်ခဲ့ပြီး  ၈၇၂ စင်တီမီတာသို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ပဲခူးမြို့ အနောက်တောအရပ်သို့သွားရာ ရွှေသာလျောင်းလမ်းမကြီးတွင် ရေတစ်ပေခန့်အထိ ကျော်နေပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် လှေများဖြင့်သွားလာခဲ့ရကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေမြင့်တက်မှုနှင့် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်နှင့် ကလေးဝမြို့များ

ချင်းတွင်းမြစ်ရေသည် အဆိုပါမြစ်ဘေးရှိ မြို့အတော်များများတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိ
လာဖွယ်ရှိသည်ဟု သိရှိရပါသည်။

''ဟုမ္မလင်းမြို့မှာတော့ ကွက်သစ်၊ ဘောလုံးကွင်းစတဲ့ နေရာတွေမှာ ရေ၀င်နေပြီ။ ရေက ဆက်တက်မြဲပါ''ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောကြားခဲ့ပါသည်။
ဖောင်းပြင်မြို့တွင်လည်း မြို့ထဲသို့ ရေများ ၀င်ရောက်လျက်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။ မော်လိုက်မြို့နှင့် ကလေးဝမြို့တို့တွင်လည်း ချင်းတွင်းမြစ်ရေမှာ ဆက်လက်တိုးနေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ဖွယ်ရှိသည်ဟု သိရှိရပါသည်။ ချင်းတွင်းမြစ်ရေသည် ယခုနှစ်တွင် ဇူလိုင်လနောက်ဆုံး အပတ်မှသာ စိုးရိမ်ရေအမှတ်အနီးအနားသို့ ရောက်ရှိလာသည်ဟု သိရှိရပါသည်။
ချင်းတွင်းမြစ်ရေမြင့်တက်ခဲ့မှုကြောင့် မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့များမှထွက်သော လူစီးရှော်တယ်များကို ရေများချိန်အတွင်း ရပ်နားထားခဲ့ရကြောင်း သိရသည်။

အတ္တရံမြစ်ရေမြင့်တက်မှု 

ဘုရားသုံးဆူ တောင်ကျရေအရှိန်ဖြင့် အတ္ထရံမြစ်ရေ မြင့်တက်လာခြင်းကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ချိတ်ဆက်ကူးသန်းနေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(သံလွင်ဌာနခွဲ)ပိုင်
 ချောင်းနှစ်ခု (ယာဉ်) ကူးတို့လိုင်းကို ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းမှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

တနင်္သာရီမြစ်ရေမြင့်တက်မှုနှင့် ထားဝယ် 

တနင်္သာရီမြစ်ရေမှာ ဇူလိုင်လ ၂၇ ရက်နေ့မှစပြီး မြင့်တက်လာကြောင်း သိရသည်။
တနင်္သာရီမြစ်ရေတက်လာနေမှုကြောင့် ရန်ကုန်- ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော ကော့သောင်း-မြိတ်ကားလမ်း၌ ရေကြီးမှုဖြစ်ပေါ်နေပြီး ကော့သောင်းမှ မြိတ်သို့ တက်လာသည့် ကားများမှာ တနင်္သာရီမြို့တွင် ရပ်နားထားရကြောင်း  သိရှိရသည်။ ''ထားဝယ်ဘက်မှာ မိုးများလာပြီး အများအားဖြင့်မိုးရေချိန် ၇ လက်မ၀န်းကျင်ဖြစ်လာရင် မြစ်ရေကြီးနိုင်တယ်။ ခုရက်ပိုင်းအတွင်းမှာ မိုးများနေတာကြောင့် မြစ်ရေတက်လာတာဖြစ်ပါတယ်။ တနင်္သာရီမြစ်ရေက တဖြည်းဖြည်းတက်လာလေ့ရှိပြီး မြို့နေလူတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် ပစ္စည်းတွေကို အိမ်အပေါ်ထပ်တွေ ရွှေ့ပြောင်းတာ၊ မြို့ရိုးပေါ်နဲ့ တခြားအမြင့်ပိုင်းတွေကို ပြောင်းထားကြပြီးလူတွေကတော့ ကိုယ့်အိမ်တွေမှာ ဖြစ်သလို နေထိုင်ကြတယ်''ဟု တနင်္သာရီမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
တင်္နသာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများတွင် ဇူလိုင်လ ၂၅ရက်နေ့မှ စတင်ခဲ့သော မိုးရွာသွန်းမှုများကြောင့် မြစ်ဖျားပိုင်းမှ စီးဆင်းလာသော ရေများကြောင့် ထားဝယ်မြစ်ရေလျံမှု ဖြစ်ပေါ်ခဲ့ပါသည်။ မြစ်ရေလျံမှုကြောင့် မြေနိမ့်နေရာအချို့၌ ရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရှမ္မလည်ဆွဲ၊ ကြက်စာပြင်၊ မြောင်းပုလဲ၊ မြို့သစ် စသောရပ်ကွက်များနှင့် အချို့နေရာများရှိ နေအိမ်များအတွင်းသို့ ရေ၀င်ရောက်ခဲ့ပါသည်။ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လောင်းလုံ၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များရှိ ကျေးရွာများအတွင်းသို့လည်း
 ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့

