Wednesday 1 August 2012

ပြည်သူ့ရှေ့မှောက် အရောက်လာတော့ မည့် MPU ကတ်များ
မောင်မောင်ဝင်း
ကြေးမုံသတင်းစာ - ဇူလိုင် ၃၀

လူသားတို့၏ နေ့စဉ်နှင့်အမျှ ကျင်လည် လှုပ်ရှားနေရသော လူမှုစီးပွားရေး ဘဝများတွင် ငွေကြေးသုံးစွဲမှုနှင့် မကင်းနိုင်ကြပေ။လူသားတို့အတွက် အခြေခံစားဝတ်နေရေးအတွက်ဖြစ်စေ၊ ကုန်ထုတ်လုပ်မှု၊ 

ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ စားသုံးမှုများအတွက်ဖြစ်စေ၊ ခရီးသွားလာရေး၊ အပန်းဖြေရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာရေး၊သာရေးနာရေး၊ ဘာသာရေး စသည်တို့အတွက်ဖြစ်စေ  ငွေကြေးသုံးစွဲဆောင်ရွက်
ကြရပေသည်။

ကမ္ဘာဦးအစက ကုန်စည်ချင်း ဖလှယ်သည့်နည်းဖြင့် သုံးစွဲဖြေရှင်းခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဖလှယ်မှုကိရိယာ အသပြာငွေကြေးအဖြစ် သတ္တု၊ ဒင်္ဂါးအစရှိသည်တို့မှသည် ယနေ့ခေတ်
သုံးစွဲနေကြသော ငွေစက္ကူများအထိ နိုင်ငံအသီးသီးမှ တီထွင်ဖန်တီးသုံးစွဲလာကြခြင်းဖြစ်သည်။
လူသားတို့နေထိုင်ရာ ဝန်းကျင်ကမ္ဘာသည် အချိန်နှင့်အမျှ ခေတ်မီပြောင်းလဲတိုးတက်
ဆန်းသစ်နေသည့်သဘာဝရှိပေရာ ငွေကြေးသုံးစွဲမှုအပိုင်းတွင်လည်း ငွေသားစက္ကူများကိုသာ အစစအရာရာ ကိုင်တွယ်သုံးစွဲပေးချေနေကြရခြင်းမရှိတော့ပေ။ဤသို့ သုံးစွဲပေးချေရန်လည်း
 အစစအရာရာ မဖြစ်နိုင်တော့ပေ။ ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊
 ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကလည်း ချက်လက်မှတ်များ၊ ငွေပေးအမိန့်လွှာများ၊ ဘဏ်အာမခံလက်မှတ်များ၊ ငွေချေးစာချုပ်လက်မှတ်များစသည်ဖြင့် ငွေကဲ့သို့ တန်ဖိုးရှိသော ဖလှယ်မှုကိရိယာများကို တီထွင်ထားရှိကြပါသည်။သုံးစွဲပေးချေကြရသည့်အပိုင်းတွင်
 ကြီးမားများပြားသော အကြီးစားပေးချေမှုများရှိသကဲ့သို့ အလတ်စားနှင့် အသေးစားပေးချေမှုများလည်း ရှိကြပါသည်။

အကြီးစားပေးချေမှုများအတွက် ချက်လက်မှတ်များ၊ ငွေပေးအမိန့်များ၊ စာရင်းပြောင်းညွှန်ကြားချက်များဖြင့် 

 ပေးချေနိုင်ကြပြီး အလတ်စားနှင့် အသေးစားပေးချေမှုများအတွက် နေရာတိုင်းတွင် ချက်လက်မှတ်နည်းလမ်း၊ ဘဏ်စာရင်းပြောင်းနည်းလမ်းတို့ဖြင့် ပေးချေရန် အဆင်မပြေသကဲ့သို့ နေရာတိုင်းသို့ ငွေသားငွေစက္ကူများကို သယ်ဆောင်သွားရန်လည်း အဆင်မပြေသည်များရှိသဖြင့် ပေးချေမှုအဆင်ပြေစေရန် ယနေ့ခေတ်တွင် အီလက်ထရွန်နစ် နည်းပညာသုံးကတ်များကို တွင်ကျယ်စွာသုံးစွဲပေးချေလာကြသည်ကို တွေ့ရှိရပါသည်။

