Wednesday 1 August 2012

ဂျေလိဂ်နှင့် မြန်မာ နေရှင်နယ်လိဂ် အကျိုးတူ ပူးပေါင်းနိုင်ဖွယ် ရှိနေ

အာရှ၏ အအောင်မြင်ဆုံး လိဂ်ပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံ၏ အဆင့်အမြင့်ဆုံး
ဘောလုံးပြိုင်ပွဲ ဂျေလိဂ်နှင့် မြန်မာ နေရှင်နယ်လိဂ်တို့ အနေဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ
ပြုလုပ်နိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ဂျပန် ဘောလုံး အဖွဲ့ချုပ် (JFA) မှ တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ တာဝန်ရှိ သူများသည် ၎င်းတို့၏ လိဂ်များအား အပြန်အလှန် အကျိုးပြုနိုင်စေရန် အတွက် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ အကြမ်းအားဖြင့် သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်။ အသေးစိတ် အချက်အလက် ဆိုင်ရာ ဆွေးနွေးမှုများအား လာမည့် ရက်ပိုင်းအတွင်း ပြုလုပ်သွားမည် ဖြစ်ကာ သြဂုတ် လကုန်ပိုင်းတွင် နှစ်ဘက် အဖွဲ့အစည်းမှ တာဝန်ရှိသူများ အနေဖြင့် တရားဝင် စာချုပ်ချုပ်ဆိုပွဲ တစ်ရပ်အား ပြုလုပ်သွားဖွယ် ရှိသည်။ အတည်မပြု နိုင်သေးသည့် သတင်းတစ်ရပ် အဆိုအရ ဂျပန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့လည်း အဆိုပါ စာချုပ်ချုပ်ဆို ပွဲသို့ လာရောက်နိုင်ကြောင်း သိရသည်။




ထိုကဲ့သို့ အကျိုးတူ ပူးပေါင်းခြင်းအားဖြင့် မြန်မာ့ဘောလုံး အဆင့်အတန်း ပိုမိုမြင့်မားလာစေရန် အတွက် အကျိုးရလဒ်ပေါင်းများစွာရရှိနိုင်မည်ဖစ်ကာ၃နှစ်ကျော်သာသက်တမ်း ရှိနေသေးသည့်
 မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲနှင့် ကလပ်အသင်းများ အတွက်လည်း ကောင်းမွန်သည့် ဆောင်ရွက်မှု
 တစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ လိဂ်ပြိုင်ပွဲနှစ်ရပ် အနေဖြင့် သက်ဆိုင်ရာ လိဂ်များအလိုက် ပိုမို တိုးတက်လာစေရန် ဆောင်ရွက်ရာ၌ အပြန်အလှန် အကူအညီများ ပေးကြရန်၊ ကလပ်များ အချင်းချင်း ချစ်ကြည်ရေး ပွဲစဉ်များ ကစားနိုင်ရန်၊ ဂျပန် ကစားသမားများ မြန်မာနေရှင်နယ် လိဂ်တွင် လာရောက် ကစားခွင့် ရရေးနှင့် မြန်မာ ကစားသမားများ ဂျေလိဂ်သို့ သွားရောက် ကစားခွင့် ရစေရန် ကူညီပေးကြရန်၊ မြန်မာ့ဘောလုံး ဖွံ့ဖြိုးရေး အတွက် ဂျေလိဂ် တာဝန်ရှိသူများ ဘက်မှ အကူအညီများ ပေးသွားရန်နှင့် ဂျေလိဂ်အား မြန်မာနိုင်ငံတွင်း ရုပ်သံလိုင်းများ၌ ပြသနိုင်ရန် စသဖြင့် အပြန်အလှန် သဘော တူညီမှုများ ရယူနိုင်ဖွယ် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် လာမည့် စက်တင်ဘာလ အတွင်း မြန်မာ့ လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီး အသင်းများအား ဂျပန်နိုင်ငံသို့ ပူးတွဲ လေ့ကျင့်ရေးများ ပြုလုပ်နိုင်ရန်နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားနိုင်ရန် စီစဉ်ထား ကြောင်းလည်း သိရသည်။

ref:SM

No comments:

Post a Comment