ဇူလိုင်လ ၂၈ ရက်နေ့က လားရှိုးမြို့ အေတီတံတားအနီး လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ နမ့်ယောင်ချောင်းမှ ရေများလျံတက်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၂၈ ရက်နေ့တွင် မိုးရွာသွန်းမှု နည်းသွားသော်လည်း လားရှိုးမြို့နယ်အတွင်း အနီးပတ်ဝန်းကျင်များရှိ တောင်ကျရေများ စုပြုံဝင်ရောက်လာမှုကြောင့် နမ့်ယောင်ချောင်းရေတက်လာခြင်း ဖြစ်ပါသည်။
 တောင်ကျချောင်းရေများကြောင့် လားရှိုးမြို့အတွင်း ရေ၀င်ရောက်မှုမှာ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ကာ ရေများသည် နမ့်ခိုက်၊ နားမခေါ်ရွာများမှ လားရှိုးမြို့ရပ်ကွက်(၁)၊ ရပ်ကွက်(၁၀)၊ ရပ်ကွက်(၁၁)၊ ရပ်ကွက် (၉)များသို့ ရေမြောင်းများမှတစ်ဆင့် စီးဝင်ပြီး မြေနိမ့်ပိုင်းကျသော နေအိမ်များ
အတွင်းသို့ ရေ၀င်ရောက်မှုများကြောင့် လူနေအိမ်အချို့မှ ဒေသခံများ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ အလားတူ ရပ်ကွက်(၉)၊ နယ်မြေ(၃) တွင်လည်း နေအိမ်များအတွင်းသို့ ရေ၀င်ရောက်မှုကြောင့် နေအိမ် ၅၀ မှ ဒေသခံလူဦးရေ ၂၅၀ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။ ဇူလိုင်လ ၂၇ ရက်နေ့တွင် သိန်းနီမြို့အ၀င်တွင်လည်း လမ်းရေကျော်မှု ဖြစ်ပွားခဲ့ပါသည်။

စစ်တောင်းမြစ်ရေမြင့်တက်မှုနှင့် တောင်ငူမြို့

တောင်ငူခရိုင်တွင်  စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက်လာကာ ဇူလိုင် ၃၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ၅၈၃ စင်တီမီတာသို့ ရောက်ရှိနေပြီး တောင်ငူမြို့၏ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၇ စင်တီမီတာသာ လိုတော့၍ မြို့ပေါ်လူနေရပ်ကွက်များအတွင်း မြစ်ရေများ ထပ်မံဝင်ရောက်လာကာ လှေငယ်များ ၀ါးဖောင်များဖြင့် သွားလာနေရကြောင်းသိရှိရသည်။ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၅ ရက်နေ့တွင် ၅၂၂ စင်တီမီတာအထိ သိသိသာသာ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများစတင်ဝင်ရောက်ကာ ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အတွင်းတွင် ရေအနည်းငယ် ပြန်ကျသွားသော်လည်း ဇူလိုင်လ ၃၀ ရက်နေ့တွင် ၅၇၂  စင်တီမီတာသို့ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ၅၈၃ စင်တီမီတာသို့ ဆက်လက်မြင့်တက်လာခဲ့သည်။ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန တာဝန်ရှိသူ၏ ပြောကြားချက်များအရ
 တောင်ငူခရိုင်တွင် မိုးနည်းပါးသော်လည်း လတ်တလော မြန်မာနိုင်ငံ ရာသီဥတု အခြေအနေများအရ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ဆက်လက်မြင့်တက်နိုင်ကြောင်း ပြောကြားခဲ့သည်။  
တောင်ငူခရိုင်အတွင်း မိုးရွာသွန်းမှုနည်းပါးသော်လည်း စစ်တောင်းမြစ်အောက်ပိုင်း ရွှေကျင်၊ မဒေါက်၊ ဇောင်းတူ၊ ညောင်လေးပင်မြို့များတွင် မိုးကောင်းလျက်ရှိကာ တစ်ရက်တာအတွင်း မိုးရေချိန်လေးလက်မနှင့် အထက်ရွာသွန်းနေသဖြင့်  ရေကျန်ရှိမှုများနေသောကြောင့် စစ်တောင်းမြစ်ကြောင်း ဖြတ်သန်းစီးဆင်းရာ တောင်ငူခရိုင်အတွင်း မြစ်ရေမြင့်တက်လာခြင်းဖြစ်သည်။

နေပြည်တော်ပျဉ်းမနား 

ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေလျံကာ နေပြည်တော် ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာ အုပ်စုရှိ လယ်ယာမြေ ဧက ၃၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၆၀၀ ကျော် ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။ ကူးတို့ဆိပ်ကျေးရွာ အုပ်စုရှိ အင်းသာ၊ သာယာစု၊ ကြို့တန်းစသည့် ကျေးရွာများမှ စပါး ၈၇ ဧက၊ ပြောင်း ၁၃၄ ဧကနှင့် နှမ်း ၉၈ ဧက၊ ဟင်းသီးဟင်းရွက် နှစ်ဧက၊ ပဲတီစိမ်း သုံး ဧက၊ ငရုပ် နှစ်ဧကနှင့် စားပြောင်း နှစ်ဧက စုစုပေါင်း ၃၂၈ ဧက ရေနစ်မြုပ်ခဲ့ကြောင်းနှင့် အဆိုပါကျေးရွာသုံးရွာမှ အိမ်ခြေ ၁၂၄ အိမ်၊ အိမ်ထောင်စု ၁၂၄ စု၊ လူဦးရေ ၆၁၀ ဦးတို့ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။ ရေဘေးသင့်ပြည်သူများကို ကူးတို့ဆိပ်ကျေးရွာအုပ်စု အင်းတိုင်ကုန်းကျေးရွာတွင် ပြောင်းရွှေ့ပေးထားပြီး ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာ
လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ထို့အတူ အဝေရာဆည်၏ အောက်ဘက်ရှိ ၀ဲကြီးကျေးရွာအုပ်စု ဆင်ဖြူတောင် ဘုရားတောင်ခြေ ကိုးခန်းကြီး နစ်မြုပ်သည်အထိ
 ရေကြီးရေလျံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ref:EMG

No comments:

Post a Comment