ကမ္ဘာပေါ်တွင် ကတ်များတီထွင်သုံးစွဲခဲ့ကြရာ ယနေ့အချိန်တွင် ချမ်းသာ သောနိုင်ငံများမှသည် ဆင်းရဲသည့်နိုင်ငံများအထိ အမျိုးမျိုးအဖုံဖုံသော ကတ်ပုံစံများဖြင့် ပေးချေသုံးစွဲနေကြပြီဖြစ်ပါသည်။
ဤတွင် တစ်ကမ္ဘာလုံး ကျယ်ပြန့်စွာ လက်ခံသုံးစွဲနိုင်သော နိုင်ငံတကာသုံး VISA, MASTER, AMERICAN EXPRESS စသည့် ကတ်များသည် အထင်ရှားဆုံးဖြစ်ပါသည်။အာရှဒေသတွင်လည်း နိုင်ငံအလိုက်၊ 

ဘဏ်အလိုက်ကတ်များကို ထုတ်ဝေအသုံးပြုလျက်ရှိကြရာ ဂျပန်မှ JCB ကတ်၊ တရုတ်မှ CUP ကတ် စသည်ဖြင့် ထင်ရှားကြပါသည်။

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင်လည်း ကတ်များအသုံးပြုမှုနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ ၁၉၉၇ ခုနှစ်တွင် စတင်ပေါ်ထွန်းလာခဲ့ပြီးနောက် ၂ဝဝဝ ပြည့်နှစ်ခန့်တွင် အချို့ဘဏ်များက စတင်သုံးစွဲခဲ့ကြသော်လည်း ၂ဝဝ၃ ခုနှစ် မြန်မာ့ဘဏ်လုပ်ငန်း အကျပ်အတည်းနှင့်အတူ နိဂုံးချုပ်သွားခဲ့သည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရပါသည်။

သို့ဖြစ်၍ ကတ်သုံးစွဲမှုတွင် မြန်မာတို့ ခေတ်နောက်ကျကျန်ခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ ခေတ်နောက်ကျ

ကျန်ခဲ့ခြင်းကို ခေတ်နှင့်အမီ လိုက်ပါနိုင်စေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းကြီးက Myanmar Payment Union(MPU) ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါသည်။MPU စီမံခန့်ခွဲမှုကော်မတီကို ၁၅-၉-၂ဝ၁၁ ရက်တွင် 
စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်ဘဏ် ၁၆ ဘဏ်ရှိကြောင်း သိရပါသည်။ MPU ဖွဲ့စည်းရသည့်ရည်ရွယ်ချက်များမှာ ငွေသားဖြင့်ပေးချေရမှုများကို လျော့နည်းစေရန်၊ အလတ်စားနှင့် အသေးစား ပေးချေရမှုများအတွက် နိုင်ငံတကာငွေပေးချေမှုစနစ်များနှင့်အညီ ကျင့်သုံးနိုင်စေရန်နှင့် တစ်နိုင်ငံလုံးအတွက် တစ်ပြေးညီ စံသတ်မှတ်ချက်ဖြင့် အီလက်ထရွန်နစ်ကတ်များ အသုံးပြုနိုင်စေရန်တို့အတွက် ဖြစ်ပါသည်။

MPU ကို စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ အဖွဲ့ဝင်ဘဏ်များမှ တာဝန်ရှိသူများသည် အကြိမ်ကြိမ်တွေ့ဆုံ၍ MPU ကတ်များ ထုတ်ဝေသုံးစွဲနိုင်ရန် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး

ညှိနှိုင်းခဲ့ကြပါသည်။ ဆွေးနွေးညှိနှိုင်းရရှိသည့် လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာသို့ တင်ပြ ခွင့်ပြုချက်ရယူခဲ့ကြပါသည်။အဆိုပါ လုပ်ငန်းစဉ်များကို အကျဉ်းချုပ် ဖော်ပြရသော်-

(၁) Debit ကတ်များနှင့် ATM ကတ်များကိုသာ စတင်ထုတ်ဝေရန်
(၂) အဖွဲ့ဝင်ဘဏ်တစ်ခုခုက ထုတ်ဝေသောကတ်သည် ကျန်အဖွဲ့ဝင်ဘဏ် အားလုံးက ထုတ်ဝေသော ကတ်များကဲ့သို့ ကြိုက်နှစ်သက်ရာ ATM စက်များ POS Terminal များတွင် သုံးစွဲနိုင်စေရန်
(၃) နိုင်ငံတကာသုံးကတ်များကို ပြည်တွင်းတွင် သုံးစွဲနိုင်ရေး MPU မှ တာဝန်ခံ၍ လက်ခံဆောင်ရွက်ပေးရန်
(၄) MPU ကတ်များကို ပြည်ပတွင်ပါ သုံးစွဲစေနိုင်ရေး ကြိုးပမ်းရန်
(၅) ကတ်သုံးစွဲမှု စနစ်တကျဖွံ့ဖြိုးတိုးတက်လာသည့်အခါ Credit ကတ်များ အပါအဝင် ခေတ်မီအီလက်ထရွန်နစ်နည်းပညာသုံးကတ်များ၊ ကတ်အသုံးပြုရန်မလိုသော အင်တာနက်ကွန်ရက်၊ မိုဘိုင်းကွန်ရက်သုံးပေးချေမှု စနစ်များကိုပါ တိုးချဲ့ဆောင်ရွက်ရန်
(၆) ကတ်ထုတ်ဝေသူနှင့် ကတ်သုံးစွဲသူတို့အကြား လုံခြုံစိတ်ချရမှု အဆင်ပြေချောမွေ့သော ဝန်ဆောင်မှု၊ ဆုံးရှုံးမှုအန္တရာယ်ကင်းရှင်းမှုများကို ဖော်ဆောင်ပေးရန်
(၇) လိုအပ်သော စည်းမျဉ်း၊ စည်းကမ်းမူဘောင်များ (Regulatory Framework) အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

ငွေသားကိုသာ ကိုင်တွယ်သုံးစွဲပေးချေနေကြရာမှ ငွေသားကဲ့သို့ တန်ဖိုးရှိသောကတ်များဖြင့် စက်ကိရိယာနှင့် ဆက်သွယ်မှုကွန်ရက်ကိုအသုံးပြု၍ထုတ်ဝေသည့်ဘဏ်၊ အဖွဲ့အစည်း၊ သုံးစွဲသည့် ပြည်သူလူထု၊ လက်ခံသည့် ကုမ္ပဏီ၊ ဆိုင်၊ အဖွဲ့အစည်းတို့အကြား အပြန်အလှန်ယုံကြည်စိတ်ချစွာဖြင့် သုံးစွဲနိုင်ကြသည့်စနစ်ကို ဖော်ဆောင်ရခြင်းဖြစ်သဖြင့် လွယ်ကူသော လုပ်ငန်းစဉ်တစ်ခုတော့မဟုတ်ပေ။သို့ရာတွင် တွေ့ရှိလာရသည့် အခက်အခဲများကို MPU 

သည် စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်ခဲ့ပေသည်။

ပထမဦးစွာတွေ့ရသည့် အခက်အခဲကား အရင်းအနှီးကြီးမားခြင်းပေတည်း။
ဤအခက်အခဲကို အဖွဲ့ဝင်ဘဏ်များက အချိုးညီထည့်ဝင်ကြခြင်းဖြင့် ကျော်လွှားခဲ့ကြပါသည်။ အထက်ဌာနကလည်း ခွင့်ပြုပေးခဲ့သည်။ ပထမအကြိမ် ထည့်ဝင်ထားမှုနှင့် မလုံလောက်က ဒုတိယအကြိမ် ထပ်ထည့်ကြသည်။ မလုံလောက်သေးက တတိယအကြိမ်၊ စတုတ္ထအကြိမ် စသည်ဖြင့် ထပ်မံထည့်ဝင်ရန်လည်း နောက်မတွန့်ကြပေ။


ကြီးမားသော နိုင်ငံလုံးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခုဖြစ်သဖြင့် ပထမဦးစွာ ရင်းနှီးမြှုပ်နှံထားရမည်သာဖြစ်ပြီး အကျိုးအမြတ်ရရှိလာသည့်အခါ အဖွဲ့ဝင်ဘဏ်များက အညီအမျှခွဲဝေရရှိကြမည့်ပုံစံဖြစ်ပါသည်။ စုပေါင်းဆောင်ရွက်ပြီး စုပေါင်းခံစားသည့်စနစ်ဖြစ်သဖြင့် ဂုဏ်ယူဖွယ်ရာလည်းဖြစ်ပါသည်။ ဤသည်ကို MPU နှင့် ပတ်သက်၍ လာရောက်လေ့လာစူးစမ်းကြသည့် နိုင်ငံခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများကလည်း အံ့သြချီးကျူးကြပြီး အချို့ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပင် ဤကဲ့သို့ National SWITCH ပုံစံဖြင့် မသွားနိုင်ကြောင်း၊ အဖွဲ့အစည်းအသီးသီးက ပုံစံအမျိုးမျိုးဖြင့် ထုတ်ဝေခဲ့ကြသဖြင့် ယခုမှ ပြန်လည်စုစည်းရသည်များလည်း ရှိကြောင်း၊အမျိုးမျိုး ပြန့်ကျဲကွဲပြားနေပါက

 စာရင်းရှင်းလင်းမှု ရှုပ်ထွေးခြင်း၊ အုပ်ချုပ်ကွပ်ကဲမှု ခက်ခဲခြင်းတို့ကို တွေ့ရကြောင်း စသည်တို့ကို သိရှိရပေသည်။

ထပ်မံ၍ တွေ့ရှိရသော အခက်အခဲများမှာလည်း များပြားလှပေသည်။National SWITCH 

အဖြစ် တည်ထောင်မည့် ရန်ကုန်မြို့ ဗဟိုဘဏ်တွင် ခေတ်မီ Data Center တည်ဆောက်ခြင်း၊ 
ဗဟိုဘဏ်နှင့် အဖွဲ့ဝင်ဘဏ်များအကြား ဆက်သွယ်မှုကွန်ရက်များ တည်ဆောက်ရခြင်း၊
လိုအပ်သော Hard Ware များ ပြည်ပမှ မှာယူရခြင်း၊ အဖွဲ့ဝင်ဘဏ်များတွင် Own Switch များ တည်ဆောက်ရခြင်း၊ ATM စက်များ၊ POS များ မှာယူရခြင်း၊ Merchant များဖြစ်သော ဟိုတယ်၊ စတိုးဆိုင်၊ ကုမ္ပဏီ၊ စားသောက်ဆိုင် စသည်တို့နှင့် ညှိနှိုင်းရခြင်း စသည် စသည်ဖြင့်
တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ဆောင်၍ မရနိုင်သော၊ စုပေါင်းအားဖြင့်သာ

 ဖြေရှင်းနိုင်မည်ဖြစ်သော အခက်အခဲများပင်တည်း။ ထိုသို့သော အခက်အခဲများကိုလည်း MPU က ကျော်လွှားခဲ့ပါသည်။

ယခုအခါ ဖွဲ့စည်းသည့်ကာလတစ်နှစ်မပြည့်မီအတွင်း MPU Debit ကတ်များကို စတင်သုံးစွဲ

နိုင်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ကြားသိရပေသည်။MPU Debit ကတ်များကို 
အနည်းဆုံး ၁ဝဝဝဝ ကျပ်မှ အများဆုံး သိန်း ၅ဝ အထိသတ်မှတ်၍သုံးစွဲမည်ဖြစ်ကြောင်း၊ 
ATM တွင် ငွေထုတ်ခြင်း၊ POSများ ရှိရာနေရာများတွင် လက်ကျန်ရှိသလောက် သုံးစွဲပေးချေနိုင်ခြင်းတို့ ဆောင်ရွက်နိုင်ပေတော့မည်။မြန်မာအမျိုးသား အမျိုးသမီးများ၏
 ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်များအတွင်း ပိုက်ဆံအစား သေသပ်လှပသော ကတ်ပြားလေးများ နေရာယူလာတော့မည်ဖြစ်ပေသည်။ ဖြစ်သင့်သည်မှာ ကြာပြီဟုတော့
 တွေးစရာရှိပါသည်။ သို့ရာတွင်ယခုလည်း နောက်မကျသေးပါ။ တစ်ခါတစ်ရံတွင် နောက်ကျမှ လိုက်ရသူက ရှေ့လူထက် ပိုမိုသာလွန်အောင်၊ ပိုမိုစနစ်ကျအောင် လုပ်ဆောင်သွားနိုင်သည်များလည်း ရှိတတ်ပါသည်။ မြန်မာစကားပုံအတိုင်း အကြံတူနောက်လူသာစမြဲမဟုတ်ပါလား။

MPU သည် ၂ဝ၁၂ ဇူလိုင်လအတွင်ွးှနျအ ကတ်များဖြင့် စတင်စမ်းသပ်ဆောင်ရွက်၍ စမ်းသပ်မှုများ ချောမွေ့ပြည့်စုံသည့်အခါ အမှန်အသုံးပြုမည့် ကတ်များဖြင့် ခွင့်ပြုဆောင်ရွက်သွားမည်ဟု သိရသည်။စမ်းသပ်ကာလကိုလည်း ရက်သတ္တခြောက်ပတ်မျှသာ အချိန်ယူထားကြောင်း

 ကြားသိရပါသည်။ ကတ်သုံးစွဲလိုသူတို့အနေဖြင့် သက်ဆိုင်ရာဘဏ်များတွင် ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။ နှစ်သက်ရာဘဏ်မှ ကတ်ကို သုံးစွဲနိုင်ပေသည်။

ထို့ပြင် ဘဏ်မဟုတ်သော အဖွဲ့အစည်းများကလည်း ကတ်များထုတ်ဝေ၍သုံးစွဲနေကြခြင်းများလည်းရှိပေရာ ယင်းလုပ်ငန်းများသည်လည်း အမျိုးမျိုးသောငွေပေးချေမှုစနစ်များသာ ဖြစ်သဖြင့် MPU တွင် စနစ်တကျ မှတ်ပုံတင်စေပြီးမှသာ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့်ပြုသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရှိရပါသည်။

MPU သည် MPU ကတ်များကို မကြာမီ ပြည်သူ့ရှေ့မှောက်သို့ ရောက်ရှိလာအောင် ကြိုးပမ်းနေပါသည်။ MPU သည် နိုင်ငံတော်အတွင်း ငွေသားမကိုင်တွယ်ရသော ခေတ်မီပေးချေမှုစနစ်များ ဖွံ့ဖြိုးလာအောင် ဖော်ဆောင်နေပါသည်။ လက်တွေ့သုံးစွဲရာတွင် တွေ့ရှိရမည့် အခက်အခဲများအတွက်ကိုလည်း ပြည်သူလူထု ထံမှ အကြံဥာဏ်များရယူ၍ ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် အသင့်ပြင်ဆင်ထားရှိပါသည်။

သို့ဖြစ်၍ မကြာမီ ပြည်သူ့ရှေ့မှောက်အရောက်လာတော့မည့် MPU ကတ်များဟု ဆိုပါရစေလား။ ။
 

No comments:

Post a Comment